ပြည်တွင်းသို့ ဖြန့်ဖြူးရန် အတွက် တနှစ်လျှင် ဓာတ်ဆီ၊ ဒီဇယ်ဆီ မက်ထရစ်တန် ၇ သန်းမှ ၁၀ သန်းအထိ ထုတ်လုပ်မည့် ရေနံချက်စက်ရုံသစ်ကို ရန်ကုန်မြို့၊ သန်လျင်မြို့နယ်တွင် တည်ဆောက်ရန် စတင်ညှိနှိုင်းဆွေးနွေးနေကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန မှ သိရသည်။
“ ခေတ်နဲ့အမီထုတ်နိုင်ဖို့ဆိုရင် G to G စက်ရုံတည်ဆောက်မယ်ဆိုရင်တော့ မြန်မှာပေါ့နော်။ တင်ဒါခေါ်တာတို့ ဘာတို့က ကုမ္ပဏီမျိုးစုံလာနိုင်တယ်။ ဒါကြောင့် အစိုးရ အစိုးရချင်း စကားပြောပြီး ဆောက်ဖို့ ဆောင်ရွက်နေပါတယ်။ လောလောဆယ်တော့ ကျနော်တို့နဲ့ စကားပြောထားတဲ့ G to G လုပ်မယ့် ကုမ္ပဏီကို feasibility study (လုပ်ငန်းဖြစ်နိုင်မှု)အတွက် လေ့လာခွင့် ပေးထားပါတယ်။ ကျနော်တို့က သန်လျင် ရေနံချက်စက်ရုံကို တန်ချိန် ၁၀ သန်းကျတဲ့ စက်ရုံတည်ဆောက်ဖို့ ရည်မှန်းထားပါတယ်” ဟု မြန်မာ့ရေနံနှင့် ဓာတုဗေဒလုပ်ငန်းမှ ဦးဆောင်ညွန်ကြားရေးမှူး ဦးအောင်မြင့်က ပြောသည်။
အဆိုပါ ရေနံချက်စက်ရုံသစ်ကို ရန်ကုန်တိုင်းဒေသကြီးရှိ သန်လျင် ရေနံချက်စက်ရုံနေရာတွင် Government to Government အစိုးရချင်း ချိတ်ဆက်စနစ်ဖြင့် တည်ဆောက်သွားမည်ဖြစ်ပြီး စီမံကိန်းကာလ ငါးနှစ်၊ ရင်းနှီးမြုပ်နှံမှုတန်ဖိုးမှာ ကန်ဒေါ်လာ ၉ ဘီလီယံခန့် ရှိမည်ဟု
ခန့်မှန်းထားသည်။
စက်ရုံစီမံကိန်းအတွက် လက်ရှိတွင် အာရှနိုင်ငံများထဲမှ နိုင်ငံတခုနှင့် ဆွေးနွေးနေကြောင်း၊ ယင်းနိုင်ငံနှင့် အဆင်မပြေပါက မြန်မာနိုင်ငံ၏ တည်ငြိမ်ရေးကို အထောက်အကူပြုမည့် နိုင်ငံတခုကို ထပ်မံရွေးချယ်ဆောင်ရွက်မည်ဟု သိရသည်။
ရေရှည်တွင် လောင်စာဆီဈေးနှုန်းကြီးမြင့်ခြင်းကို ထိန်းညှိနိုင်ရန်နှင့် ပြည်တွင်းလိုအပ်ချက်ကို ဖြည့်ဆည်းရန်အတွက် စက်ရုံတည်ဆောက်ရန် စီစဉ်ခြင်းဖြစ်သည်ဟု သိရပြီး “အခုလောလောဆယ် စကားပြောနေတာက တရုတ်မဟုတ်ပါဘူး။ တခြားနိုင်ငံပါ” ဟု ဦးအောင်မြင့်က ပြောသည်။
ယင်းစီမံကိန်းတွင် စက်ရုံနှင့် မိုင် ၄၀ ခန့်အကွာ၌ တန်ချိန်သောင်းချီသည့် ရေနံတင်သဘောၤကြီးများဝင်ထွက်နိုင်ရန် ဆိပ်ကမ်းတခုကို တည်ဆောက်ပြီး စက်ရုံသို့ ရေနံပိုက်လိုင်းသွယ်တန်းမည်ဖြစ်ကြောင်း၊
စက်ရုံမှ ထွက်ရှိသော ဆီများကို ပြည်တွင်းဆီဈေးမြင့်လာပါက ထုတ်ရောင်းခြင်း၊ ဈေးကျဆင်းချိန်တွင် အရန်ဆီ အဖြစ် သိမ်းဆည်းခြင်း စသည်ဖြင့် ဈေးကွက်အခြေအနေအပေါ်မူတည်က လိုအပ်သလို ဆောင်ရွက်ရန် ရည်ရွယ်ထားကြောင်း သိရသည်။
မင်္ဂလာဒုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက အစိုးရအနေဖြင့် ဓာတ်ဆီကို ကိုယ်တိုင်ချက်လုပ်ပြီး ရောင်းစရာမလိုဘဲ အခြားသော နည်းလမ်းများဖြင့် လောင်စာဆီဈေးနှုန်းကို ထိန်းကျောင်းသင့်ကြောင်း၊ ပြည်တွင်းမှ သဘာဝဓာတ်ငွေ့ကို နိုင်ငံခြားသို့ ရောင်းချနေမှု ကို လျှော့ချကာ ပြည်တွင်းသုံးစွဲမှု တွင်ကျယ်အောင် ဆောင်ရွက်သင့်ကြောင်း ဝေဖန်ပြောကြားသည်။
“ နိုင်ငံတကာမှာ ကုမ္ပဏီတွေက အရောင်းအဝယ်လုပ်နေကြတာပဲ၊ လမ်းကြောင်းအရှည်ကြီးနဲ့ အစိုးရချက်တဲ့ဆီကို စောင့်ပြီး ပြည်သူတွေက ကားမောင်းရမလို လုပ်လို့မရဘူးလေ။ ဓာတ်ဆီဈေးက နိုင်ငံတကာဈေးနဲ့အညီ ရောင်းမယ်ဝယ်မယ်။ တခုပဲ ရောင်းဝယ်ခွင့်လိုင်စင်ကို လူတစုကိုပဲ ထုတ်မပေးနဲ့။ များများ ထုတ်ပေး။ အဲဒါဆို ပြည်သူက နိုင်ငံတကာဈေးနဲ့ ဝယ်သုံးရမှာပဲ” ဟု ဦးအောင်လှိုင်ဝင်းက ပြောသည်။
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ရေနံနှင့် ဓာတုဗေဒလုပ်ငန်းအနေဖြင့် မြန်မာပြည်အထက်ပိုင်းသို့ လောင်စာဆီထောက်ပံ့နိုင်ရန်အတွက် မန်းသံပုရာကန် ရေနံချက်စက်ရုံတွင်လည်း အလားတူစီမံကိန်း တည်ဆောက်ရန် ရည်မှန်းထားကြောင်းလည်း သိရသည်။
မြန်မာနိုင်ငံတွင် ဓာတ်ဆီ၊ ဒီဇယ်ဆီ လေယာဉ်ဆီစသည့် လောင်စာဆီကို တနှစ်လျှင် ပျှမ်းမျှ မက်ထရစ်တန် ၅ သန်းခန့် အသုံးပြုလျှက်ရှိသည်။ ပြည်တွင်း၌ ဓာတ်ဆီ ထုတ်လုပ်ရာတွင်လည်း လိုအပ်ချက်၏ ၅ ရာခိုင်နှုန်းနှင့် ဒီဇယ်ဆီကို ၇ ရာခိုင်နှုန်းခန့်သာ ထုတ်လုပ်နိုင်၍ ရာခိုင်နှုန်း ၉၀ ကျော်ကို ပြည်ပမှ တင်သွင်းနေရကြောင်း သိရသည်။