ပြီးခဲ့တဲ့ CES 2018 ပြပွဲတုန်းက ပွဲလာပရိတ်သတ်တွေရဲ့ အာရုံကို ဖမ်းစားနိုင်ခဲ့တဲ့ ကုမ္ပဏီတွေထဲမှာ Wireless Mobi Solution ဆိုတဲ့ ကုမ္ပဏီလည်း အပါအဝင်ဖြစ်ပါတယ်။
Wireless Mobi Solution က မိတ်ဆက်ပြသခဲ့တဲ့ “Moviphone” ဟာ အပေါ်ယံကြည့်မယ်ဆိုရင် စွမ်းဆောင်ရည် အလယ်အလတ်တန်းစား Mid-range Android ဖုန်းတလုံးပုံစံပဲ ဖြစ်ပြီး၊ သိပ်ရင်ခုန်စရာ မရှိပါဘူး။ ဒါပေမယ့် ဒီဖုန်းရဲ့ အဓိကထူးခြားချက် တခုကတော့ ဖုန်းထဲမှာတင် Laser Project တပါတည်း ပါဝင်လာတာပါ။
Moviphone မှာပါဝင်တဲ့ Laser Projector ဟာ အလင်းအား 50-lumen ရှိပြီး၊ Motorola ရဲ့Moto Z စီးရီး စမတ်ဖုန်းတွေမှာ တပ်သုံးရတဲ့ Projector Moto Mod နဲ့ Brightness အတူတူပဲ ဖြစ်ပါတယ်။ ဒါပေမယ့် မတူတဲ့တချက်က Moto Mod လိုမျိုး Projector အစိတ်အပိုင်းကို ဖုန်းကိုယ်ထည်မှာ သပ်သပ် ထပ်တပ်စရာ မလိုဘဲ၊ Moviphone ကိုယ်ထည်ထဲမှာတင် Laser Projector ပါဝင်လာတာ ဖြစ်ပါတယ်။
အထဲမှာ Laser Projector ပါဝင်တယ်ဆိုပေမယ့် ဖုန်းကိုယ်ထည်က သိသိသာသာ ထူနေတာမျိုး မရှိဘဲ၊ သေချာကြည့်ရင်တောင် Projector ပါလို့ ပါမှန်း မသိသာပါဘူး။
Moviphone ရဲ့ Laser Projector ဟာ အရွယ်အစား လက်မ ၁၀၀ အထိရှိတဲ့ ပုံရိပ်တွေကို contrast ratio 80,000:1 နဲ့ 720p (HD) Resolution အထိ ထိုးပြပေးနိုင်ပါတယ်။ ရုပ်ရှင် ဒါမှမဟုတ် ဂိမ်းဖြစ်ဖြစ်၊ App ပဲဖြစ်ဖြစ် ဖုန်း စခရင်မှာပေါ်နေတဲ့ အရာအကုန်လုံးကို ထိုးပြနိုင်မှာ ဖြစ်တာကြောင့် မိမိစိတ်ကြိုက် အသုံးပြုနိုင်မှာဖြစ်ပါတယ်။
Moviphone ရဲ့ တခြား Specifications အပြည့်အစုံကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
• 5.5-inch, 1,920×1,080-pixel OLED display
• Android Nougat 7.0
• 1.5GHz octacore MediaTek processor
• 128GB of storage
• 4GB of RAM
• 16-megapixel rear camera
• 8-megapixel front-facing camera
• 4,000mAh battery
• USB-C
• Fingerprint reader
• NFC – Android Pay
• Headphone jack
Moviphone ကို ယနေ့ကစတင်ကာ ကုမ္ပဏီ Website (https://moviphones.com/pages/moviphone) ကနေ ဝယ်ယူနိုင်ပြီဖြစ်ပြီး၊ ၅၉၉ ဒေါ်လာအထိ ပေးရမှာဖြစ်ပါတယ်။ Mid-range ဖုန်းအနေနဲ့ဆို ဈေးအနည်းငယ်များပေမယ့်၊ ကိုယ်နဲ့မကွာ သယ်သွားလို့ ရမယ့် Laser Projector တလုံးလိုချင်သူတွေတော့ အကြိုက်တွေ့မှာပါ။
လောလောဆယ် အရောင် ၁ မျိုးပဲ မှာယူလို့ရဦးမှာဖြစ်ပြီး၊ ကမ္ဘာအနှံ့ တင်ပို့ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။
စမတ်ဖုန်းမှာ Projector ထည့်ဖို့ စိတ်ကူးဟာ ဒါပထမဆုံးတော့မဟုတ်ပါဘူး။ Samsung ဟာ လွန်ခဲ့တဲ့ ၂၀၁၂ ခုနှစ်ကတည်းက Projector တခါတည်းပါတဲ့ Galaxy Beam အမည်ရ စမတ်ဖုန်းကို ထုတ်လုပ်ခဲ့ဖူးပါတယ်။
Ref: Android Authority, Android Central