Samsung Mobile ဟာ ပြီးခဲ့တဲ့အင်္ဂါနေ့တုန်းက Galaxy J စီးရီးဖုန်းအသစ် ၂ မျိုးကို စတင်မိတ်ဆက်လိုက်ပါတယ်။
Galaxy J4+ နဲ့ Galaxy J6+ လို့ နာမည်ပေးထားတဲ့ ဖုန်းနှစ်မျိုးလုံးဟာ Samsung ဖုန်းတွေထဲမှာ ဘေးဘက် လက်ဗွေရာဆန်ဆာ (Side Fingerprint Scanner) ပါဝင်တဲ့ ပထမဆုံးဖုန်းတွေလည်း ဖြစ်ပါတယ်။
ဖုန်းမော်ဒယ်နှစ်မျိုးလုံးမှာ ၆ လက်မအရွယ် HD+ Infinity Display တွေကို အသုံးပြုထားပြီး၊ 3,300mAh ဘက်ထရီ၊ Android 8.1 Oreo စနစ် ကိုယ်စီနဲ့ ဖြစ်ပါတယ်။ ကွာခြားချက်ကတော့ J6+ က ကျောကင်မရာနှစ်လုံးနဲ့ ဖြစ်ပြီး၊ J4+ ကတော့ ကျောကင်မရာတလုံးတည်းနဲ့ ဖြစ်ပါတယ်။ ဖုန်းတွေမှာ အသုံးပြုထားတဲ့ Chipset မော်ဒယ်အတိအကျကိုတော့ မပြောထားဘဲ Quad Core Processor ဖြစ်တယ်လို့ပဲ ဆိုထားတာကြောင့်၊ Samsung ရဲ့ Exynos 7570 Quad Chipset ဖြစ်နိုင်ပါတယ်။
Galaxy J6+ ကိုတော့ 3/4GB RAM နဲ့ 32/64GB Storage မော်ဒယ်တွေ ထုတ်သွားမှာဖြစ်ပြီး၊ Galaxy J4+ ကိုတော့ 2/3GB RAM နဲ့ 16/32GB Storage ဆိုပြီး ထုတ်သွားမှာပါ။
Galaxy J6+ မှာ 13MP+5MP ကျောကင်မရာနှစ်လုံးကို အသုံးပြုထားပြီး၊ 8MP Selfie ကင်မရာနဲ့ ဖြစ်ပါတယ်။ J4+ ကတော့ 13MP ကင်မရာတလုံးတည်းဖြစ်ပြီး၊ ရှေ့ကင်မရာကတော့ 5MP ဖြစ်သွားပါတယ်။
မျက်နှာပြင်ပြည့် Infinity Displayနဲ့ ဖြစ်တာကြောင့် လက်ဗွေရာဆန်ဆာကို Galaxy J6+ ဖုန်းရဲ့ ပါဝါခလုတ်မှာ ပူးတွဲထည့်သွင်းထားပြီး၊ J4+ ကတော့ ရောင်းချမယ့်နိုင်ငံဈေးကွက်အလိုက် Side Fingerprint Scanner ပါ၊ မပါ ကွဲသွားမှာပါ။ မြောက်အမေရိကမှာ ရောင်းချမယ့်အလုံးတွေမှာတော့ ကျိန်းသေပါဝင်မယ်လို့ သိရပါတယ်။
Samsung Galaxy J6+ ကို အနက်၊ မီးခိုးနဲ့ အနီရောင် သုံးမျိုး ရွေးချယ်ဝယ်ယူနိုင်မှာဖြစ်ကာ၊ Galaxy J4+ ကိုတော့ အနက်၊ ရွှေရောင်နဲ့ ပန်းရောင်ဆိုပြီး ကာလာသုံးမျိုး ရွေးချယ်နိုင်မှာဖြစ်ပါတယ်။ ဈေးနှုန်းကိုတော့ တရားဝင် မထုတ်ပြန် ရသေးဘဲ၊ မော်ဒယ်နှစ်ခုစလုံး မြန်မာကျပ်ငွေ ၂ သိန်းကနေ ၄ သိန်းကြားမှာ ရှိနိုင်တယ်လို့ ခန့်မှန်းရပါတယ်။
Ref: Gadgets NDTV, GSM Arena