စမတ်ဖုန်းဈေးကွက်မှာ ဦးဆောင်ကုမ္ပဏီတခုဖြစ်တဲ့ OPPO က Flagship ဖုန်းမော်ဒယ်သစ် “Reno Ace” ကို တရုတ်နိုင်ငံမှာ ယနေ့ မိတ်ဆက်ပေးလိုက်ပြီ ဖြစ်ပါတယ်။
OPPO Reno စီးရီးရဲ့ မျိုးဆက်သစ် မော်ဒယ်ဖြစ်ကာ၊ လက်ရှိ ထုတ်ထားသမျှ Reno ဖုန်းတွေထဲမှာ စွမ်းဆောင်ရည် အမြင့်ဆုံးမော်ဒယ်လည်း ဖြစ်ပါတယ်။ အခြား Flagship ဖုန်းတွေနဲ့ ရင်ဘောင်တန်းနိုင်တဲ့ ဖုန်းတလုံးဖြစ်ပေမယ့် ပြိုင်ဘက်တွေထက် ပိုမို သက်သာတဲ့ ဈေးနှုန်းနဲ့ ရောင်းချပေးသွားမှာပါ။
OPPO Reno Ace စမတ်ဖုန်းမှာ အဓိကဆွဲဆောင်မှုကတော့ ကြီးမားတဲ့ ၆ ဒဿမ ၅ လက်မအရွယ် FHD+ AMOLED မျက်နှာပြင် ဖြစ်ပါတယ်။ ပုံရိပ်ဖော်ပြမှုနှုန်း 90Hz Refresh Rate အထိ ရှိတာကြောင့် မြင်မြင်သမျှ ချောမွေ့မြန်ဆန်နေမှာပါ။ OPPO ဟာ ယခု Reno Ace စမတ်ဖုန်းကို Gaming အသားပေးဖုန်းတလုံး အဖြစ် ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။
Gaming ဖုန်း ဖြစ်တာနဲ့အညီ အမြင့်ဆုံးစွမ်းဆောင်ရည်ကို ပေးစွမ်းနိုင်ဖို့အတွက် Reno Ace မှာ နောက်ဆုံးပေါ် Qualcomm Snapdragon 855+ Chipset ကို အသုံးပြုပေးထားပါတယ်။ အမြင့်ဆုံး 12GB RAM နဲ့ 256GB UFS 3.0 Storage အထိ ပါဝင်မှာပါ။
ဒါ့အပြင် စွမ်းဆောင်ရည်မြင့် ဖုန်းတွေမှာ အဓိက ကြုံတွေ့ရတတ်တဲ့ အပူလွန်ကဲမှု ပြဿနာကို ဖြေရှင်းနိုင်ဖို့အတွက် ဖုန်းကိုယ်ထည်တွင်းမှာ အပူစွန့်ထုတ် ပိုက်တချောင်း ထည့်သွင်းပေးထားပါတယ်။ ဖုန်းစွမ်းဆောင်ရည်ကို မြှင့်ပေးနိုင်တဲ့ Game Boost 2.0၊ Frame Boost 2.0 နဲ့ Touch Boost 2.0 စတဲ့ စနစ်တွေလည်း တပါတည်း ပါဝင်လာမှာ ဖြစ်ပါတယ်။
OPPO Reno Ace ရဲ့ နောက်ထပ် ဆွဲဆောင်မှုတခုကတော့ အားလုံးထက် ထူးခြားသာလွန်တဲ့ အားအမြန်သွင်းစနစ်သစ် ပါဝင်လာတာ ဖြစ်ပါတယ်။ 65W SuperVOOC နည်းပညာသစ်က 4,000mAh ဘက်ထရီကို နာရီဝက်အတွင်း အားအပြည့်သွင်းပေးနိုင်ပါတယ်။ ၅ မိနစ် သွင်းရုံနဲ့ ၂ နာရီလောက် ဖုန်းအသုံးပြုနိုင်တယ်လို့ ကုမ္ပဏီက ပြောကြားထားပါတယ်။
အရည်အသွေးမြင့် ဓာတ်ပုံတွေ ရိုက်ကူးနိုင်ဖို့အတွက်လည်း Reno Ace စမတ်ဖုန်းမှာ စုစုပေါင်း ကျောကင်မရာ ၄ လုံးအထိ ထည့်သွင်းပေးထားပါတယ်။ 48MP Sony IMX586 ဆန်ဆာ၊ 5x Hybrid Zoom ဆွဲနိုင်တဲ့ 13MP Telephoto Lens၊ 8MP မြင်ကွင်းကျယ် Lens နဲ့ 2MP Macro Lens လေးလုံးတွဲ ဖြစ်ပါတယ်။ ရှေ့ဘက်မျက်နှာပြင် Notch အတွင်းမှာတော့ Selfie တွေ ရိုက်ကူးဖို့အတွက် 16MP ဆန်ဆာ ၁ လုံး ပါဝင်မှာ ဖြစ်ပါတယ်။
အနိမ့်ဆုံး 8GB RAM နဲ့ 128GB Storage ပါဝင်တဲ့ OPPO Reno Ace စမတ်ဖုန်းကို တရုတ်နိုင်ငံမှာ တန်ဖိုး ၂,၉၉၉ ယွမ် (၄၂၀ ဒေါ်လာ) နဲ့ ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။ အမြင့်ဆုံး 12GB RAM နဲ့ 256GB Storage ပါတဲ့မော်ဒယ်ကိုမှ ၃,၇၉၉ ယွမ် (၅၂၀ ဒေါ်လာ) လောက်ပဲ ကျသင့်မှာပါ။
Ref: Gizmochina, GSM Arena
You may also like these stories:
မျက်နှာပြင်အောက် ရှေ့ကင်မရာစနစ်ကို OPPO နဲ့ Xiaomi တို့ ပြသ
LG W Series အသစ် စမတ်ဖုန်း ၃ မျိုး အိန္ဒိယနိုင်ငံမှာ တရားဝင် မိတ်ဆက်
64MP ကင်မရာ ပါဝင်တဲ့ Realme XT စမတ်ဖုန်းကို အိန္ဒိယမှာ မိတ်ဆက်
OPPO ကလည်း ကိုယ်ပိုင် ခေါက်ချိုးဖုန်း တလုံးကို ပြသ