(က)
လွန်ခဲ့သည့် နှစ် လေးဆယ်ခန့်က ကျောင်းဆရာဘဝကို ကျနော် ရူးသွပ်ခဲ့ဖူးသည်။ ထိုစဉ်က ကျနော်က အသက် ၂၀ အရွယ်။ စစ်တောင်းမြစ်နှင့်ဖြူးချောင်းဆုံ ရေအေးရွာကလေးတွင် ရွာငှားကျောင်းဆရာ လုပ်သည်။ ဘုန်းတော်ကြီးကျောင်းမှာပင် နေသည်။ အိပ်သည်။ ကျောင်းတွင် ကျနော်နှင့်အတူ အိပ်သည့် ကျောင်းသားငယ်များနှင့် ကျနော် သီချင်းအတူတူဆို ကဗျာအတူတူ ရွတ်ဆိုတာမျိုးတွေ ရှိခဲ့သည်။ ကျနော်က မနက်ဖြန် သင်ကြားရမည့် စာတချို့ကို ကဗျာလေးတွေစပ်ပြီး ကျောင်းသားတွေ ရွတ်ဆိုမှတ်သားခြင်းဖြင့် စာသင်ကြားမှုကို တစုံတရာ အထောက်အကူပြုသည်ဟု ယုံသည်။ ထို့ကြောင့် တခါတရံ ညအတူအိပ်သည့် ကျောင်းသားများကို ညပိုင်းထမင်းစားပြီးသည့်အခါ ကဗျာရွတ်ဆို လေ့ကျက်စေသည်။
ဘုန်းတော်ကြီးကျောင်းဝန်းအပြင်ဘက် ညောင်ပင်ကြီးအောက်တွင် တစ်ယောက်တလှည့် ကဗျာတွေ ရွတ်ကြသည်။ ထိန်ထိန်သာနေတဲ့ လရောင်အောက် ကျနော်တို့ရဲ့ ကဗျာရွတ်ဆိုသံက လယ်ကွင်းတချို့ကို ဖြတ်သွားသည်။ ရေအေးရွာကလေးဆီ ပျံ့သွားသည်။ ရွာထဲက ကလေးတချို့ ပြေးထွက်လာကြ၏။ ကျနော်တို့ ကဗျာရွတ်အဖွဲ့နှင့် အလျင်အမြန် ပါဝင်ပူးပေါင်းလိုက်ကြသည်။ တခါတရံ ကျနော်တို့ရဲ့ ကဗျာရွတ်ပွဲ တချို့ဆိုလျင် ည ၁၂ နာရီထိုးမှ ဇွတ်အတင်း ရပ်ပစ်လိုက်ကြရသည်။ မေ့လို့မရနိုင်တဲ့ ငယ်စဉ်ကာလ ကျောင်းဆရာဘဝ ရူးသွပ်မှုများ။
စာသင်ကြားမှု အထောက်အကူပြု ကဗျာလေးများ စပ်သည့်အခါ ဒေါက်တာမောင်ဖြူး(ဒေါက်တာဂွမ်လျောင်)ကို ဦးစွာပထမ ကျနော် သတိရသည်။ တခါတရံတော့လည်း ဘုရင့်သားတော်သမီးတော်များအတွက် ဖွဲ့ဆိုခဲ့သည့်ဆိုသော ဧချင်းများကိုလည်း သတိရသည်။ ဆရာကြီးမင်းသုဝဏ်ကိုတော့ သတိအရဆုံး ဖြစ်နေသည်။
ကျနော့်ဘဝအတွေ့အကြုံတချို့က ကလေးကဗျာများနှင့် လုံးလုံးထွေးထွေး ရှိနေခဲ့ဖူးသည်ပဲ။ ကလေးကဗျာများထဲက ကမ္ဘာဖျက် ငှက်ကြီးတစ်ကောင်ကို သတ်ဖြတ် အနိုင်ယူလိုက်သည့် သူရဲကောင်း ကလေးငယ်တစ်ယောက်အဖြစ် ကျနော် သရုပ်ဆောင်ခဲ့သည်။ အောင်ပွဲခံ ညတစ်ညအကြောင်း ကလေးများနှင့်အတူ လက်ချင်းချိပ် ဝိုင်းပတ် သီဆို ကခုန်ခဲ့သည်။ လယ်စောင့်တဲလေး ခြေတံရှည်ကို ရွတ်ဆိုပြရင်း လယ်ကွက်တွေရဲ့ ဟိုမှာဘက်က လယ်တဲကလေးကို လက်ညှိုးညွှန်ပြခဲ့ဖူးသည်။ ကလေးများသည် ကဗျာရွတ်ဆိုနေစဉ်အတွင်း ဖြူစင်သည်ထက် ဖြူစင်သွားကြသည်။ ချစ်ခင်သည်ထက် ပိုပြီး ချစ်ခင်သွားကြသည်။ စည်းလုံးသည်ထက် ပိုပြီး စည်းလုံးသွားကြသည်။ တကယ့်ကို အံ့သြဆန်းသစ်လွန်းသည့် ကလေးကဗျာများ။
(ခ)
လွန်ခဲ့သော နှစ်ပေါင်း သုံးဆယ်ခန့်ကတည်းက ကွဲကွာနေခဲ့သည့် သူငယ်ချင်း ကဗျာဆရာတစ်ယောက်နှင့် သည်ရက်ပိုင်းအတွင်း မကြာခဏ ပြန်လည်ဆုံတွေ့ရသည်။ သူက ဘာသာပြန်ဆရာတဦးလည်း ဖြစ်သည်။ မနေ့ကတော့ ကျနော့်လက်ထဲ လက်ဆောင်စာအုပ်လေးတစ်အုပ် ထိုးပေးလိုက်သည်။ စာအုပ်နာမည်က ယူနီဆက် ကလေးကဗျာစာအုပ် တဲ့။ ကျနော် တချက် ငိုင်သွားသည်။ မမျှော်လင့်ပဲ ဒေါင့်ဖြတ်ဝင်ရောက်လာသည့် အသိစိတ်က ကျနော့်ကို တကယ့်ကို ငိုင်သွားစေသည်။ နှစ်ပေါင်းများစွာ ကလေးကဗျာများနှင့် ကင်းကွာခဲ့ရပြီး ညစ်သည်ထက် ညစ်ထေးလာနေသည့် ကျနော့် နှလုံးသားမှာ ဆေးကြိမ်လုံးနှင့်အတို့ခံလိုက်ရသလို ရုတ်တရက် ချက်ချင်း အားအင်များ တဖြန်းဖြန်း တိုးလာရသည်။ သူငယ်ချင်း ဘာသာပြန်ဆရာရဲ့မျက်နှာကို ကျနော် အကဲခတ်သည်။ သူသည်ကား ကျနော်တို့ငယ်စဉ်ကတည်းက ဖြူစင်သည့် နှလုံးသားပိုင်ရှင်။ ဖြူစင်သည့် မျက်နှာထားပိုင်ရှင်အဖြစ် ကျော်ကြားသူ။ သည်လိုပုဂ္ဂိုလ်မျိုးက ကလေးကဗျာလေးများကို ဘာသာပြန်ပြီး စာအုပ်ထုတ်သည်ဆိုတော့…။ ကျနော် အကျေနပ်ကြီး ကျေနပ်သွားရသည်။
စာအုပ်ရဲ့ နာမည် အပြည့်အစုံက ယူနီဆက်ဖ် ကလေးကဗျာ စာအုပ် ဖြစ်သည်။ မူရင်းစာအုပ်ပြုစုသူက Willian I.Kaufman ဖြစ်သည်။ နိုင်ငံပေါင်း ၄၂ နိုင်ငံကို ခရီးထွက်ခဲ့ပြီး အဲဒီ ၄၂ နိုင်ငံက ကလေးကဗျာ ၄၂ ပုဒ်ကို ပြုစု စုဆောင်း ဖော်ပြထားသည့် စာအုပ်ဖြစ်သည်။ ကျနော် စိတ်ဝင်စားသည့်အချက်က သူက အဲဒီ ၄၂ နိုင်ငံက ကလေးကဗျာများကို အင်္ဂလိပ်လို ဘာသာပြန်သည့်အခါ သက်ဆိုင်ရာ နိုင်ငံလူမျိုးရဲ့ မူူရင်းကဗျာပုံစံတွေ၊ ခံစားမှုတွေကို မပျောက်ပျက်ရအောင် ကြိုးစားထိန်းသိမ်းထားတဲ့အကြောင်း၊ မူရင်းကဗျာမှာ ကာရန်ပါရင်လည်း အဲဒီ ကာရန်ပုံစံကိုပါ အတတ်နိုင်ဆုံး မပျောက်ပျက်ရအောင် ထည့်သွင်းထားတဲ့အကြောင်း ရေးထားသည့်အတွက် ထိုအချက်ကို ကျနော် စိတ်ဝင်စားသည်။ ဘာသာပြန်ဆရာတယောက်ရဲ့ အထူးသဖြင့် ကဗျာဘာသာပြန်ဆရာတစ်ယောက်အတွက် ဘာသာပြန်ခြင်းဆိုင်ရာ သူ့ရဲ့အခြေခံ နှလုံးသားဓါတ်ခံကို ကျနော် သတိပြုမိလိုက်သည်။ပြီးတော့ သူက ကလေးကဗျာများကို ပေါ့ပေါ့ဆဆ သဘောထားပြီး ဘာသာပြန်ခဲ့ခြင်းမဟုတ်။ အဲဒီသက်ဆိုင်ရာ ကလေးကဗျာများဖြစ်ထွန်းရာ တိုင်းပြည်များမှ ယဉ်ကျေးမှုနှင့် သတင်းဌါနဝန်ကြီးများ၊ ယူနက်စကို ဝန်ထမ်းများ၊ ဘာသာရေးခေါင်းဆောင်များ၊ ကလေးသူငယ်များ၊ မိဘများ အစရှိသည့် ကလေးသူငယ်ကိစ္စနှင့် အကျွမ်းဝင်သူများနှင့် တွေ့ဆုံစကားပြောသည်။ ပြီးတော့မှ ကလေးကဗျာများကို အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုခဲ့ခြင်း ဖြစ်သည်။
မောင်ညီညွတ်ရဲ့ ယူနီဆက်ဖ် ကလေးကဗျာများ စာအုပ်တွင်မူ ဘာသာပြန်ဆိုသူ အနေနှင့် သက်ဆိုင်ရာ ကလေးကဗျာများရဲ့ နိုင်ငံအလိုက် ယဉ်ကျေးမှုနှင့် အခြားသိသင့်သိထိုက်သည့်အချက်များကို ကြိုတင်ထိတွေ့ပြီးမှ ဘာသာပြန်ဆိုနိုင်သည့် အခွင့်အရေး ရခဲ့လိမ့်မည်ဟူသည့်အချက်အပေါ်တွင် ကျနော် သံသယဖြစ်မိသည်။ ကျနော့်အထင် အဲသည်လို ကြိုတင်ပြင်ဆင် ဆောင်ရွက်နိုင်ခဲ့လိမ့်မည် မထင်ပါ။
မှားသည်ဖြစ်ပစေ မှန်သည်ဖြစ်ပစေ ငယ်စဉ်ကတည်းက ကလေးကဗျာဆိုလျင် အသံသာပြီး ရွတ်ဆိုရ လွယ်ကူချောမွေ့သည့် ကဗျာများနှင့်သာ ယဉ်ပါးခဲ့သူ မိမိအဖို့ မောင်ညီညွတ်၏ ယူနီဆက်ဖ်ကလေးကဗျာများ စာအုပ်ထဲက ကဗျာတချို့ကိုမူ မနှစ်သက်နိုင်ခဲ့ပါ။ သူ့ကဗျာတချို့သည် ရွတ်ဖတ်ရ လွယ်ကူခြင်း မရှိသည့်အတွက် ကလေးတွေ ရွတ်ဆိုရခက်သဖြင့် မှတ်သားရခက်ခဲမည်ဟု ကျနော် ထင်သည်။ ဥပမာ..စာမျက်နှာ၇၈၊ ပြောင်းခင်းထဲက မိန်းကလေးတွေ ကဗျာမျိုးဖြစ်သည်။ သို့သော် ကဗျာအများစုကမူ ကောင်းပါသည်။ ဖတ်လို့ ရွတ်ဆိုလို့လည်းကောင်း ကလေးများနှင့်လည်း အကြောင်းအရာအရ လိုက်ဖက်သည့် ကဗျာများလည်း ရှိပါသည်။ ဥပမာ…စာမျက်နှာ ၅၂၊ လမင်းကို ကြည့်စမ်းပါ ကဗျာမျိုး…။
လမင်းကိုကြည့်စမ်းပါ
လမင်းကို ကြည့်စမ်းပါ
တေး သီကြူးနေတာ။
နေမင်းကို ကြည့်လိုက်ကွဲ့
ကိတ်မုန့် တမြုံမြုံနဲ့။
သူတော်စင် မာရီကို ကြည့်ပါဦး
ကျွန်မကို ယုံကြည်လို့
သူမက ဘုရားသခင်နဲ့
လက်ကိုင်ပုဝါတွေ လျှော်နေသကွဲ့။
ရှောက်သီး ပေးပါ
သံပုရာသီး ပေးပါ
သင့်နှလုံးသား ပေးပါ
ကျွန်မကတော့ ကဗျာတစ်ပုဒ် ပေးမှာ။
ဗင်နီဇွဲလား
ကျနော်တို့သည် ကလေးစာပေ ကလေးကဗျာနှင့်ပတ်သက်ပြီး အဆိုအမိန့်တစ်ခု ကြားဖူးသည်။ ကလေးကဗျာများသည် အနာဂတ်ကို ခြေလက်အဂါၤ တပ်ပေးခြင်း ဖြစ်သည်ဟူ၏။ ကျနော်ကမူ သည့်ထက်ပိုသည့် အဓိပ္ပါယ်နှင့် ဖြည့်စွက်ပေးချင်သည်။ ကလေးကဗျာများသည်ကား အနာဂတ်ကို ခြေလက်အဂါၤအပြင် ဦးဏေုာက်အသစ်ကိုပါ တပ်ဆင်ပေးခြင်းဖြစ်သည်ဟု ဖြည့်စွက်ပေးချင်သည်။