Corona လို့ လူသိများပြီး Allion ကနေ ကနေ ပုံပြောင်း ရုပ်ထွက်နဲ့ စျေးကွက်ဝင်နေတဲ့ မော်ဒယ်ဖြစ်ပြီးတော့ ဇိမ်ခံ ပုံစံ ချိုးဆစ်ထားတာပါ။ ရုပ်ထွက်က တည်ငြိမ်တယ်၊ Sport ဆန်မှုထက် ဇိမ်ခံပုံစံ တည်ငြိမ်မှု ဦးစားပေးပြီး ပွဲထွက်လာတယ်။ အတွင်းခန်း အပြင်အဆင်မှာ ပုံမှန်ထက် မြှင့်ထားတယ်။
အင်ဂျင်စွမ်းဆောင်ရည်က ရုန်းအား ဦးစားပေးထားပြီး မြန်နှုန်းမြင့် ဆိုတာထက် ဖျော်ဖြေရေးစနစ်၊ လေအေးပေးစနစ်တွေ စိတ်ကြိုက်ဖွင့်နိုင်အောင် ဖန်တီးထားတယ်။ မော်ဒယ်က ဆီနည်းနည်းစားပေမယ့် ဇိမ်ခံအဖြစ် သုံးရလို့ ဝယ်လက်က စိတ်ကြိုက်ဖြစ်ခဲ့ကြပါတယ်။
ဒါပေမယ့် တခု ရှိတာက နောက်ပိုင်းနှစ်တွေမှာ Premio တွေ မလာတော့တာဘဲ ဖြစ်ပါတယ်။ အထူးသဖြင့် ဂျပန်စျေးကွက်မှာ အဆင့်မြင့်ဇိမ်ခံအဖြစ် သုံးနေပေမယ့် ပြည်တွင်း စျေးကွက်မှာတော့ ဒီမော်ဒယ်တွေက ၂၀၀၇ ခုနှစ် လောက်အထိပဲ အမြင့်ဆုံး စျေးကွက် တွေ့ရပါတော့တယ်။ စျေးကွက်မှာ လူကြိုက်များ Mark X လို မော်ဒယ်တောင်မှ ၂၀၀၄ ခုနှစ်ထုတ် ဖြစ်နေပေမယ့် စျေးနှုန်း သိန်း ၃၂၀ လောက်ပဲ ရှိချိန်မှာ အခု Premio ကတော့ စျေးမြင့် ကောင်းနေဆဲပါပဲ။
နောက်ပိုင်း Axio တွေ ဇိမ်ခံ အနေနဲ့ သုံးနိုင်အောင် ဝင်လာချိန်မှာတော့ Premio တွေ နေရာရမှု နည်းသွားတာ သိသာခဲ့ပါတယ်။ အရောင်အပိုင်းမှာလည်း Axio တွေ အဖြူနဲ့ အနက်တွေပဲ အဝင်များပေမယ့် Premio ကတော့ ၀ိုင်ရောင်နဲ့ ပုလဲဖြူရောင်၊ ခဲရောင်တွေပဲ အဝင်များနေခဲ့လို့ စျေးကွက်မှာ အကြိုက်နည်းစေခဲ့တာလည်း ပါပါတယ်။
ပုံပြောင်း မော်ဒယ် ဖြစ်လာတာနဲ့ အမျှ အင်ဂျင်စနစ်၊ ကိုယ်ထည်အထိုင်တွေက မူရင်း မော်ဒယ်ရဲ့ အထိုင်တွေ ဖြစ်နေပါတယ်၊ အထူးသဖြင့် Allion ရဲ့ အထိုင်တွေပါ၊ ဇိမ်ခံ အနေနဲ့ ထုတ်လုပ်ထားတဲ့ မော်ဒယ်ကို ဆီစားနှုန်း ချိုသာအောင် ၁.၈ လီတာသုံး အင်ဂျင်တွေ ထည့်လိုက်ပါတယ်။ ဒီတော့ ဇိမ်ခံ ဆီဒင်တစီးအတွက် ခရီးဝေးကို ဘယ်လို စိတ်ကြိုက်မောင်းနှင်နိုင်ပါမလဲ။ မဖြစ်တာလား ဆိုတော့ မဟုတ်ပါဘူး။ ၁.၃ လီတာသုံး မော်ဒယ်တွေဆိုရင်ပဲ ခရီးဝေး မောင်းနိုင်နေပြီ ဖြစ်ပေမယ့် အခုက ဇိမ်ခံ မော်ဒယ်ပါ။
ဆိုုလိုရင်းကတော့ ခရီးဝေးပဲ ဖြစ်ဖြစ် မြို့တွင်းပဲ ဖြစ်ဖြစ်၊ အကူစနစ်တွေ အားလုံး Active ဖြစ်နေရမယ်၊ လေအေးပေးစနစ် ဖွင့်ထားမယ်၊ ဖျော်ဖြေရေးစနစ်တွေ စိတ်ကြိုက်သုံးမယ့် မော်ဒယ်တခု အတွက်ကတော့ ၁.၈ လီတာသုံးက နည်းနည်း အရွယ်ငယ်ချင်သွားပါတယ်။
ရုပ်ထွက်ကတော့ Crownနဲ့ ဆင်တူပါတယ်၊ ရှေ့မီးကြီးတွေကြောင့် ပိုတည်ငြိမ်ပါတယ်။ ဒီမော်ဒယ်မှာ တခု အားသာချက် ရှိတာက မောင်းနှင်ပြီး ကီလို နည်းနည်းနဲ့ ရနိုင်မယ့် အချက်ပါပဲ။ ဇိမ်ခံ မော်ဒယ်ဖြစ်လို့ ဒီလောက်ကြီး ခိုင်းမထားကြပါဘူး။
Auto စနစ်သုံး၊ ညာမောင်း၊ Gasoline အင်ဂျင်နဲ့ Smart Key စနစ်ကို သုံးနိုင်မယ်၊ အတွင်းခန်းက သားရေ ဦးစားပေး ထိုင်ခုံဖြစ်ပြီး ဇိမ်ခံအဖြစ် အားလုံး ပြီးပြည့်စုံအောင် ပြင်ဆင်ထားမယ်၊ အသက်ကယ် လေအိတ်စနစ်က မော်ဒယ် နှစ်အပေါ် မူတည်ပြီး ၆ လုံးကနေ ၈ လုံးထိအောင် ပါရှိမယ်၊ Power Steering စနစ်က မြန်နှုန်းမြင့် မောင်းနှင်နေချိန်တွေမှာ တည်ငြိမ်မှုကို ပိုပြီး ပြနိုင်တယ်။ TV-DVD တွေက မပါမဖြစ်၊ Power Window တွေနဲ့ နောက်ကင်မရာ၊ လုံခြုံရေးအချက်ပြစနစ်၊ အားလုံး အပြည့်ပါပဲ။
ရန်ကုန်လိုင်စင် အနေနဲ့ နောက်ဆုံး နံပါတ်တွေကို ရနိုင်မှာပါ။ တခုက စျေးနှုန်းပါ၊ ခေါင်းစဉ်မှာ ပြောထားသလို နည်းနည်းတော့ ကျသင့်နေပြီပေါ့။ ဒါပေမယ့် Axio ၂၀၁၃ ခုနှစ်တွေ ပျမ်းမျှ သိန်း ၁၉၀ ဝန်းကျင် ခေါ်နေချိန်မှာ ၂၀၀၇ ခုနှစ်ထုတ် ပုလဲဖြူ Premio က သိန်း ၂၇၀ ခေါ်ပါတယ်၊ ၀ိုင်ရောင်နဲ့ ၂၀၁၀ ဆိုရင်တော့ ကီလို ၂ သောင်းလောက်နဲ့ကို သိန်း ၂၉၀ ခေါ်ပါတယ်။ ဇိမ်ခံ မော်ဒယ်ဖြစ်လို့ စျေးမာချင်ပေမယ့် ပြိုင်ဖက်များလာတဲ့ မော်ဒယ်ရဲ့ စျေးကွက် အနေအထားက အကျဘက်မှာ ရှိနေနိုင်ပါတယ်။