ပန်းချီဆရာ ငုအိမ်ထက်မြက်ရဲ့ လက်ဖြောင့်သေနတ်သမား (The Sniper) လို့ အမည်ပေးထားတဲ့ သူ့ရဲ့ ပထမဆုံး တကိုယ်တော် ပန်းချီပြပွဲကို ဇန်နဝါရီ ၁၂ ကနေ ၁၆ ရက်နေ့ အထိ ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာလမ်း ရှိ အလှသစ် အနုပညာ ပြခန်းမှာ ပြုလုပ်ပါတယ်။
ကဗျာဆရာ၊ စာနယ်ဇင်း သရုပ်ဖော် ပန်းချီဆရာ အဖြစ် နှစ်ပေါင်းများစွာ ဖြတ်သန်းခဲ့တဲ့ ငုအိမ်ထက်မြက်ဟာ အုပ်စု ပန်းချီပြပွဲ များစွာမှာ ပါဝင်ပြီး ပန်းချီကားများ၊ အင်စတော်လေးရှင်း လက်ရာများ အပြင် ပါဖောမင့် အနုပညာ တင်ဆက်မှု (Performance Art Event) တွေ ပြသ တင်ဆက်ခဲ့ပါတယ်။ သူဟာ လေးနက်တဲ့ အတွေးအမြင် ခံစားမှုတွေကို အခြေခံပြီး ပေါ့ပါးလတ်ဆတ်တဲ့ ဖန်တီးတင်ပြမှုနဲ့ တင်ပြတတ်တဲ့ အနုပညာရှင် တဦး ဖြစ်သလို ဆန်းသစ်ရှာဖွေရာမှာလည်း အမြဲ အဆင်သင့် ရှိနေတဲ့ အပြင် လေ့လာတဲ့ နေရာမှလည်း ဘယ်တော့မှ မရောင့်ရဲသူ ဖြစ်ပါတယ်။
“အခုတင်ပြတဲ့ လက်ဖြောင့်သေနတ်သမား စီးရီးမှာ ပန်းချီကား ၁၄ ကား ပါဝင်ပါတယ်။ ပန်းချီစီးရီး ရေးဖြစ်ဖို့ တချက်ပစ် ပွဲသိမ်း…၊ တချက်ပစ် အသက်တချောင်း ဆိုတဲ့ စစ်ပွဲတွေကနေ ကြားရတဲ့ စကားတွေ ကနေ Sniper အကြောင်း အတွေးစိတ်ကူး ဖြစ်လာပါတယ်။ အဲဒီ အတွေးစိတ်ကူးက ကျနော့်ရဲ့ သိမှု သွားကြားထဲ ညပ်နေတဲ့ အရိုးတစလို မကြာခဏ ထိရှခံစားရမိတယ်။ နောက် တခုပြီး တခု ဆက်စပ်နေတဲ့ အတွေးတွေ၊ ကွန်းဆက်တွေကို မြင်လာပြီး အခုလို စီးရီးတခု ဖန်တီးဖို့ ဖြစ်လာတာ” လို့ ပြောပြတယ်။
“တချက်ပစ် ပွဲသိမ်း…၊ တချက်ပစ် အသက်တချောင်း ဆိုတဲ့ စကားဟာ Sniper တယောက်အတွက် “ဆောင်ပုဒ်” လည်း ဖြစ်နိုင်သလို “ကျင့်ဝတ်” လည်း ဖြစ်နိုင်တယ်၊ “ဂုဏ်သိက္ခာ” လည်း ဖြစ်နိုင်ပါတယ်။ တဆက်တည်း ကိုယ့်ရဲ့ ပစ်မှတ်ကို မျက်ခြည်မပြတ် အကဲခတ်လေ့လာရင်း ကိုယ့်ကို ပစ်မှတ်ထား အချိန်မရွေး တိုက်ခိုက်လာနိုင်တဲ့ တန်ပြန် လျှို့ဝှက် ရန်သူကို အဆင်သင့် တုံ့ပြန်တိုက်ခိုက်ဖို့ အမြဲအသင့် ရှိနေတတ်သူပါ။ သူတို့ရဲ့ ဘဝက သီးခြား ဆိုပေမယ့် တကယ်တမ်းတော့ ကျနော်တို့ လူ့အဖွဲ့အစည်းထဲကက လူပဲ မဟုတ်လား။ ဒါကြောင့် ကျနော်တို့ အားလုံး ဖန်တီးသူ ကြည့်ရှုသူ တွေဟာ လက်ဖြောင့်သေနပ်သမား ဖြစ်နိုင်တယ် မဟုတ်လား။
၁၉၆၇ ခုနှစ်ဖွား ပုသိမ်ခရိုင် ကန်ကြီးထောင့်မြို့ ဇာတိသား ပန်းချီ ငုအိမ်ထက်မြက်ဟာ ၁၉၉၀ ကတည်းက ကဗျာရေးဖွဲ့ခဲ့တာ ဖြစ်ပြီး ပန်းချီကိုတော့ ၂၀၀၈ ခုနှစ်မှာ ရေးဆွဲလာတာ ဖြစ်ပါတယ်။ အနုပညာသင်ကျောင်း တက်ရောက်ခဲ့ဖူးခြင်း မရှိဘဲ ကိုယ်တိုင်လေ့လာ ဖန်တီးသူပါ။
သူ့ရဲ့ Artist’s Statement (အနုပညာရှင်းလင်းချက်) မှာလည်း “အချို့သော Sniper တွေကလည်း သူတို့ အောင်မြင်စွာ ရှာဖွေတွေ့ရှိ စာရင်းပိတ်နိုင်ခဲ့တဲ့ ပစ်မှတ်အသီးသီးကို ကျောခိုင်းပြီး သူတို့ရဲ့ နားခိုရာ ဝပ်ကျင်း အသီးသီးဆီကို ပုံစံ အမျိုးမျိုးနဲ့ ပြန်လာနေကြဆဲ။ ကျနော့် အဖို့လည်း Sniper တယောက်ဟာ စိတ်ဝင်စားစရာ အကြောင်းအရာ၊ ဇာတ်ကောင်၊ နိမိတ်ပုံ အဖြစ် ဆွဲဆောင်နေပါတယ်” လို့ ဖော်ပြထားပါတယ်။
ပန်းချီ ငုအိမ်ထက်မြက်ရဲ့ လက်ဖြောင့်သေနတ်သမား ပြပွဲမှာ ပြသထားတဲ့ ပန်းချီကားတွေနဲ့ ပတ်သက်ပြီးတော့လည်း သူ့ရဲ့ ဖေ့စ်ဘုတ် လူမှုကွန်ရက် စာမျက်နှာမှာ ကဗျာတိုလေးတွေနဲ့ ဖော်ပြပေးထားတာကြောင့် ပန်းချီကားနှင့် ကဗျာ အဆက်အစပ် ကနေ ထပ်ဆင့်မြင်ရမယ့် တတိယ စိတ်မြင်ကွင်း တခုကို ဆင့်ပွား ခံစားရစေပါတယ်။
The Sniper 1
ကိုယ်တို့နေထိုင်ရာ ကမ္ဘာကြီးဟာ
ဘေးမဲ့တောကြီးလား
ပစ်နှုန်းထက် ပစ်ကျိုးနပ်ပစ်ချက်တွေ ရဖို့
လက်ဖြောင့်မှု ကျွမ်းကျင်မှု အပြင်
သက်လုံ၊ စွမ်းရည်မြင့် လက်နက်တွေ တပ်ဆင်ပြီး
ပစ်မှတ်တွေ ရှိရာ လောကကြီးထဲ တိတ်တဆိတ် ကိုယ်ဝင်လာခဲ့ပါပြီ။
The Sniper 2
ကိုယ့်လိပ်ပြာက ကိုယ့်ကိုငေးလို့ …
မြင်ကွင်းက ကိုယ့်နှလုံးသားကို ဖွာထွက်သွားစေလည်း
ဒီခလုတ်ကို ကိုယ်ဆွဲညှစ်ရမှာပါပဲ
ကိုယ့်မှာ တည်ရမယ့်ကတိတွေနဲ့…။
One shot-One kill! (တချက်ပစ်-အသက်တချောင်း)
ဒီစကားတခွန်းဟာ ကျနော်တို့ရဲ့ လူသားအဖြစ်ကို စိန်ခေါ်နေလျက် ရှိတဲ့ “ပစ်မှတ်တခုခု၊ ဒါမှမဟုတ် ပြောင်းဝ တခုခု” ကနေ ထွက်ပေါ်လာတဲ့ အချက်ပေးခေါင်းလောင်းသံလည်း ဖြစ်နေနိုင်ပါတယ်။ ။