ပြီးခဲ့တဲ့ သီတင်း တပတ်ကျော်က နာမည်ကျော် ချယ်လ်ဆီး အသင်းကို ဝပ်ဖို့ဒ်အသင်းက မထင်မှတ်ဘဲ ၄ ဂိုး ၁ ဂိုးနဲ့ နိုင်လိုက်တယ်။ ချယ်လ်ဆီးပရိတ်သတ်တွေကတော့ ဘယ်လိုမှ မယုံနိုင်အောင် ဖြစ်သွားခဲ့တဲ့ ရလဒ်ပါ။ ဒါပေမင့် အဲဒီနေ့က ဝပ်ဖို့ဒ်အသင်း ကောင်းလွန်းလို့ နိုင်လိုက်တာတော့ မဟုတ်။ တပွဲတည်းမှာ သူတို့ကို ကံမျက်နှာသာ ပေးတာ ၂ ခု ရလိုက်လို့၊ ပထမ တခုက ၂၅ မိနစ်ဝန်းကျင်ကတည်းက ချယ်လ်ဆီး ကစားသမားတဦး အနီကတ် ထိတော့ ကျန်တဲ့ ပွဲချိန်တွေမှာ တယောက်လျော့ ချယ်လ်ဆီးကို အသာရခဲ့တယ်။ ဒါတောင် ၁ ဂိုးပဲ သွင်းနိုင်တယ်။
မိနစ် ၈၀ ကျော်မှာ တယောက်လျော့နေတဲ့ ချယ်လ်ဆီးက ချေပဂိုး ပြန်သွင်းတယ်၊ ၁ ဖက် ၁ ဂိုးစီ သရေကျသွားတယ်၊ ဒုတိယအကြိမ် ဝပ်ဖို့ဒ်ကို ကံမျက်နှာသာပေးခဲ့တာက ချေပဂိုးရသွားတဲ့ ချယ်လ်ဆီးရဲ့ ကစားဟန်ပဲ၊ တယောက်လျော့ အနေအထား ကနေ ချေပဂိုးရလိုက်လို့ ကစားကွက် ဖွင့်လိုက်ချိန်မှာ ဝပ်ဖို့ဒ်က ၁၀ မိနစ် အတွင်း ၃ ဂိုး ထပ်သွင်းတယ်။ ပွဲအပြီးမှာ ဘယ်လိုမှ ထင်မှတ် မထားတဲ့ အသင်းငယ်လေး ဝပ်ဖို့ဒ်က ၄ ဂိုး ၁ ဂိုးနဲ့ နိုင်သွားတာ ဖြစ်ပါတယ်။
ဖိုးကံကောင်း ဝပ်ဖို့ဒ်အသင်း အကြောင်း ပြောပြပါမယ်။ အင်္ဂလန်က ဟာ့ဒ်ဖို့ရှိုင်းယားခရိုင်၊ ဝပ်ဖို့ဒ်မြို့မှာ အခြေစိုက်တဲ့ ဘောလုံးအသင်းပါ။ လက်ရှိမှာတော့ အင်္ဂလန် ပြည်တွင်း အမှတ်ပေး ဘောလုံးပြိုင်ပွဲတွေထဲမှာ အမြင့်ဆုံး ဖြစ်တဲ့ ပရီးမီးယားလိဂ်မှာ ကစားခွင့်ရနေပါတယ်။
ဝပ်ဖို့ဒ်ကို ဖိုးကံကောင်းလို့ ဆိုလိုက်တာကလည်း အခုလို ပရီးမီးယားလိဂ်မှာ အခုနှစ် ဘောလုံးရာသီမှာပါ ကစားခွင့် ရနေတာ ၃ နှစ်ဆက်တိုက် ရှိနေပါပြီ။ အရင်နှစ်က တန်းဆင်းရဖို့ အခြေအနေထိ ဖြစ်သွားခဲ့ပြီး ရာသီသိမ်းတော့ အဆင့် ၁၇ မှာ ကံကောင်းလို့ ကျန်ခဲ့တာပါ။ သူ့အောက်က အဆင့် ၁၈၊ ၁၉၊ ၂၀တွေ တန်းဆင်း သွားရတာကြောင့် ဝပ်ဖို့ဒ်အသင်းဟာ ဖိုးကံကောင်းလို့ ပြောတာပါ။
အသင်းက အခုနောက်ပိုင်း အောင်မြင်မှု ကောင်းကောင်း ရထားတာမျိုး မတွေ့ရပေမင့် တကယ်ဆိုရင် သက်တမ်း ကြာမြင့်နေပြီ ဖြစ်တဲ့ အသင်းပါ။ ၁၈၈၁ ခုနှစ်၊ လွန်ခဲ့တဲ့ ၁၃၇ နှစ် ကတည်းက အသင်းကို တည်ထောင်ခဲ့တာပါ။ အဆိုပါ အချိန်က Watford F. C မဟုတ်သေးပဲ Watford Rovers အမည်နဲ့ ဖြစ်ပါတယ်။
၁၈၈၆ မှာတော့ FA ဖလား ပြိုင်ပွဲကို စတင် ဝင်ရောက် ယှဉ်ပြိုင်တယ်၊ ၁၈၉၆ အတွင်းရောက်တော့ Southern League မှာ ဝင်ပြိုင်တယ်၊ နောက်တော့ အခု ပရီးမီးယားလိဂ် ဖြစ်လာမင့် Football League ကို ၁၉၂၀ မှာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့တာ တွေ့ရပါတယ်။ ၁၉၂၂ ခုနှစ်မှာ Vicarage Road ကို အိမ်ကွင်းအဖြစ် မသုံးခင် အထိ ကွင်းနေရာပေါင်းများစွာကို လက်ခံ ကစားခဲ့ပါတယ်။ ၁၉၀၀ ပြည့်နှစ် နောက်ပိုင်း ရာစုနှစ်ဝက် နီးပါး အနိမ့်တန်း အမှတ်ပေးပြိုင်ပွဲတွေမှာပဲ ကစားနေရပြီး အသင်းရဲ့ အောင်မြင်မှု ကောင်းကောင်း မရှိခဲ့ပါဘူး။
လက်ရှိအသင်းရဲ့ အမည် အပြည့်အစုံကတော့ Watford Football Club ဖြစ်ပါတယ်။ The Hornets, The Golden Boys, Yellow Army နဲ့ The ‘Orns တွေ အဖြစ် အမည်ပြောင် ခေါ်ကြပေမင့် ပြည်တွင်းမှာတော့ တပ်ဝါကြီး (Yellow Army) လို့ အခေါ်များ ပါတယ်။ လက်ရှိမှာ ၁၉၂၂ ခုနှစ် ကတည်းက သုံးလာခဲ့တဲ့ အိမ်ကွင်း Vicarage Road ကိုပဲ အသုံးပြုနေတာ တွေ့ရပြီး ပရိတ်သတ် ၂၁၄၃၈ ဦးပဲ ဆံ့တဲ့ ကွင်းဖြစ်ပါတယ်။
အသင်းကို Gino Pozzo က ပိုင်ဆိုင်ထားပြီး အသင်းဥတ္ကဋ္ဌ အဖြစ်နဲ့တော့ Scott Duxbury က တာဝန်ယူ ထမ်းဆောင်နေ ပါတယ်။ လက်ရှိအသင်းနည်းပြက JaviGracia ဖြစ်ပါတယ်။
အသင်းကအိမ်ကွင်းမှာအင်္ကျီအဝါကို ဘေးဘက် အနီရောင်လိုင်းစင်းပါတယ်၊ အနက်ရောင် ဘောင်းဘီနဲ့ ခြေအိတ်ကို ဝတ်ဆင်ပြီး အဝေးကွင်းမှာတော့ အနီရောင် အင်္ကျီ၊ ဘောင်းဘီ၊ ခြေအိတ်တွေကို ဝတ်ဆင် ကစားပြီး အင်္ကျီဝမ်းပိုင်းပါ တစောင်းအနက်စင်း တစင်းထည့်သွင်း ဖန်တီးထားပါတယ်။
အသင်းရဲ့ ပထမဆုံး အအောင်မြင်ဆုံး ကာလကတော့ ၁၉၇၇ ခုနှစ်မှာနည်းပြ Graham Taylor တာဝန်ယူချိန်က ပါ။ သူက ၁၉၈၇ ခုနှစ်မှာ အသင်းက ထွက်သွားခဲ့ပါတယ်။ ဒါပေမင့် သူကိုင်တွယ်နေချိန်ကာလအတွင်းအသင်းက Fourth Division ကနေ အခုပရီးမီးယားလိဂ်လို့ ခေါ်တဲ့ အဆိုပါ အချိန်က First Division ထိ ရောက်လာခဲ့ပါတယ်။ ၁၉၈၂-၈၂ ရာသီမှာ အအောင်မြင်ဆုံး ဖြစ်ခဲ့ပြီး First Division မှာ ဒုတိယအဆင့်ထိ ရောက်ရှိပြီး ရာသီသိမ်းခဲ့တာပါ။ ဒါကြောင့် အဆိုပါ ရာသီအပြီး နောက်နှစ် ဘောလုံးရာသီ ၁၉၈၃-၈၄ UEFA ပြိုင်ပွဲတောင် ဝင်ခွင့်ရခဲ့တယ်။ ၁၉၈၄ ခုနှစ်မှာပဲ FA ဖလားမှာ ဗိုလ်လုပွဲထိ ရောက်ခဲ့ပြီး ဒုတိယနဲ့ ကျေနပ်ခဲ့ရဖူးပါတယ်။
ဒါပေမင့် ၁၉၈၇ ကနေ ၁၉၉၇ ခုနှစ် အတွင်းတော့ ခြေစွမ်းတွေ ပြန်ကျပြီး တန်းပါ ပြန်ဆင်းခဲ့ရပါတယ်။ နောက်တော့ အရင် နည်းပြဟောင်း တေလာ ပြန်ရောက်လာပြီး ၁၉၉၉-၂၀၀၀ ဘောလုံးရာသီမှာ ဒုတိယတန်းကနေ ပရီးမီးယားလိဂ်ကို တန်းပြန် တက်နိုင်ခဲ့ပါတယ်။ ဒါပေမင့် မကြာလိုက်ပါဘူး၊ ချန်ပီယံရှစ် (ဒုတိယတန်း) ကို တန်းပြန်ဆင်း ရတယ်။
၂၀၀၆-၀၇ တရာသီတော့ နည်းပြ Aidy Boothroyd လက်ထက်မှာ တန်းပြန်တက် ပေမင့် ၁ နှစ်အတွင်း ပြန်ဆင်းရတယ်၊ နောက်တော့ ၂၀၁၄-၁၅ ရာသီ အသိမ်းမှာ တန်းပြန်တက်ခွင့်ရပြီး ၂၀၁၅-၁၆ရာသီကနေ စပြီး အခုထိအောင် ၃ နှစ် ဆက်တိုက် တန်းပြန်တက်နေတာပါ။
လက်ရှိ ဝပ်ဖို့ဒ်အသင်းကို ပိုင်ဆိုင်ထားတဲ့ ပိုင်ရှင် ပက်ဇိုမိသားစု (Pozzo family) က ဘောလုံးအသင်းများစွာ ပိုင်ဆိုင်ထား ပါတယ်။ အင်္ဂလန်မှာ ဝပ်ဖို့ဒ်ကို ပိုင်တယ်၊ အီတလီမှာ အူဒီနီးစ်ကယ်လ်စီယို (Udinese Calcio) ကိုလည်း ပိုင်သေးတယ်။ အီတလီ စီးရီးအေမှာတော့ အူဒီးနီးစ်ကယ်လ်စီယို က အလယ်အလတ်အဆင့် ရှိအသင်းတသင်းပါ။ ပြီးတော့ စပိန်မှာ ဂရာနာဒါ အသင်း (Granada CF) ကိုလည်း ပိုင်တယ်။ ဂရာနာဒါ ကလည်း စပိန်မှာ နာမည်ရှိတဲ့ အသင်းတသင်းပါပဲ။
အသင်းရဲ့ အဓိက ပြိုင်ဘက် အနေနဲ့တော့ အသင်းကြီး မရှိဘဲ ဒေသတွင်း ပြိုင်ဘက် Luton Town အသင်း ရှိနေတာပါ။ ၁၉၉၀-၁၉၂၀ ကာလကတည်းက Southern League မှာ ပြင်းထန်တဲ့ ပြိုင်ဘက် အသင်းတွေ ဖြစ်ခဲ့ပါတယ်။ ၁၉၃၇ ခုနှစ် ရောက်တော့လည်း Football League မှာပါ ဆက်လက် ပြိုင်ဆိုင်ခဲ့ကြပါတယ်။
အခုချိန်ထိ လုတန်တောင်း အသင်းက ဝပ်ဖို့ဒ်အသင်းကို အသာစီး ရထားပြီး ပြိုင်ပွဲစုံမှာ လူတန်တောင်းက ၃၉ ပွဲနိုင်တယ်၊ ဝပ်ဖို့ဒ်က ၂၇ ပွဲ ပြန်နိုင်ပြီး ၂၃ ပွဲ သရေကျထားပါတယ်။ ထိပ်တိုက်တွေ့ဆုံမှုမှာ လူတန်က အသာရထားပေမင့် လက်ရှိမှာတော့ ဝပ်ဖို့ဒ် အနေနဲ့ ပရီးမီးယားလိဂ်မှာ ကစားနေရလို့ ပြိုင်ပွဲဝင်ခွင့်ရမှုတော့ လုတန်တောင် အသင်းထက် မြင့်မား အသာရ နေတာပါ။
အသင်းက ချန်ပီယံ အနေနဲ့တော့ ၁၉၆၉၊ ၁၉၉၈ တွေမှာ Football League Third Division မှာချန်ပီယံ ၂ ကြိမ် ဖြစ်ဖူး တယ်။ ၁၉၇၈ ခုနှစ်မှာ Fourth Division မှာလည်း ချန်ပီယံ ၁ ကြိမ် ဖြစ်ဖူးတယ်။ ၁၉၁၅ ခုနှစ်က Southern Football League မှာလည်း ချန်ပီယံ ၁ ကြိမ် ဖြစ်ဖူးတယ်။
ဒီလောက်က လွဲပြီး အခြားပြိုင်ပွဲတွေမှာ ချန်ပီယံ မဖြစ်ဖူးသလို အသင်းကြီးတွေကိုလည်း အသာစီးရမှု နည်းပါတယ်။ အရင် သီတင်းပတ်က ဖိုးကံကောင်း ဖြစ်သွားလို့ ချယ်လ်ဆီးကို ဂိုးပြတ် အနိုင်ရလိုက်တာကတော့ အသင်းအတွက် ဂုဏ်ယူစရာ ဖြစ်ပါ။ ပရီးမီးယားလိဂ် အဆင့်ရပ်တည်မှု အနေနဲ့ ၂၇ ပွဲ ကစားထားပြီး ၈ ပွဲနိုင်၊ ၆ ပွဲ သရေ၊ ၁၃ ပွဲ ရှုံးနိမ့်ကာ ရမှတ် ၃၀ နဲ့ အဆင့် ၁၁ မှာ ရပ်တည်နေပါတယ်။
Ref: en.m.wikipedia.org