ထိုင်းနိုင်ငံရဲ့ လေကြောင်းလိုင်းတခုဖြစ်တဲ့ Boeing 747-400 ဟာ Suvarnabhumi လေဆိပ်ကို ဆိုက်ရောက်ရာမှာ လမ်းချော်မှု ဖြစ်ပွားခဲ့ပါတယ်။
တနင်္လာနေ့က ဘန်ကောက်မှာ မိုးအသည်းအထန် ရွာသွန်းမှုကြောင့် အခုလို ဖြစ်ပွားခဲ့တာလို့ သိရပြီး အဲဒီ လေယာဉ်နဲ့ လိုက်ပါသွားတဲ့ ခရီးသည် ၉၇ ယောက်နဲ့ ဝန်ထမ်း ၁၈ ယောက်လုံး ထိခိုက်အနာတရ ဖြစ်ပွားခဲ့ခြင်း မရှိဘူးလို့ နိုင်ငံတွင်း မီဒီယာတွေက ဖော်ပြထားပါတယ်။
ထိုင်းနိုင်ငံ လေကြောင်းလိုင်းတွေရဲ့ ပြောရေးဆိုခွင့်ရှိသူ Pratana Patanaasiri ကတော့ flight TG679 ဟာ Guangzhou ကနေ ဒေသစံတော်ချိန် ည ၈ နာရီ ၅၈ မိနစ်မှာ ထွက်ခွာခဲ့တာဖြစ်ပြီး Suvarnabhumi ကို ည ၁၀ နာရီ ၄၈ မိနစ်မှာ ဆိုက်ရောက်ခဲ့ချိန်မှာ အခုလို လမ်းချော်မှုနဲ့ ကြုံတွေ့ခဲ့တာလို့ အတည်ပြု ပြောကြားခဲ့ပါတယ်။
လေယာဉ်ကို ရပ်လိုက်နိုင်ချိန်မှာ တာဝန်ရှိသူတွေနဲ့ လေယာဉ်ကွင် းဝန်ထမ်းတွေဟာ ခရီးသည်တွေနဲ့ လေယာဉ်မှာ လိုက်ပါလာတဲ့ ဝန်ထမ်းတွေကို လုံလုံခြုံခြုံပဲ သတ်မှတ်ထားတဲ့ Terminal ဆီ ပို့ဆောင်နိုင်ခဲ့တာဖြစ်ပြီး ဘယ်သူ တဦးတယောက်မှ ထိခိုက်၊ အနာတရဖြစ်ခဲ့ခြင်း မရှိဘူးလို့လည်း Mr. Pratana က ဆက်လက် ပြောကြားခဲ့ပါတယ်။
Terminal အတွင်းမှာပဲ သူတို့ရဲ့ ခရီးဆောင်အိတ်တွေကို စောင့်ဆိုင်းနေရတဲ့အချိန်အတွင်း ခရီးသည်တွေနဲ့ ပါဝင်တဲ့ လေယာဉ်ဝန်ထမ်းတွေကို အစားအစာနဲ့ ရေတို့ကို ထောက်ပံ့ပေးထားခဲ့ပြီး လေကြောင်းလိုင်း တာဝန်ရှိသူတွေကတော့ စုံစမ်းစစ်ဆေးမှုတွေ ဆက်လက် ပြုလုပ်နေတယ်လို့ သိရပါတယ်။
ဒီလိုဖြစ်ရပ်မျိုး ၂၀၁၃ ခုနှစ် စက်တင်ဘာ ၈ ရက်နေ့မှာ ဖြစ်ပွားခဲ့ဖူးပြီး အဲဒီအချိန်တုန်းက Guangzhou မြို့မှ ထွက်ခွာခဲ့တဲ့ flight TG679 ဟာ Suvanavbhumi လေဆိပ်ကို ဆိုက်ရောက်ရာမှာ လမ်းချော်မှုဖြစ်ပွားခဲ့တဲ့ မှတ်တမ်းတခု ရှိခဲ့ဖူးတယ်လို့ သိရပါတယ်။ အဲဒီဖြစ်ရပ်ကြောင့်ပဲ ထိုင်းနိုင်ငံရဲ့ ပုံရိပ်ဟာ ထိခိုက်ခဲ့ရပြီး အဲဒီသတင်းကို တာဝန်ရှိ ပုဂ္ဂိုလ်တွေက ဖုံးကွယ်ခဲ့ပေမယ့် အောင်မြင်တဲ့ ဖုံးကွယ်မှု တခုတော့ မဖြစ်ခဲ့ပါဘူး။
၂၀၁၃ ခုနှစ်မှာဖြစ်ခဲ့တဲ့ အဲဒီဖြစ်ရပ်မှာ ခရီးသည် ၁၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး အဲဒီလူတွေအားလုံးကို ဆေးရုံ ပို့ဆောင်ခဲ့ရတဲ့အထိ ဖြစ်ပွားခဲ့ပါတယ်။ အဲဒီ အဖြစ်အပျက်ကြောင့် တာဝန်ရှိသူတွေဟာ ပြစ်တင်ခံခဲ့ရပြီး လေယာဉ်ပြေးလမ်းအတွက် ပြန်လည် ပြင်ဆင်ချိန် ၃ ရက်ခန့် ကြာမြင့်ခဲ့တယ်လို့ သိရပါတယ်။
Bangkok Post တွင် ရေးသားထားသော “THAI 747 slides off Suvarnabhumi runway on landing” သတင်းအား ဆီလျော်အောင် ဘာသာပြန်ဆိုထားသည်။