ကာမလိမ်လည်မှုဖြင့် ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်တရားရုံးမှာ တရားစွဲဆိုခံထားရတဲ့ သရုပ်ဆောင်မင်းထက်က အောက်တိုဘာ ၁၁ရက်နေ့ရုံးချိန်းမှာ ယခုတရားစွဲဆိုခံထားရတဲ့ တရားရုံးဟာ စီရင်ပိုင်ခွင့်အာဏာမရှိတဲ့အတွက် ရုံးပြောင်းပေးရန်လျှောက်ထားမှုကို တောင်းဆိုခဲ့ရာမှာ ယနေ့အောက်တိုဘာလ ၁၁ရက်နေ့တတိယအကြိမ်မြောက် ရုံးချိန်းမှာတော့ တရားလိုဖြစ်သူ နှင်းအိရွှေရည်က ပြန်လည်လျှောက်လဲချက်တင်ခဲ့ပါတယ်။
“ဒီနေ့ကတော့ ဒီရုံးမှာ စီရင်ပိုင်ခွင့်ရှိသလား မရှိသလားဆိုတာကို လျှောက်လဲချက်တင်ထားတယ်။ တခြားဘယ်ရုံးမှာ စီရင်ပိုင်ခွင့်ရှိလဲ ။ ကျနော်တို့ကတော့ ဒီရုံးမှာပဲ စီရင်ပိုင်ခွင့်ရှိတယ်လို့ ရေးထားတယ်။ ဒါကလည်း ဥပဒေဆိုင်ရာ ပဋိပက္ခပါပဲ။ ဒီအပေါ်မှာတော့ တရားရုံးက အမိန့်ချမှတ်မှာပါပဲ။ နောက်တပတ်မှာ စီရင်ပိုင်ခွင့်အာဏာရှိမရှိကို အမိန့်ချမှတ်မယ်” လို့နှင်းအိရွှေရည်ရဲ့ရှေ့နေဖြစ်သူ ဦးသိန်းလှိုင်ထွန်းက ပြောပါတယ်။
ယနေ့ တတိယအကြိမ်မြောက်ရုံးချိန်းမှာတော့ တရားလိုဖြစ်သူ နှင်းအိရွှေရည်ကို စစ်ဆေးရမှာဖြစ်ပေမယ့် စွပ်စွဲခံရသူဘက်မှ ရုံးပြောင်းလျှောက်ထားမှုကြောင့် မစစ်ဆေးဖြစ်ဘဲ လျှောက်လဲချက်သာ တင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
“အခုအမှုကတော့ ကျမတို့ တရားလိုစစ်တဲ့ အဆင့်မရောက်သေးပါဘူး။ သူတို့ဘက်က ရုံးပြောင်းလျှောက်တယ်။ အခုရုံးမှာက စီရင်ပိုင်ခွင့်အာဏာမရှိဘူးဆိုပြီး လျှောက်ထားတာကို ကျမတို့ဘက်က လျှောက်လွဲချက်ပြန်တင်တယ်။ နောက်တပတ်မှာ စီရင်ပိုင်ခွင့်အာဏာရှိမရှိကို အမိန့်ချမှတ်မယ်” လို့နှင်းအိရွှေရည်က ပြောပါတယ်။
ဒါ့အပြင် သရုပ်ဆောင်မင်းထက်ရဲ့ လက်ရှိမှာ တရားဝင်လက်ထပ်ထားတယ်ဆိုသူ စိုးနန္ဒာကျော်က နှင်းအိရွှေရည်ကို ပုသိမ်မြို့နယ်တရားရုံးမှာ ဆက်သွယ်ရေးပုဒ်မ ၆၆ဃ ဖြင့်တိုင်ကြားထားတာနဲ့ ပတ်သက်ပြီးတော့ ပြီးခဲ့တဲ့ရက်က သွားရောက်ပြီး အစစ်ဆေးခံခဲ့တယ်လို့ သိရပါတယ်။
“ပုသိမ်မှာလည်း အမှုနဲ့ပတ်သက်ပြီး လုပ်စရာရှိတာလုပ်ပြီးသွားပြီ။ ပုသိမ်မှာ စွဲထားတာ ၂မျိုး ၆၆ဃကိုမှ တိုင်ကြား တာ ၂မျိုးရှိတယ်။ တခုကတော့ Facebook မှာ သုံးတဲ့ကိစ္စပေါ့။ အဲဒီကိစ္စကလည်းရိုးရှင်းတယ်။ တိုင်ထားတဲ့စာတွေ ကိုလည်း ဖတ်ပြီးပြီ။ မစိုးနန္ဒာကျော်နဲ့ပတ်သက်ပြီးတော့ နာမည်ရေးထားတာမရှိဘူး။ ဓာတ်ပုံတင်ထားတာမရှိဘူး။ နောက်ပြီးတော့ နှင်းအိရွှေရည်ကို အင်တာဗျူးထားတာနဲ့ ပတ်သက်ပြီးတော့ ၆၆ ဃနဲ့တိုင်ထားတာ”
“ပုသိမ်မှာ အာမခံလုပ်ခဲ့တယ်။ ထွက်ဆိုချက်တွေပေးခဲ့တယ်။ ဖုန်းလည်းအပ်ခဲ့တယ်။ ပုသိမ်ကအမှုကတော့ ဘာဆက်ဖြစ်မလဲဆိုရင် ကျန်တဲ့သက်သေတွေစစ်ရမယ်။ ဥပဒေအကြံပြုချက်တင်ရဦးမယ်။ ၆၆ဃမြောက် မမြောက် ဆုံးဖြတ်ရဦးမယ်။ တရားရုံးရောက်ဖို့က စောသေးတယ်” လို့ရှေ့နေဖြစ်သူ ဦးသိန်းထွန်းလှိုင်က ပြောပါတယ်။
နှင်းအိရွှေရည်အနေနဲ့ သရုပ်ဆောင်မင်းထက်ကို စက်တင်ဘာလ ၂၇ရက်နေ့က ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် တရားရုံးမှာ ကာမလိမ်လည်ရယူမှု ရာဇသတ်ကြီးပုဒ်မ ၄၁၇ဖြင့် တရားစွဲဆိုခဲ့တာဖြစ်ပြီး ယနေ့အောက်တိုဘာလ ၂၂ရက်နေ့မှာဆိုရင်တော့ ရုံးချိန်းခေါ်ယူမှု တတိယအကြိမ်ရှိပြီ ဖြစ်ပါတယ်။
နှင်းအိရွှေရည်နဲ့ မင်းထက်တို့ဟာ လွန်ခဲ့တဲ့ ၅နှစ်ကျော်အတွင်းမှာ ချစ်ကြိုက်ခဲ့ကြပြီး သမီးလေးတဦးမွေးဖွားခဲ့တာဖြစ်ကာ တရားဝင်လက်ထပ်ထားခြင်းမျိုး မရှိဘူးလို့ သိရပါတယ်။ ယခုလက်ရှိမှာတော့ သရုပ်ဆောင်မင်းထက်နဲ့ စိုးနန္ဒာကျော်တို့က တရားဝင်လက်ထပ်ထားတာဖြစ်တယ်လို့ သိရပါတယ်။