မြန်မာနိုင်ငံမှာ ကွယ်လွန်ပြီးနောက်ပိုင်း ရုပ်တုထုလုပ်ပြီး နှစ်စဉ် ရည်မှန်း ကန်တော့ခံရတဲ့ ပန်းချီဆရာကြီးတွေ များများစားစား မရှိပါဘူး။ ဒါပေမယ့် ပန်းချီဆရာကြီး ဦးသုခကတော့ သက်ရှိထင်ရှားရှိချိန်မှာသာ မကဘဲ ဆရာကြီးကွယ်လွန်ခဲ့တဲ့ ၂၀၀၇ ခုနှစ် နောက်ပိုင်း ကနေ ဒီနေ့ထိတိုင် ရုပ်တုထုပြီး နှစ်စဉ် အပူဇော်ကန်တော့ခံ ရတဲ့ ပန်းချီဆရာကြီး ဖြစ်ပါတယ်။
အဲဒီလို ပူဇော်တာကိုက မြန်မာတို့ရဲ့ “ပူဇော်ထိုက်သူကို ပူဇော်ခြင်းသည် မင်္ဂလာတပါး ဖြစ်သည်” ဆိုတဲ့ မင်္ဂလာတရားနဲ့ အညီ ပြုမူကြတာလည်း ဖြစ်ပါတယ်။
ဆရာကြီးဟာ ၁၉၆၄ ခုနှစ်က စပြီး မြန်မာနိုင်ငံ ပန်းချီ၊ ပန်းပုကျောင်းမှာ ပန်းချီပညာ ဖြန့်ဝေခဲ့သူပညာရှင် တဦးဖြစ်ပြီး ဆရာကြီးမှာ ပန်းချီ တပည့်သားမြေး ရာပေါင်းများစွာ ရှိပါတယ်။
ဆရာကြီးရဲ့ တပည့်တဦး ဖြစ်သူ အသက် ၇၅ နှစ် ရှိပြီဖြစ်တဲ့ ပန်းချီ ဦးမြသောင်းက “ကျနော်က ၁၉၆၄ ခုနှစ်က ပန်းချီကျောင်း တက်ခဲ့တာ ပေါ့။ ဆရာက တပည့်တွေကို အင်မတန် ဂရုစိုက်တာ။ ကျနော်တို့ ကျောင်းသားဘ၀ သန်လျင်ဘက်ကို ပန်းချီဆွဲ ထွက်တယ်။ ကျွေးတဲ့ မွေးတဲ့ နေရာမှာ သူကိုယ်တိုင် ကော်ဖီဘာညာ ဝင်ဖျော်ပြီး တပည့်တွေကိုတိုက်တာ။ ဆရာ့ကို အကုန်လုံးက ချစ်တယ်။ ဒါ ကိုယ် တယောက်တည်းမှ မဟုတ်ဘူး။ နောက်နှစ်တွေ နှစ်တွေ ဆရာနဲ့ကြုံဖူးတဲ့ တပည့်တိုင်းက သိပြီးသားပဲ” လို့ အမှတ်တရစကား ဆိုပါတယ်။
ပန်းချီဆရာကြီး ဦးသုခဟာ သူ့ရဲ့ဘဝကို ပန်းချီပညာသင်ကြားရေးမှာ မြှုပ်နှံခဲ့ပြီး ပန်းချီအနုပညာရှင်ပေါင်း များစွာကို မွေးထုတ် ပေးခဲ့သူ ဖြစ်ပါတယ်။၂၀၀၇ ခုနှစ်၊ ကွယ်လွန်ပြီးနောက်ပိုင်း သူ့ရဲ့ ဂုဏ်ကျေးဇူးကို မမေ့လျော့တဲ့ တပည့်တွေ စုပေါင်းပြီး ဆရာကြီး ရုပ်တုတခုကို ထုလုပ်ခဲ့ကြသလို ပန်းချီဆရာကြီး ဦးသုခဖောင်ဒေးရှင်း နာမည်နဲ့ ဖောင်ဒေးရှင်းတစ်ခုကိုလည်း တည်ထောင်ခဲ့ကြပါတယ်။
ပန်းချီ မင်းဝေအောင်က “ဆရာကြီးက ပန်းချီကျောင်းမှာ ရှိကတည်းကိုက တပည့်တွေရဲ့ မိန်းမတောင်းတာက အစ၊ ကျန်းမာရေး အဆုံး အရမ်းကူညီစောင့်ရှောက်တယ်။ အဲဒီတုန်းက ကျနော်အိပ်ဖို့ ကုတင်ဆိုရင် ဆရာကိုယ်တိုင် ခြံစည်းရိုးတိုင်တွေ လိုက်ရှာပြီး စီစဉ်ပေးခဲ့တာပါ။ အခုဆရာကြီး မရှိတော့ပေမယ့်လည်း ဆရာကြီးရဲ့ ကောင်းမြတ်တဲ့ စိတ်စေတနာတွေကို ပန်းချီဆရာကြီး ဦးသုခ ဖောင်ဒေးရှင်းကနေ ဆက်လက် အကောင်အထည် ဖော်တဲ့ သဘောပါ” လို့ ဆိုပါတယ်။
ဒီဖောင်ဒေးရှင်းကနေ ပန်းချီဆရာများရဲ့ သာရေး၊ နာရေး၊ ပညာရေးတွေကို နှစ်စဉ် ကူညီပံ့ပိုးပေးနေသလို အခုလည်း ပန်းချီဆရာကြီး ဦးသုခရဲ့ တပည့်တွေ စုပေါင်းပြီး ပန်းချီဆရာကြီး ဦးသုခ အမှတ်တရ ၁၃ ကြိမ်မြောက် ပန်းချီပြပွဲကို သံလွင်လမ်းမှာ ရှိတဲ့ New Treasure Art Gallery မှာ ပြသနေတာ ဖြစ်ပါတယ်။
ပန်းချီဆရာကြီး ဦးသုခ အမှတ်တရ ပန်းချီပြပွဲနဲ့ အတူ ပန်းချီဆရာကြီး ဦးသက်ညွန့်၊ ပန်းချီဆရာကြီး ဦးလွန်းကြွယ် တို့ကိုလည်း ၇ ကြိမ်မြောက် ကန်တော့ခြင်း၊ ရန်ကုန်၊ မန္တလေး အနုပညာ အထက်တန်းကျောင်းများသို့ ထောက်ပံ့လှူဒါန်းခြင်း၊ ၂ဝ၁၆/၂ဝ၁၇ ပညာသင်နှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲကို ဂုဏ်ထူးတွေနဲ့ အောင်မြင်ခဲ့တဲ့ ပန်းချီဆရာ ၄ ဦးတို့ရဲ့ သားသမီးတွေကို ဂုဏ်ပြုဆုများ ပေးအပ်ခြင်းနဲ့ ပန်းချီပစ္စည်း ၆၄ မျိုးကို မဲဖောက်ပေးခြင်းများ ပြုလုပ်ပေးခဲ့ပါတယ်။
ဒီပန်းချီပြပွဲမှာ ဆရာကြီးဦးသုခနဲ့ ခေတ်ပြိုင် ပန်းချီဆရာကြီးတွေရဲ့ လက်ရာတွေ အပြင် တပည့်သားမြေး ပန်းချီဆရာ ၃၀၀ ကျော်ရဲ့ လက်ရာစုံ ပန်းချီကား ၃၀၀ ကျော်ကို ပြသထားပါတယ်။ ပန်းချီကားဈေးနှုန်းတွေကိုဒေါ်လာ ၂၀၀ က ဒေါ်လာ ၁၅၀၀၀ အထိ သတ်မှတ်ထားပြီး နိုဝင်ဘာ ၁၈ ရက်နေ့အထိ ပြသသွားမှာ ဖြစ်ပါတယ်။
ဒီပန်းချီပြပွဲမှာ ရောင်းရတဲ့ ပန်းချီဆရာတွေရဲ့ လှူဒါန်းငွေတွေကိုလည်း ပန်းချီဆရာများရဲ့ သာရေး၊ နာရေး၊ ပညာရေးတွေ အတွက် ဆက်လက်ကူညီပံ့ပိုးသွားမယ် လို့ သိရပါတယ်။