မီဒီယာသမားတွေ၊ နိုင်ငံရေး အကျဉ်းသားဟောင်းတွေက သူတို့ အတွေ့အကြုံတွေ အကြောင်း ရေးကြ၊ ထုတ်ဝေနေကြ တာများလွန်းလို့ စိတ်ဝင်စားသူတွေက အလျဉ်မီအောင် မနည်းလိုက်ဖတ် နေရပါတယ်။ ဒီလို အခြေအနေမှာပဲ နိုင်ငံရေး သမား စာပေသမား သတင်းသမား မောင်ဝံသ အကြောင်းရေးထားတဲ့ “ပြန်မြင်မိတဲ့ ပုံရိပ် အပိုင်းအစများ” စာအုပ် မကြာသေးခင်က ထွက်ရှိလာပါတယ်။
ထူးခြားတာက ဒီစာအုပ်ဟာ ကာယကံရှင် မောင်ဝံသရေးတဲ့ စာအုပ် မဟုတ်ဘဲ သူ့ရဲ့ သမီးကြီး လက်ရာ ဖြစ်နေတာပါပဲ။
နိုင်ငံရေးသမား ဘဝမှာတော့ ဆရာမောင်ဝံသဟာ ရန်ကုန်မြို့တော်ခန်းမ အနီး ၃၃ လမ်းထဲက တိုက်ခန်းလေးနဲ့ အင်းစိန်ထောင်တို့ကို ကူးချည်သန်းချည် သွားခဲ့ရသူ ဖြစ်ကြောင်း စာအုပ်မှာ မှတ်တမ်း တင်ထားပါတယ်။
မောင်ဝံသကို မိသားစု ဦးစားပေးတတ်သူ အဖြစ် ဒီမှတ်တမ်းမှာ တွေ့ရပါမယ်။ “သားအဖတွေ လုံးထွေးပြီး ခေါင်းအုံးတွေနဲ့ ရိုက်တမ်း၊ ခြေလက်တွေကို စောင်တွေနဲ့ ကြိုးတုပ်တမ်းတွေ ကစားကြတာ” လို့ စာရေးသူက ဆိုပါတယ်။ သားသမီးတွေကို သူငယ်ချင်းပေါင်း ပေါင်းတဲ့ အတွက် ယောက္ခမဖြစ်သူကတောင် အမြဲဆူပူခဲ့ဖူးပါ သတဲ့။
သားသမီးတွေကတော့ နွေရာသီကျောင်းပိတ်ရက်မှ သွားနေရတဲ့ အဘိုးအဘွား အိမ်ထက် ရန်ကုန်အိမ် ကျဉ်းကျဉ်းလေးမှာ ပဲ “ဖေဖေ စိတ်ထင်ရာပစ်ထည့်ပြီး ကြော်ကျွေးတဲ့ ထမင်းကြော်” ကို စားရင်းအဖေနဲ့ ပိုနေချင်သူတွေပါ။
ဒီလိုဖခင်မျိုးက ဒီမိုကရေစီအရေး လှုပ်ရှားမှုထဲ ရောက်သွားတဲ့ အတွက် မိသားစုကို အချိန်ပေးနိုင်မှု နည်းသွားခဲ့ပါတယ်။ ပိုဆိုးတာက တပ်မတော်အစိုးရခေတ် နိုင်ငံရေးလှုပ်ရှားမှုထဲ ပါဝင်ကြသူအများအပြားလိုပဲ မောင်ဝံသလည်း ဖမ်းဆီးထိန်းသိမ်း ခံရတဲ့ အတွက် မိသားစုနဲ့ မကြာခဏ ရှင်ကွဲ ကွဲခဲ့ရခြင်း ပါ။
တချို့ဖြစ်ရပ်တွေကို အသေးစိတ်ရေးပြရင် ပိုကောင်းပါလိမ့်မယ်။ ရင်နာစရာ ဖြစ်ရပ်တွေကတော့ အသေးစိတ် ရေးပြဖို့ နေနေသာသာ နည်းနည်းပါးပါး နောက်ကြောင်းပြန် ရေးပြရတာကိုက စိတ်ထိခိုက် ပင်ပန်းရတယ် လို့ စာရေးသူက ဆိုပါတယ်။
မိသားစုအဓိက ဝင်ငွေ ဖြစ်တဲ့ အတွေးအမြင်စာစောင်ကလည်း ခေတ်အခြေအနေကြောင့် စောင်ရေ ထိုးကျတာကြောင့် ဝင်ငွေ ထိခိုက်ပြီး အကြွေးတင်တဲ့ အတွက် မိသားစု ခက်ခက်ခဲခဲ ရပ်တည်ခဲ့ရပါတယ် တဲ့။ ထောင်ဝင်စာ သွားတွေ့တဲ့အခါ ဘတ်စ်ကား မှတ်တိုင်ကနေ ထောင်အထိ ဆိုက်ကားမငှားဘဲ လမ်းလျှောက်သွားတယ်၊ ဆိုက်ကားခ ချွေတာနိုင်ပေမယ့် ယူသွားတဲ့ အထုပ်အပိုးတွေကို သယ်ရတာကြောင့် ဆရာ့ဇနီး အတွက် ဒဏ်ဖြစ်ရတယ် လို့ ဆိုပါတယ်။
မိသားစုက နာရီပေါင်းများစွာ စောင့်ဆိုင်းပြီးမှ ထောင်ဝင်စာ တွေ့တဲ့ နေရာကို ရောက်တယ်၊ ကြိုစောင့်နေတဲ့ မောင်ဝံသကို သံဆန်ခါ တဘက်ခြမ်းမှာ တွေ့ရတတ်တယ် လို့ ဆိုပါတယ်။ မိသားစုက ကြိုရောက်၊ ကြိုစောင့်ရတဲ့ အခြေအနေနဲ့ တကြိမ် ကြုံရတယ်၊ အဲဒီအချိန်က မြင်ကွင်းကြောင့် စိတ်ဒဏ်ရာ တသက်စာ ရသွားပါတယ် တဲ့။
“ဖေဖေ့ကို ခေါင်းစွပ် စွပ်ပြီး တယောက်က ဘေးက တွဲပြီးခေါ်လာတာကို တွေ့လိုက်ရတယ်။ ဖေဖေ့ကို ထိုင်ခိုင်းပြီး ခေါင်းစွပ်ကို ဖယ်လိုက်တဲ့ အချိန် ကိုယ်တို့ ရောက်နေတာကို တွေ့သွားတဲ့ ဖေဖေ့မျက်နှာက အရမ်းကိုပျက်သွားပါတယ်။ သူ့ သားသမီးတွေ သူ့ကို ဒီလိုပုံစံမျိုးနဲ့ မြင်သွားတာကို သူ သိပ်စိတ်မကောင်း ဖြစ်သွားခဲ့တယ်” လို့ သမီးကြီးက ရေးပါတယ်။
အပြင်ဘက်က မိသားစုကတော့ မြင်ကွင်းနဲ့ ခံစားချက်တွေကိုပဲ ရေးပြနိုင်မှာပါ။ ထောင်ထဲရောက်ခဲ့သူတွေ ဆိုရင် သူတို့ရဲ့ နေ့စဉ်ဘဝကို တပ်မတော်ထောက်လှမ်းရေးက ဘယ်လို ထိန်းချုပ်တယ် ဆိုတာတွေ ရေးပြနိုင်မယ် လို့ ယူဆပါတယ်။
ဒီလို အနိုင်ကျင့်ခံရမှုတွေ အတွက် ဒီနေ့ ပိုမိုပွင့်လင်းလာချိန်မှာ တရားပြန်စွဲဖို့ ဆိုတာကလည်း ၂ဝဝ၈ အခြေခံဥပဒေအရ မဖြစ်နိုင်ပါ။ တခြားသော စာအုပ်တွေလိုပါပဲ…၊ ဒီစာအုပ်ထဲမှလည်း တရားမျှတမှု အတွက် တောင်းဆိုချင်ကြောင်း ရေးမထားပါဘူး။
ခဏလောက် လိုက်ခဲ့ပါဆိုပြီး မောင်ဝံသခေါ်သွားခံရရင် နှစ်နဲ့ချီ ကြာတတ်တာကြောင့် ညဘက် အိမ်ရှေ့တံခါးခေါက်သံ၊ တယ်လီဖုန်းမြည်သံတို့ဟာ မိသားစုအတွက်တော့ ခြောက်ခြားစရာတွေ ပါပဲ။
ဆရာမောင်ဝံသကို ၃၃ လမ်းနေ အိမ်ကနေ အကြိမ်ကြိမ် ဖမ်းဆီးခေါ်ဆောင်သွားတာ မြင်ရတဲ့ မိသားစုဝင်တွေ ရင်မှာ ဆူးတွေ ပေါက်ခဲ့ရတယ် လို့ ဆိုပါတယ်။ ဆရာက အင်းစိန်ထောင်ကို ၃ ကြိမ် ရောက်ခဲ့ရသူပါ။ နိုင်ငံရေး အကျဉ်းသား အများအပြား မိသားစုနဲ့ တွေ့ခွင့် ကာလကြာရှည် ပိတ်ပင်ခံရတဲ့ထဲမှာ ဆရာမောင်ဝံသလည်း ပါပါတယ်။ နောက်ဆုံးအကြိမ် အင်းစိန်မှာ နေခဲ့ရတဲ့ ၅ နှစ်ဟာ မိသားစု ထောင်ဝင်စာ သွားတွေ့ခွင့် မရဘူးလို့ ဆိုပါတယ်။ မိသားစုဆီ ပြန်ရောက်လာ ချိန်မှာတော့ ဆရာ့မှာ ကင်ဆာရောဂါ ပါလာပါတယ်။
ဆရာ ကွယ်လွန်ရတာကလည်း အဆုတ်ကင်ဆာကြောင့်ပါ။ နှစ်ပေါင်း ၃ဝ လောက် ဆေးလိပ်သောက်တဲ့ ဒဏ်ကြောင့် ဖြစ်မယ် လို့ ဆရာဝန်က မှတ်ချက်ပြုပါတယ်။ ဒါပေမယ့် ဆရာ ဆေးလိပ်ဖြတ်ထားတာ နှစ်ပေါင်း ၂ဝ ကြာပြီမို့ ကင်ဆာ ဖြစ်စေတဲ့ အကြောင်းရင်းထဲမှာ ထောင်တွင်း အခြေအနေတွေလည်း ပါဝင်မယ်လို့ စာရေးသူ သမီးကြီးက ယူဆပါတယ်။
ဒီစာအုပ်မှာ အင်းစိန်ထောင်ရောက် နိုင်ငံရေးသမား၊ သတင်းသမားကို ပါရမီဖြည့်တဲ့ မိသားစု ရင်ဆိုင်ရပုံများ အကြောင်းလည်း အများအပြား ဖတ်ရမှာပါ။
တတိယအကြိမ် အထိန်းသိမ်းခံရပြီး မိသားစုနဲ့ အဆက်အသွယ်ပြတ်နေတာ ၃ နှစ် ကြာလာချိန်မှာ ထောင်ထဲက ပို့လိုက်တဲ့ စာတစောင် အိမ်ကို ရောက်လာပုံ၊ အပြင်ဆေးရုံ ထုတ်ချိန်မှာ ရှားရှားပါးပါး၊ အားရပါးရ တွေ့ခွင့်ရပုံတို့ ကလည်း မိသားစု အတွက်ရော၊ စာဖတ်သူတွေအတွက်ပါ စိတ်ဝင်စား၊ စိတ်လှုပ်ရှားစရာ ဖြစ်ရပ်တွေပါပဲ။
ဒီစာအုပ်ဟာ အတွေးအမြင် စာစောင်မှာ ၄၅ လ ကြာဖော်ပြခဲ့တာတွေကို ပြန်လည် စုစည်းထားတာ ဖြစ်ပြီး စာအုပ် ထက်ဝက်ကျိုးချိန်မှာ ဖတ်ရတာ အရှိန်ရလာ၊ ပိုကောင်းလာပါတယ်။ ဇာတ်ရှိန်မြင့်ချိန်မှာ အရေးအသား ပိုသွက်လာပါတယ်။
၁၉၉၂ စက်တင်ဘာမှာ ညမထွက်ရအမိန့် ရုပ်သိမ်းတာ အပါအဝင် မြန်မာပြည် ဖြစ်ရပ်တချို့ကိုလည်း ဒီစာအုပ်မှာ မှတ်တမ်း အဖြစ် တွေ့ရမှာပါ။
“၄ နှစ်လုံးလုံး ညမထွက်ဘဲ အကျင့်ပါခဲ့ကြတော့ ရုပ်လိုက်ပြီ ဆိုတာတောင် လူတွေက သိပ် မထွက်ရဲခဲ့ကြသေးဘူး။ စစ်ဖိနပ်အောက်မှာ နေခဲ့ကြရတာ ၄ နှစ်ရှိခဲ့တဲ့ အချိန်ပေါ့”လို့ ရေးထားပါတယ်။
ဓာတ်ပုံ အများအပြား ဖော်ပြထားပေမယ့် အရွယ်အစား သေးလွန်းလှပါတယ်။
စာလုံးအရွယ်အစားက တခြားတိုက်က ထုတ်တဲ့ စာအုပ်တွေနဲ့ တူညီပေမယ့် စာကြောင်းရေ လေးငါးကြောင်းလောက် ပိုနေပါတယ်။ စာကိုလည်း ခပ်စိတ်စိတ် စီထားတာတွေ့ရမှာပါ။ ဒီအချက်တွေကြောင့် စာတွေက ပြွတ်သိပ်နေပြီး စာဖတ်သူကို မွန်းကြပ်စေမယ် လို့ ယူဆရပါတယ်။
အပုဒ်တိုင်းမှာ ခေါင်းစဉ်တခုတည်း ပေးပြီးနောက်က ဂဏန်းတပ်ပေးထားတာပါ။ ၄၅ ပုဒ်အတွက် ခေါင်းစဉ်က တခုတည်း ဖြစ်နေပါတယ်။ စာအုပ်အဖြစ် စုစည်းထုတ်ဝေတဲ့ အခါ ရေးလိုက်တဲ့ အကြောင်းအရာနဲ့ လိုက်ဖက်မယ့် သီးခြားခေါင်းစဉ် တခု တွဲပေးမယ် ဆိုရင်တော့ ဒီစာအုပ်က ပိုပြီး ဆွဲဆောင်မှု ရှိပါလိမ့်မယ်။
ပြဇာတ်က တဲ့အခါ ပရိသတ်က သရုပ်ဆောင်တွေကိုသာ မြင်ရပါတယ်။ သရုပ်ဆောင်တွေရဲ့ လှုပ်ရှားမှုကိုပဲ တွေ့ရပါတယ်။ အခန်းတခန်းနဲ့ တခန်း အကူးမှာ ဇာတ်ခုံအပြင်အဆင် ချက်ချင်း ပြောင်းလဲရေး၊ သရုပ်ဆောင်တွေ အဝတ်အစား အမြန်ဆုံး ပြောင်းလဲရေး လိုမျိုး အခြေခံလိုအပ်ချက်တွေက အစ အထူးပြုလုပ်ချက်တွေ အဆုံး ကူညီလုပ်ကိုင်ရသူ တချို့ ဇာတ်ခုံနောက်၊ ကန့်လန့်ကာနောက်မှာ အများအပြားရှိပါတယ်။ ဒီလိုမဖြစ်မနေ ကူညီထောက်ပံ့ရသူတွေကိုတော့ ပရိသတ်က ရှိမှန်းတောင် မသိတတ်ကြပါဘူး။
အဲဒီလိုပါပဲ… နိုင်ငံရေးသမားတွေကို သိသူအများအပြားရှိပေမယ့် သူတို့ကို စိတ်ရောကိုယ်ပါ ကူညီထောက်ပံ့ရတဲ့ မိသားစုဝင်တွေရဲ့ အနေအထားကို သတိပြုမိသူ နည်းပါလိမ့်မယ်။
အချက်အလက် အများအပြား ပါဝင်တဲ့ ဒီစာအုပ်ဟာ သတင်းသမား၊ စာသမား၊ နိုင်ငံရေးသမား မောင်ဝံသခေါ် ဦးစိုးသိမ်း အကြောင်း၊ ကန့်လန့်ကာနောက်ကွယ်မှာ ရှိတဲ့ မိသားစုက ခေတ်ဆိုးကို ပင်ပန်းတကြီး ဖြတ်ကျော်ရပုံတွေ အကြောင်း ဖော်ပြထားပါတယ်။ ။
စာအုပ်အမည် – ပြန်မြင်မိတဲ့ ပုံရိပ်အပိုင်းအစများ
အမျိုးအစား – အတ္ထုပ္ပတ္တိ၊နိုင်ငံရေး၊ အတွေးအမြင်
စာရေးသူ – ထိုက်
ဖြန့်ချိ – သီရိဝံသစာပေ
တန်ဘိုး – ၃,ဝဝဝ ကျပ်