ဧည့်ခန်းဆိုဖာခုံပေါ် ထိုင်လိုက်မိချိန်မှာပဲ စိတ်ကိုလန်းဆန်းသွားစေမယ့် မြင်ကွင်းက မျက်စိထဲ တိုးဝင်လာခဲ့တယ်။ အဲဒါက စိန်ပန်းပင်တပင်။ ကံ့ကော်ပွင့်ရာ ငုဝါပွင့်ရာ စိန်ပန်းပွင့်ရာ တက္ကသိုလ်ကျောင်းတော်မှာလေဆိုသည့် ချိုပြုံးရဲ့ သီချင်းက မှတ်ဉာဏ်ထဲ ချက်ချင်းရောက်လာတော့တယ်။ အနီ၊ အပြာတို့ ပွင့်တဲ့စိန်ပန်း။ ကြီးကြီးမားမား ငွားငွားစွင့်စွင့် ပေါက်တဲ့ စိန်ပန်း။
အခုတွေ့ရတာက တက္ကသိုလ်ကျောင်းထဲမှာ မဟုတ်။ မြေပြင်ပေါ်မှာမဟုတ်။ ဧည့်ခန်းစားပွဲပေါ်မှာ အလှတင်ထားတဲ့ ပန်းအိုးသေးသေးလေးထဲက စိန်ပန်း။ ဘွန်ဇိုင်း စိန်ပန်း။ အံ့သြမှုနဲ့ ချစ်စိတ်တို့ ရောထွေးသွားစေသည့် ဘွန်ဇိုင်း နည်းပညာ ဖြင့် စိုက်ပျိုးထားသည့် ၃လက်မခန့်အရွယ် စိန်ပန်းပင်လေး။
လွန်ခဲ့တဲ့ နှစ်ပေါင်းထောင်ချီကတည်းက သက်ကြီးပင်တွေကို ပန်းအိုးထဲ ထည့်စိုက်လို့ရအောင် တီထွင်ဖန်တီး စိုက်ပျိုးခဲ့ တဲ့ နည်းပညာကို ဘွန်ဇိုင်းလို့ ခေါ်ခဲ့ပြီး တရုတ်နဲ့ ဂျပန်က စတင်ခဲ့တယ်လို့ ဆိုပါတယ်။ မြန်မာဘွန်ဇိုင်း ချစ်သူတွေက ဂျပန်ဘာသာနဲ့ ဘွန်ဇိုင်းကို သက်ကြီးပုပင်ဆိုပြီး မြန်မာမှု ပြုလိုက်ကြတယ်။ ပန်းအိုးလေးအတွင်းမှာ ရှင်သန်နေတဲ့ အနု ပညာဆိုပြီး ညွှန်းဖွဲ့ကြသလို သက်ရှိ ပန်းချီကားလို့လည်း တင်စားကြပြန်တယ်။
“ဘွန်ဇိုင်းဆိုတဲ့ စကားကြားတာနဲ့ ပန်းအိုးထဲက သေးသေးညက်ညက် ချစ်စရာ အပင်ပုလေးတွေကို ပြေးမြင်တတ်ကြ ပေမယ့် အပင်သေးတိုင်း ဘွန်ဇိုင်းမဟုတ်ပါဘူး” လို့ ရာမညဘွန်ဇိုင်းကလပ်အဖွဲ့ဝင် ကိုသားကြီးကပြောပါတယ်။
“သက်ကြီးပင် ဖြစ်မှသာလျှင် ဘွန်ဇိုင်းပေါ့ ။ အပင်သေးသေးလေးကို ပန်းအိုးထဲ ထည့်စိုက်လိုက်တယ်။ ဒါ ဘွန်ဇိုင်း မဖြစ်ဘူး။ ဘွန်ဇိုင်းလည်း မဟုတ်သေးဘူး။ သစ်ပင်ကြီးရဲ့ သဘာဝအတိုင်း အချိုးအဆကအစ ပင်စည်က ကြီးရမယ်။ အကိုင်းက သွယ်ရမယ်။ အကိုင်းဖြာထွက်ဖို့ သဘာဝအတိုင်း ဖြစ်ရမယ်။ အမြစ်ကလည်း သူ့သဘာဝအတိုင်း ဖြာ ထွက်နေရမယ်။ အဲဒီလိုတွေ ပြည့်စုံမှသာလျှင် ဘွန်ဇိုင်းကောင်းတပင် ဖြစ်မှာပေါ့” လို့ ၎င်းက ဆိုပါတယ်။
ဘွန်ဇိုင်းဆိုတာ မြင်သာအောင် ပြောရရင် ညောင်ပင်၊ စိန်ပန်း၊ ထနောင်းတို့လို သက်ကြီးပင်တွေကို သေးသေးညက်ညက် အပင်မျိုးဖြစ်အောင်နဲ့ အလှဆင်ပန်းအိုးထဲ ဝင်ဆံ့အောင် စိုက်ပျိုးပြီး ပြုစု ထိန်းသိမ်းရတဲ့ နည်းပညာဖြစ်လို့ စိတ်မှန်းနဲ့ တွေးကြည့်လို့တောင် မလွယ်တဲ့ အလုပ်ပါပဲ။
ဘွန်ဇိုင်းစိုက်ပျိုးရေးမှာ အကြမ်းအားဖြင့် နှစ်မျိုးရှိပြီး ကိုင်းဆက်ဘွန်ဇိုင်းဟာ အပင်သက်တမ်း ၂နှစ် ကနေ ၃နှစ်ခန့် ရှည် ကာ အစေ့ပေါက်စိုက် ဘွန်ဇိုင်းကတော့ သက်တမ်းအားဖြင့် ၆နှစ်မှ ၇နှစ်ခန့် ရှည်ကြတယ်လို့ ကိုသားကြီးက ရှင်းပြပါတယ်။
ဘွန်ဇိုင်းပင် သက်တမ်းဟာ စိုက်ပင်အမျိုးအစားပေါ် မူတည်ကာ ကွဲပြားမှုရှိနိုင်ပြီး ရာမညဘွန်ဇိုင်းကလပ်မှာ စိုက်ပျိုးထား တဲ့ ညောင်ပင်အမျိုးအစားဟာ လက်ရှိမှာ သက်တမ်းအရှည်ဆုံး ဘွန်ဇိုင်းပင်ဖြစ်ပြီး ရန်ကုန်၊ မန္တလေးဘွန်ဇိုင်းပင် ပြိုင်ပွဲ တွေမှာ ဆုရခဲ့ဖူးကြောင်း ကိုသားကြီးက ထပ်မံ ရှင်းပြပါတယ်။
ဘွန်ဇိုင်းယဉ်ကျေးမှုဟာ ဂျပန်နဲ့ တရုတ်ကနေ စခဲ့တယ်ဆိုပေမယ့် ဒီနေ့မှာတော့ ကမ္ဘာပတ်နေပါပြီ။ ခေတ်သစ် လူနေမှု ပုံစံတွေအရ အခန်းငယ် ၊ တိုက်ခန်းကျဉ်းထဲမှာ နေထိုင်ရတဲ့ မြို့ပြလူသားတွေအတွက်တော့ “ဘွန်ဇိုင်း” ပင်တွေဟာ စိတ် ချမ်းသာစရာ တောအုပ်ငယ်လေးတွေပါပဲ။
ဒါပေမယ့်လည်း “ဘွန်ဇိုင်း” တပင်ရဖို့ ထည့်ဝင်ရတဲ့ အရင်းအနှီးက ငွေကြေးတင်မကဘဲ အချိန်၊ လုပ်အားအပြင် အနုပညာ နဲ့ နှလုံးသားကိုပါ ထည့်သွင်းပြီး ရင်းနှီးမြှုပ်နှံရလို့ “ဘွန်ဇိုင်း” စိုက်မယ်လို့ စဉ်းစားရင်တော့ ဒီအချက်ကိုလည်း ထည့်သွင်း စဉ်းစားသင့်ပါတယ်။ ကိုယ်စိုက်ပျိုးမယ့် အပင်ကို ကိုယ့်အနုပညာအမြင်နဲ့ ပုံဖော် ဖြတ်တောက်ရတာ ဖြစ်တဲ့အတွက် နှလုံး သားနဲ့ အနုပညာ အမြင်ဟာလည်း ဘွန်ဇိုင်းပင် စိုက်ပျိုးပြုစုမယ့် နေရာမှာ အရေးပါလှပါတယ်။
“ဒီမှာ ပြထားတဲ့ အပင်တပင်က တန်ဖိုးတခု သတ်မှတ်ထားတယ် ဆိုရင်တောင်မှ ဘွန်ဆိုင်းအကြောင်း နားမလည်ဘဲနဲ့ ဝယ်သွားလို့ မရဘူး၊ အဲဒီလို လူကိုလည်း ကျနော်တို့ မရောင်းဘူး၊ ဒီအပင်က အမြဲတမ်း ပြုပြင် ထိန်းသိမ်းနေရမယ်၊ မပြုပြင် မထိန်းသိမ်းတတ်ဘူးဆိုရင် ဒီအပင်က ပုံပျက်သွားမယ်၊ ဘွန်ဇိုင်းဆိုတာ ဖြစ်မလာဘူး၊ အပင်ကြီးတပင် ပြန်ဖြစ် သွားမယ်” ဟု ရန်ကုန်ဘွန်ဇိုင်းကလပ် အဖွဲ့ဝင် ဦးကိုကိုနိုင်က ဆိုသည်။
အပင်အတွက် လိုအပ်မယ့် အာဟာရကို အချိုးအစားအလိုက်ကျွေး ၊ ကြီးထွားလာတဲ့ အကိုင်းဖျား၊ အကိုင်းနားတွေကို ခုတ်တန်ခုတ်၊ ဖြတ်တန်ဖြတ် ချန်ထားတန် ချန်ထား၊ အရမ်းမကြီးထွားလာအောင် အမြစ်တွေကိုဖယ်ရှားတန် ဖယ်ရှား ဖြတ်တန်ဖြတ် ရပါတယ်။
ဒါ့အပြင် သတ္တု နန်းကြိုးတွေနဲ့ ရံပြီး အကိုင်းတွေ သန်မာအောင် ပုံဖော်ပေးရတာဟာလည်း အနုပညာဆန်သလို နှစ်ရှည် သက်ကြီး၊ အပင်ကြီးမျိုးကို ပန်းအိုးထဲဝင်ဆံ့တဲ့ သက်ကြီးပုပင် ဖြစ်လာအောင် ပုံဖော် ရတာကတော့ တော်ရုံစိတ်ရှည်မှု၊ သာမန်ဝါသနာလောက်နဲ့ ရနိုင်မှာ မဟုတ်ပါဘူး။ ရေခံမြေခံ၊ ရာသီဥတုနဲ့ လိုက်လျောညီထွေဖြစ်မယ့် အပင်မျိုး ရွေးချယ် စိုက်ပျိုးဖို့လည်း အရေးကြီးပါတယ်။
“ဗီယက်နမ် နိုင်ငံမှာ အိမ်တိုင်းနီးပါး ဘွန်ဇိုင်းပင်တွေ ရှိတယ်။ စာသင်ကျောင်းတွေမှာလည်း ဘွန်ဇိုင်းပင်တွေ ထားတတ် ကြတယ်။ ဘွန်ဇိုင်းယဉ်ကျေးမှု ဖြစ်လာအောင် ဘယ်လိုုကနေ စလာသလဲဆိုတော့ ကျောင်းတွေကနေ စလာတယ်၊ ကျောင်းသားလေး ကလေးလေးတွေကအစ ဘွန်ဇိုင်းကိုလုပ်တတ်နေပြီ။ သူတို့ရဲ့ ယဉ်ကျေးမှု တရပ်လို ဖြစ်နေပြီ” ဟု ဗီယက်နမ် ဘွန်ဇိုင်းစိုက်ပျိုးရေးကို ၂၀၁၅ ခုနှစ်က သွားရောက် လေ့လာခဲ့တဲ့ ရန်ကုန်ဘွန်ဇိုင်းကလပ်အဖွဲ့ဝင် ဦးကိုကိုနိုင် က ပြောပြပါတယ်။
၎င်းတို့ ဗီယက်နမ်သို့ သွားရောက် လေ့လာခဲ့ပြီး ၂၀၁၅ ခုနှစ် ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ် သစ်ပင်စိုက်ပွဲ အခမ်းအနားမှာ ဘွန်ဇိုင်းစိုက်ပျိုးမှုကို ပြသခွင့်ပြုဖို့ ပါမောက္ခချုပ်ဆီမှာ ခွင့်တောင်းပြီး နှစ်စဉ် ကျင်းပလာခဲ့တာ တနှစ်ထက် တနှစ် လူ စိတ်ဝင်စားမှု ပိုမို ရရှိလာပေမယ့်လည်း ဈေးကွက်ရရှိဖို့နဲ့ ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးဖြစ်ထွန်းဖို့ အများကြီး လိုအပ် နေသေးတယ်လို့ ၎င်းက ထပ်မံ ရှင်းပြပါတယ်။
မြန်မာနိုင်ငံသားတွေအဖို့ သမားရိုးကျ စိုက်ပျိုးရေးလုပ်ငန်းတွေ၊ နည်းစနစ်ပိုင်းဆိုင်ရာတွေနဲ့ မစိမ်းကြပေမယ့် ဘွန်ဇိုင်း စိုက်ပျိုးရေးကတော့ မြန်မာလူမျိုးတွေ အကြားမှာ ကျယ်ကျယ်ပြန့်ပြန့် မရောက်ရှိသေးတဲ့ နည်းပညာတခုပါ။ ဘွန်ဇိုင်း ဆိုတာကို ထဲထဲဝင်ဝင်သိဖို့ မဆိုထားနဲ့ ကြားတောင် မကြားဖူးသေးတဲ့ လူတွေ အများအပြား ရှိနေပါသေးတယ်။
သစ်ပင်စိုက်ခြင်းဟာ အနုပညာတရပ်လို့ တင်စားရင် ဘွန်ဇိုင်းအနုပညာက မြန်မာတွေနဲ့ ဝေးနေသလို ဘွန်ဇိုင်း ဈေးကွက်ကလည်း မြန်မာ့မြေပေါ်မှာ ကျယ်ကျယ်ပြန့်ပြန့် မဖြစ်ထွန်းနိုင်သေးပါဘူး။
သက်ကြီးပု အလှပင်များ မြန်မာ့ဈေးကွက်မှာ ကျယ်ပြန့်လာစေဖို့ ဘွန်ဇိုင်းချစ်သူများက မျှော်လင့်နေကြပါတယ်။