ဒီတခါမှာတော့ အိန္ဒိယရုပ်ရှင် နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်အတွက် ရိုက်ကူးထားတဲ့ Bombay Talkies ဆိုတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဇာတ်ကားကောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဘောလိဝုဒ်ရုပ်ရှင်လောကမှာ တခါမှ မထိတွေ့ဖူးခဲ့တဲ့ Anthology Film အနေနဲ့ထွက်ရှိလာတာဖြစ်ပြီး IMDB rating (6.8) အထိလည်း ရရှိထားပါတယ်။
ဒီဇာတ်ကားကို ရိုက်ကူးထားတဲ့ ဒါရိုက်တာတွေကတော့ Zoya Akhtar, Dibakar Banerjee, Karan Johnarနဲ့ Anurag Kashyap တို့ပဲဖြစ်ပါတယ်။ ဒီဇာတ်ကားမှာတော့ မျက်နှာသစ်သရုပ်ဆောင်တော်တော်များများကို ထည့်သွင်းရိုက်ကူးထား တာဖြစ်ပြီး မင်းသား Nawazuddin Siddiqui အပါအဝင် နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ မင်းသားကြီး Amitabh Bachchan နဲ့ မင်းသမီး Katrina Kaif တို့ကလည်း ပါဝင်အားဖြည့်ထားတာကို ကြည့်ရှုကြရမှာပဲ ဖြစ်ပါတယ်။
Bombay Talkies ဟာ ရုပ်ရှင်တကားထဲမှာပဲ Short Film (၄) ခုပါရှိပြီး ဇာတ်လမ်းတိုတခုကို နာမည်ကြီးဒါရိုက်တာ တယောက်ချင်းစီက ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ ပထမဦးဆုံး Short Film မှာတော့ လိင်တူချစ်သူ ကောင်လေး တယောက်အကြောင်းကို ရိုက်ကူးထားတာဖြစ်ပြီး လိင်တူချစ်သူတွေအပေါ် ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှုတွေကို ကြည့်ရှု ရမှာပဲ ဖြစ်ပါတယ်။
ဒုတိယ Short Film ကတော့ သရုပ်ဆောင်ဝါသနာကြီးလွန်းတဲ့သူတယောက်အကြောင်းကို ကြည့်ရှုသူစိတ်ထဲ ထိထိရှရှ ဖြစ်အောင် ပုံဖော်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။
တတိယ Short Film ကတော့ Bombay Talkies တကားလုံးမှာ အကြိုက်ဆုံးလို့ပြောလို့ရတဲ့ Short Film ပဲဖြစ်ပါတယ်။ ၁၂ နှစ်အရွယ်ကောင်လေး Vicky ဟာမင်းသမီး Katrina Kaif ကိုအသည်းစွဲကြိုက်နှစ်သက်တဲ့ ကောင်လေးတယောက် ဖြစ်ပြီး Katrina Kaif ရဲ့ကကွက်တွေကို လက်မလွှတ်တမ်းကြည့်ရှုပြီး အကပညာရှင်ဖြစ်ချင်သူလေးပါ။ သူအဖေ့ကတော့ ဘောလုံးကစားသမားတယောက်ဖြစ်စေချင်ပြီး မိဘနဲ့သားသမီးကြားက လွဲချော်မှုတွေကို ဒါရိုက်တာ Zoya Akhtar ကပုံဖော်ရိုက်ကူးပေးထားတာပဲ ဖြစ်ပါတယ်။
စတုတ္ထမြောက် Short film ကတော့ တောရွာလေးတရွာက Vijay ဆိုသူဟာ နာမကျန်းဖြစ်နေတဲ့ ဖခင်ဖြစ်သူရဲ့ ဆန္ဒကိုဖြည့်ဆည်းပေးဖို့အတွက် မွန်ဘိုင်းမြို့ကို ရထားတတန်၊ကားတတန်နဲ့ ထွက်လာခဲ့ပါတယ်။ ဖခင်ဖြစ်သူရဲ့ နောက်ဆုံးဆန္ဒကလည်း အင်မတန်မှထူးဆန်းပါတယ်။
သူအသည်းစွဲကြိုက်နှစ်သက်ရတဲ့ မင်းသားကြီး Amitabh Bachchan စားပြီးသား မုန့်အချိုကိုမှ စားချင်ပါတယ်ဆိုတဲ့ ဆန္ဒပဲဖြစ်ပါတယ်။ မင်းသားကြီး Amitabh Bachchan ဆိုတာဟာလည်း အိန္ဒိယရဲ့ထိတ်ထိတ်ကြဲမင်းသားတလက် ဖြစ်တာကြောင့် တွေ့ခွင့်ရဖို့ဆိုတာဟာ ခက်ခဲလွန်းပါတယ်။ ဖခင်ဖြစ်သူရဲ့နောက်ဆုံးဆန္ဒကို ဖြည့်ဆည်းပေးချင်တဲ့ Vicky တယောက် ဖြည့်ဆည်းပေးနိုင်မလားဆိုတာကတော့ ဆက်လက်ကြည့်ရှုကြရမှာပဲ ဖြစ်ပါတယ်။
ဒီဇာတ်ကားမှာတော့ ဇာတ်လမ်းတပိုင်းချင်းစီမှာ ပေးချင်တဲ့ ရသတွေဟာ တခုနဲ့တခုမတူအောင်ကိုပဲ ဒါရိုက်တာလေးဦးက ရိုက်ကူးထားတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ နှစ်တရာအတွင်း ဘောလိဝုဒ်ရုပ်ရှင်လောကရဲ့ တိုးတက်မှုတွေကို တွေ့မြင်ရမှာဖြစ်ပြီး ၂၀၁၃ ခုနှစ်ရဲ့ကိန်းရုပ်ရှင်ပွဲတော်မှာပါ သွားရောက်ပြသခဲ့တဲ့ ဇာတ်ကားကောင်းဖြစ်တာကြောင့် ရုပ်ရှင်ချစ်ပရိသတ်တွေအတွက် ညွှန်းဆိုပေးလိုက်ပါတယ်။