အမေရိကန်မင်းသမီး မီဂန်မာကယ်ဟာ အခုမတ်လကုန်ပိုင်းမှာ ဗြိတိန် တော်ဝင်မိသားစုဝင်အဖြစ်ကနေ တရားဝင် နုတ်ထွက်ပြီးရင်တော့ မင်းသား Tom Cruise နဲ့အတူ ရုပ်ရှင်တခုမှာ ပါဝင်လာနိုင်ချေ ရှိနေပါတယ်။
အွန်လိုင်းမှာ ပျံ့နှံ့နေတဲ့ ကောလာဟလ သတင်းတွေအရ Sussex မြို့စားကတော် မီဂန်ဟာ မကြာခင် အနုပညာလုပ်ငန်းတွေ ပြန်လည် လုပ်ကိုင်တော့မှာဖြစ်ပြီး ကမ္ဘာကျော် အက်ရှင်စတား Tom Cruise ကလည်း နောက်ထပ်ရိုက်မယ့် သူ့ရဲ့ ရုပ်ရှင်တကားမှာ မင်းသမီး မီဂန်ကို ဖိတ်ခေါ်ချင်နေတယ်လို့ သိရပါတယ်။
သတင်းတွေမှာ ပြောဆိုထားသူတဦးက “တကယ်လို့ မီဂန်ကို ရုပ်ရှင်ရိုက်ကွင်း တခုဆီ တယောက်ယောက်က ပြန်ခေါ်နိုင်မယ်ဆိုရင် အဲ့ဒါက Tom ပဲ ဖြစ်ပါတယ်။ ဟောလိဝုဒ် နာမည်ကျော် စတားတဦးနဲ့အတူ တွဲပြီး ရုပ်ရှင်တခုမှာ သရုပ်ဆောင်ရတာလောက် ပိုကောင်းတာ မရှိတော့ပါဘူး။ နောက်ထပ် ရုပ်ရှင်အတွက် အသေးစိတ် အချက်အလက်တွေကို မသိရသေးပေမယ့် သတင်းရင်းမြစ်တွေကတော့ နောက်ထပ် ရိုက်မယ့် ရုပ်ရှင်မှာ မီဂန့်ကို ရိုက်ကူးစေချင်တယ်” လို့ ပြောဆိုခဲ့ပါတယ်။
ဒါပေမဲ့ အဲ့ဒီလိုမျိုး သတင်းတွေ ဘယ်ကနေ ထွက်ပေါ်လာတယ်ဆိုတာကို ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ မင်းသမီး မီဂန်နောက်ဆုံး သရုပ်ဆောင်ထားတဲ့ စီးရီးက “Suits” ဖြစ်ပြီး ၂၀၁၁ ခုနှစ် ပထမဆုံး Season ကနေ ၂၀၁၈ ခုနှစ်မှာ မနုတ်ထွက်မီ အချိန်အထိ Rachel Zane အဖြစ် ပါဝင်ခဲ့တာဖြစ်ပါတယ်။
၂၀၁၈ ခုနှစ်မေလမှာတော့ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနဲ့ လက်ထပ်ခဲ့ပါတယ်။ အခုနှစ်အစောပိုင်းမှာကတော့ Disney နဲ့ အသံသရုပ်ဆောင်ဖို့ သဘောတူညီချက် တခုကို ရရှိဖို့ ခင်ပွန်း ဟယ်ရီက ကူညီပေးခဲ့တယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်ခဲ့ပါသေးတယ်။
သူတို့စုံတွဲ နှစ်ဦးဟာ ကုမ္ပဏီ စီအီးအို Bob Iger နဲ့ ၂၀၁၉ ခုနှစ် ဇူလိုင်လမှာ တွေ့ဆုံခဲ့ပါတယ်။ လန်ဒန်မြို့မှာ ကျင်းပခဲ့တဲ့ “The Lion King” အထူးပွဲမှာ သူတို့ ၃ ဦးရဲ့တွေ့ဆုံမှုအတွင်း မင်းသမီးမီဂန်ရဲ့ အရည်အသွေးတွေကို စီအီးအို Bob ထံကြော်ငြာပေးနေတာကို ဗီဒီယိုတွေထဲမှာ မြင်တွေ့ခဲ့ရပါတယ်။
အွန်လိုင်းပေါ်မှာ ပျံ့နှံ့လာတဲ့ ဗီဒီယိုတခုမှာဆိုရင် အသက် ၃၅ နှစ်အရွယ် မင်းသား ဟယ်ရီက “သူ အသံသရုပ်ဆောင်လုပ်တာ ခင်ဗျားသိလား။ အဲ့ဒါကို ခင်ဗျားသိခဲ့လား။ ခင်ဗျား အံ့သြသွားခဲ့တဲ့ပုံပဲ” လို့ ပြောဆိုခဲ့ပါတယ်။