COVID-19 ကာလမှာ ရုပ်ရှင်ရိုက်ကူးမှုများ ရပ်ဆိုင်းထားရတဲ့အတွက် စားဝတ်နေရေး အခက်အခဲ ဖြစ်နေသူများကို မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ ကူညီထောက်ပံ့မှုများ ပေးလျက်ရှိသလို ရုပ်ရှင်လောကသား အချင်းချင်းလည်း ပြန်လည် လှူဒါန်းမှုများ ပြုလုပ်နေကြတာကို တွေ့ရပါတယ်။
ဒီလိုလှူဒါန်းတာတွေဟာ အခုအချိန်မှာ ဘယ်လောက်ပဲလှူလှူ သိန်းထီပေါက်သလို ထင်ရတယ်လို့ ဇာတ်ပို့ သရုပ်ဆောင် ဂွမ်းပုံကြီးက ဧရာဝတီကို ပြောပါတယ်။
“အခုချိန်ခါက ၅ ပြားမှ မဝင်တဲ့အချိန်လေ။ ဒါကြောင့် ၁ ထောင်ပဲပေးပေး၊ ၁ သောင်းပဲ ပေးပေး ဘယ်လောက်လှူလှူ ကိုယ်တွေက အဆင်ပြေတာပေါ့။ သိန်းထီပေါက်သလားတောင် အောက်မေ့ရတယ်”
“ဆန်လေးပဲ ဝယ်နိုင်ဝယ်နိုင်၊ ဆီလေးပဲ ဝယ်နိုင်ဝယ်နိုင်၊ အခုအချိန်အခါကလေ တီဂွမ်းတို့ဆို လင်မယား နှစ်ယောက်ပဲဖြစ်တဲ့အတွက် ဈေးဖိုး ၂၅၀၀ ဆို လောက်တယ်။ သူဘယ်လောက်ပေးပေး ကိုယ့်အတွက် ဈေးဖိုး တရက်စာ ပေးရင်တောင် မနည်းပါဘူး” လို့ ဂွမ်းပုံကြီးက ဧရာဝတီကို ပြောပါတယ်။
လက်ရှိမှာတော့ အလုပ် မရှိတာကြောင့် သားတွေက ကျွေးမွေးထားတာကို စားနေရပြီး ကျန်းမာရေးဝန်ကြီးဌာနက ညွှန်ကြားချက်အတိုင်း နေထိုင်တယ်လို့ ဆိုပါတယ်။
“သားတွေက ကျွေးတယ် ဖအေနဲ့ မအေကို။ ကိုယ်တွေကတော့ အလုပ်မရှိဘူး။ ရိုက်ကူးရေးတွေကလည်း လုံးဝ မလာဘူး။ သူတို့လည်းရုံးတွေက ပိတ်ထားတာ ဆိုတော့။ သင်္ကြန် မရှိတော့လည်း အိမ်မှာရှိတာလေး ထုတ်စားပြီးတော့ ကျန်းမာရေးဌာနက ညွှန်ကြားတဲ့အတိုင်း အိမ်မှာပဲ နေကြတာပေါ့” လို့ ဂွမ်းပုံကြီးက ပြောပါတယ်။
ရုပ်ရှင်လောကမှာ အမျိုးသမီးသက်ကြီး အနုပညာရှင်များနဲ့ ဖွဲ့စည်းထားတဲ့ အမေများအဖွဲ့နဲ့ မမများအဖွဲ့ဆိုပြီး ရှိတဲ့အနက် အမေများအဖွဲ့ကိုတော့ အသက်ကြီးတဲ့ အမေများဖြင့် ဖွဲ့စည်းထားတာကြောင့် ဂါရဝ တရားနဲ့ လှူဒါန်းကြပြီး မမများအဖွဲ့မှာလည်း မပြေလည်တဲ့သူတွေ ရှိတာကြောင့် လှူဒါန်းစေချင်တယ်လို့ ပြောပါတယ်။
“အမေများအဖွဲ့ကိုတော့ ဂါရဝတရားထားတာပေါ့ကွယ်။ အသက်တွေကြီးပြီဆိုတော့ လှူကြတာကိုး။ တီဂွမ်းတို့ကျတော့ ငယ်သေးတယ်ဆိုတဲ့ သဘောပေါ့။ ၆၆ လေ။ ငယ်သေးတာပေါ့ကွယ်။ မမများအဖွဲ့ကလည်း လိုအပ်တာပေါ့။ ပြည့်စုံတဲ့သူ ရှိသလို မပြည့်စုံတဲ့သူတွေလည်း ရှိတယ်။ အဲ့တော့ ဒီလိုထောက်ပံ့ကြေးလေးတွေရတော့ သူတို့လည်း ပျော်ကြတယ်ပေါ့။ ရပါစေ။ သူတို့ကိုလည်း ပေးလိုက်ကြပါ” လို့ ဂွမ်းပုံကြီးက ပြောပါတယ်။
ဝါရင့်ဇာတ်ပို့သရုပ်ဆောင်ဂွမ်းပုံကြီးကတော့ အသက် ၆၆ နှစ်ရှိပြီဖြစ်ပြီး အမျိုးသားဖြစ်သူကလည်း သရုပ်ဆောင် တဦးဖြစ်တာကြောင့် အခုအချိန်မှာ အလုပ် မရှိတော့တဲ့အတွက် သားများရဲ့ထောက်ပံ့မှုဖြင့် ရပ်တည် နေထိုင်နေလျက်ရှိတယ်လို့ သိရပါတယ်။
You may also like these stories:
“ဝေဖန်ခံရပေမယ့် ခံစားမနေတော့ပါဘူး”လို့ လူကြမ်း ဦးဘဂျမ်း ပြော
“တခြား စီးပွားရေး မလုပ်ခဲ့တာ နောင်တရတယ်”လို့ ကိုကိုဦး ပြော
“အမေများအဖွဲ့” မှာ ငွေကြေးလည်း လိုအပ်နေတယ်လို့ ဒေါ်နွဲ့နွဲ့စမ်းပြော