မြန်မာနိုင်ငံမှ တိုင်းရင်းသားများရဲ့ ရိုးရာယဉ်ကျေးမှုနဲ့ ခရီးသွားမြှင့်တင်ရေးပွဲတော် “သွေးချင်းတို့ရဲ့ ပွဲတော်ဆီ” ကို ရန်ကုန်မြို့မှာ ၆ ရက်ကြာပြုလုပ်သွားမယ်လို့ သိရပါတယ်။
အဆိုပါ “သွေးချင်းတို့ရဲ့ ပွဲတော်ဆီ” ဆိုတဲ့ ပွဲတော်ကိုတော့ မြန်မာနိုင်ငံတိုင်းရင်းလူမျိုးများ နေထိုင်ရာဒေသ၊ ရိုးရာ အဆောက်အဦများ၊ တိုင်းရင်းသားဒေသတွေမှာရှိတဲ့ ခရီးသွားလုပ်ငန်းဆိုင်ရာ စိတ်ဝင်စားဖွယ်ရာများ လေ့လာရန်၊ ထုတ်ကုန်များ ၊ ရိုးရာအဝတ်အထည်များ ၊ တိုင်းရင်းသားစီးပွားရေးလုပ်ငန်းစု အချင်းချင်းမြှင့်တင်ရန်နဲ့ ငြိမ်းချမ်းရေးကို အထောက်အကူပြုသွားနိုင်ရန် ရည်ရွယ်ပြုလုပ်ရခြင်း ဖြစ်တယ်လို့ သိရပါတယ်။
“ဒီပွဲတော် ပြုလုပ်ရခြင်းဖြင့် တိုင်းရင်းသားလူမျိုးစုများနဲ့ သူတို့ရဲ့ ယဉ်ကျေးမှုကို ဂုဏ်ပြုဖော်ထုတ်ပြသရုံသာမက နိုင်ငံတော်အတွက် အရေးကြီးတဲ့ ခရီးသွားလုပ်ငန်းကိုလည်း အထောက်အကူပြုစေမယ်လို့ ယုံကြည်ပါတယ်။ ဒါ့အပြင် ဒေသအလိုက်ထုတ်ကုန်များ ၊ အစားအသောက်များနဲ့ ရိုးရာအဝတ်အထည်များအတွက်လည်း ဈေးကွက်ဖော်ထုတ်ပေးနိုင်မယ့် အခွင့်အလမ်းရရှိနိုင်မှာဖြစ်တယ်” လို့ ပွဲကျင်းပရေးကော်မတီမှ တာဝန်ရှိသူတဦးက ပြောပါတယ်။
“သွေးချင်းတို့ရဲ့ ပွဲတော်ဆီ”ကိုတော့ ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၂၅ ရက်နေ့မှ ၃၀ ရက်နေ့ထိ ရန်ကုန်မြို့ ကျိုက္ကစံကွင်းမှာ ပြုလုပ်သွားမှာဖြစ်ပြီး တိုင်းရင်းသားလူမျိုးစုအလိုက် နေထိုင်ရာဒေသနှင့် ရိုးရာအဆောက်အဦများ ၊ဒေသအသီးသီး၏ သာယာလှပတဲ့ ခရီးသွားဆိုင်ရာ စိတ်ဝင်စားဖွယ်ရာများ ၊ တိုင်းရင်းသားလူမျိုးစုများ၏ ရိုးရာယဉ်ကျေးမှုနဲ့ ဓလေ့ထုံးတမ်း အစဉ်အလာများ ၊ တိုင်းရင်းသားလူမျိုးစုအလိုက် ထုတ်ကုန်များ ၊ စားသောက်ဖွယ်ရာများနှင့် ရိုးရာအဝတ်အထည်များကို ခင်းကျင်းပြသသွားမှာဖြစ်ပါတယ်။
အဆိုပါပွဲတော်ကိုတော့ မြန်မာနိုင်ငံတိုင်းရင်းသား လုပ်ငန်းရှင်များအသင်းမှ ကြီးမှူးကျင်းပတာ ဖြစ်ပါတယ်။