ဆားဟာ ဟင်းလျာတိုင်းလိုလိုမှာ ထည့်သွင်း ချက်ပြုတ်လေ့ ရှိကြတဲ့ မီးဖိုချောင်သုံးပစ္စည်း တမျိုးလည်း ဖြစ်ပါတယ်။ ခန္ဓာကိုယ်ရဲ့ လုပ်ဆောင်ချက်တွေအတွက် ဆားဓာတ်ဟာ လိုအပ်တယ်ဆိုပေမယ့် ဆားစားသုံးမှုများခြင်းဟာ ခန္ဓာကိုယ် ကျန်းမာရေးအတွက်တော့ ဆိုးကျိုးတွေကိုသာ ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါကြောင့်မို့လို့ ဆားကို လိုအပ်တာထက် ပိုပြီး စားသုံးမိနေတယ်ဆိုရင် အခုဖော်ပြပေးမယ့် ကျန်းမာရေး လက္ခဏာတွေ ခံစားရနိုင်ပါတယ်။
(၁) ရေ မကြာခဏ ဆာမယ်
ခန္ဓာကိုယ်တွင်းမှာ ဆိုဒီယမ်ဓာတ်တွေ များပြားလွန်းတဲ့အခါ ခန္ဓာကိုယ်ဟာ ရေကို အဆက်မပြတ် တောင်းဆိုတာကြောင့် ရေမကြာခဏ ဆာလာတတ်ပါတယ်။ ကိုယ်တွင်းက ပိုလျှံနေတဲ့ ဆားဓာတ်ကို ဖယ်ရှားဖို့ အတွက် ရေဓာတ် လိုအပ်တာကြောင့် ရေဆာတဲ့အကြိမ် ရေများလာခြင်းပဲ ဖြစ်ပါတယ်။
(၂) မကြာမကြာ ခေါင်းကိုက်လာမယ်
မကြာခဏ ဆိုသလို ခေါင်းကိုက်ဝေဒနာကို ခံစားရလာတယ်ဆိုရင်တော့ သင့်ရဲ့ စားသောက်မှု ပုံစံကို ပြန်လည် ဆန်းစစ်သင့်နေပါပြီ။ ဆား စားသုံးမှုများပြားခြင်းဟာ ကိုယ်တွင်းရေဓာတ်ကို ခမ်းခြောက်စေပြီး ခေါင်းကိုက်ခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။
(၃) သွေးပေါင်ချိန် မြင့်တက်လာမယ်
ဒါကတော့ လူတိုင်းသိပြီးသား အချက်တခုပါ။ ဆားမှာပါဝင်တဲ့ ဆိုဒီယမ်ဓာတ်ဟာ သွေးပေါင်ချိန်ကို မြင့်တက်စေတာကြောင့် သွေးတိုးရောဂါ ခံစားနေရသူတွေအဖို့ ဆင်ခြင် စားသုံးသင့်ပါတယ်။
(၄) အာရုံစူးစိုက်မှု အားနည်းလာမယ်
ဆားစားသုံးမှု များပြားခြင်းဟာ ဦးနှောက်ရဲ့ လုပ်ဆောင်နိုင်စွမ်းတွေကို နှေးကွေးစေပြီး အာရုံစူးစိုက်မှု အားနည်းခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ရေရှည်မှာ မှတ်ဉာဏ် ချို့ယွင်းလာခြင်းနဲ့ ဦးနှောက်သွေးကြော ထုံးတာမျိုးတွေအထိပါ ဖြစ်စေနိုင်တာကြောင့် ဆင်ခြင် စားသုံးသင့်ပါတယ်။
(၅) ခန္ဓာကိုယ် အစိတ်အပိုင်းတွေ ရောင်ရမ်းလာမယ်
ဆားဓာတ်များတဲ့ အစားအစာတွေ စားသုံးခြင်းဟာ ခြေဆစ် လက်ဆစ်တွေ၊ ဒူးခေါင်း၊ ခြေသလုံးနဲ့ မျက်ခမ်းစတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေ ရောင်ရမ်း နာကျင်တွေမှုကို ဖြစ်ပေါ်စေပါတယ်။
Ref : brightside.me