ရှုပ်ထွေးလှတဲ့ လူနေမှုစနစ်နဲ့ စိတ်ညစ်ညူးစရာတွေနဲ့ပြည့်နှက်နေတဲ့ လူနေမှုပတ်ဝန်းကျင်မှာ စိတ်ခံစားမှုကြောင့် အလွန်အကျွံအစားစားမိခြင်းဟာ ပြဿနာတရပ်လို ဖြစ်လာနေပါတယ်။ စိတ်ညစ်လို့ အရက်သောက်သလိုမျိုးကိုပဲ စိတ်ညစ်တာနဲ့စိတ်ဖိစီးမှုများတာတွေ၊ ဝမ်းနည်းခြင်း၊ ဒေါသထွက်ခြင်း စတာတွေကြောင့် ပုံမှန်ထက်ပိုပြီး အစားစားမိခြင်းဟာ ဆယ်ကျော်သက်တွေနဲ့လူငယ်တွေမှာ အများဆုံးကြုံတွေ့နေရတာ ဖြစ်ပါတယ်။
ဒီပြဿနာကို ထိန်းချုပ်နိုင်မယ့် နည်းလမ်းတချို့ကို ပြန်လည်မျှဝေပေးလိုက်ရပါတယ်။
(၁) မိမိကိုယ်ကိုအဖြေရှာပါ
စိတ်ခံစားမှုကြောင့် အလွန်အကျွံအစားစားမိခြင်းကို ထိန်းချုပ်နိုင်ဖို့အတွက် သင့်ရဲ့စိတ်ခံစားမှုတွေကို အရင်ဆုံး အဖြေရှာသင့်ပါတယ်။ သင့်ကို စိတ်ဖိစီးစေတဲ့ အကြောင်းအရာတွေကို စာအုပ်ထဲမှာ ချမှတ်ပြီး ဒါတွေကို ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲဆိုတာနဲ့ လက်ရှိအခြေအနေကို ပြောင်းလဲပစ်ဖို့ ပြင်ဆင်ရမှာပဲ ဖြစ်ပါတယ်။ မိသားစုဝင် ဒါမှမဟုတ် မိတ်ဆွေသူငယ်ချင်းတွေရဲ့ အကူအညီတွေနဲ့ မိမိလက်ရှိအခြေအနေကို သေချဆွေးနွေး တိုင်ပင်သင့်ပါတယ်။
(၂) စိတ်ခံစားမှုကြောင့်မဟုတ်ဘဲ တကယ်ဆာမှသာ စားပါ
စိတ်ညစ်လို့၊ စိတ်ရှုပ်လို့ အစားစားခြင်းထက် အမှန်တကယ်ဗိုက်ဆာမှသာ စားသင့်ပါတယ်။ ပျင်းလို့ အာလူးကြော်စား တယ်၊ အအေးသောက်တယ် စတာမျိုးဟာလည်း စိတ်ခံစားမှုကြောင့် အစားစားတာမျိုးဖြစ်တာကြောင့် စိတ်ခံစားမှုကို ဦးစားပေးပြီး အစားမစားဖို့အတွက် အကြံပြုချင်ပါတယ်။
(၃) စားချင်စိတ်ဖြစ်ပေါ်လာတိုင်း ခေတ္တစဉ်းစားပါ
စိတ်ခံစားမှုတွေ ပြင်းထန်လာပြီး အစားစားချင်လာတိုင်း ခဏလောက် စဉ်းစားပြီး အချိန်ဆွဲခြင်းက သင့်ကို အထောက်အကူ ဖြစ်စေမှာပဲဖြစ်ပါတယ်။ ဘာကြောင့် အစားစားချင်လာတာလဲဆိုတာကို သေချာစွာစဉ်းစားပြီး အချိန်ဆွဲလိုက်ခြင်းက Emotional Eating ကို ထိန်းချုပ်ပေးနိုင်မှာပဲဖြစ်ပါတယ်။
(၄) အစားစားတဲ့အခါတိုင်း အရသာခံ စားပါ
စိတ်ကို ထိန်းချုပ်မရလို့ စားလိုက်မိတဲ့အခါတိုင်း အလျင်စလို စိတ်လိုက်မာန်ပါ စားလိုက်ခြင်းထက် မိမိစားနေတဲ့အစားအစာကို သေချာအရသာခံပြီး စားသုံးခြင်းက အလွန်အကျွံစားမိခြင်းကို ချုပ်ထိန်းနိုင်မှာဖြစ်သလို မိမိဘာကြောင့် စားမိလဲဆိုတာကိုပါ ပြန်လည်စဉ်းစားမိစေမှာ ဖြစ်ပါတယ်။
Ref. www.recoverywarriors.com