Japan National Football Team အမည်နဲ့ အာရှအတွက် ဂုဏ်ဆောင်နေတဲ့ ဂျပန် လက်ရွေးစင် အသင်းက လာမယ့် ၂၀၁၈ ခုနှစ် ရုရှ ကမ္ဘာ့ ဖလားမှာလည်း ဝင်ခွင့်ရထားပါတယ်။ အုပ်စုလည်း ချောင်နေပါတယ်။ ဂျပန် ဘောလုံး အဖွဲ့ချုပ်ရဲ့ လက်အောက်ခံ အသင်းပါ။ အသင်းကို အပြာရောင် ဆာမူရိုင်းများ (Samurai Blue) လို့လည်း ခေါ်ကြပါတယ်။ အာရှ ဘောလုံး အဖွဲ့ချုပ် (AFC) ကနေ အသိအမှတ်ပြုထားပြီး အာရှ ဘောလုံးပွဲတွေမှာလည်း ဝင်ကစားနေသလို အခု ကမ္ဘာ့ ဖလားမှာလည်း အာရှတိုက် အတွက် ခြေစစ်ပွဲအောင်ပြီး ကမ္ဘာ့ဖလား ဝင်ခွင့်ရထားတာ ဖြစ်ပါတယ်။ လက်ရှိ အသင်းကို Vahid Halilhodzic က ကိုင်တွယ်နေတာ တွေ့ရပါတယ်။
အသင်းက အိမ်ကွင်းမှာ အကျႌက အပြာနဲ့ အပြာနု အထက်အောက်၊ အစင်းကြားကို ဝတ်ဆင်တယ်၊ ဘောင်းဘီက အပြာ၊ ခြေအိတ်က အပြာနု ဖြစ်ပါတယ်။ အဖြူရောင် ခြေအိတ်အနားကွပ်လေးတွေ ပါရှိပါတယ်။ အဝေးကွင်းမှာတော့ အကျႌ အဖြူ ပေါ်မှာ မိုးပြာရောင် အစက်လေးတွေ ပါရှိပြီး ဘောင်းဘီနဲ့ ခြေအိတ်ကို အဖြူ အနေနဲ့ ဝတ်ဆင်ကစားပါတယ်။ အပြာရောင် ခြေအိတ် အနားကွပ်လေးတွေ ပါရှိတာလည်း ဖြစ်ပါတယ်။
အသင်းက အခု နောက်ပိုင်း ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်ပြီး ကာလအတွင်း ခြေစမ်းပွဲတွေမှာ ရလဒ် ဆိုးရွားနေပြီး FIFA ကနေ အဆင့်သတ်မှတ်ချက်လည်း အခုလတွေထဲမှာ လျော့ကျနေတာ တွေ့ရပါတယ်။ ဒီဇင်ဘာလ အတွင်း အထိ ဖီဖာရဲ့ အဆင့် သတ်မှတ်ချက် ၅၅ မှာ ရောက်နေပြီး ဒါဟာ နိုဝင်ဘာလဆန်း အတွင်းက အဆင့်ထက် ၁၃ ဆင့်ထိ လျော့ကျသွား တာလည်း ဖြစ်ပါတယ်။ အသင်းက သမိုင်းတလျှောက် နိုင်ငံ အလိုက် အဆင့် အမြင့်ဆုံး သတ်မှတ်ခံရမှု အဖြစ်တော့ ၂၀၀၁ ခုနှစ် သြဂုတ်နဲ့ ၂၀၀၂ ခုနှစ် မတ်လတွေမှာ အဆင့် ၈ ထိအောင် အမြင့်ဆုံး ၂ ကြိမ် သတ်မှတ်ခံရဖူးပါတယ်။ သမိုင်း တလျှောက် အဆင့်အနိမ့်ဆုံး အနေနဲ့ ရောက်ရှိမှုကတော့ ၁၉၆၂ ခုနှစ် စက်တင်ဘာအတွင်းက ဖြစ်ပြီးအဆင့် ၁၂၃ ထိ ရောက်သွားခဲ့တာ ဖြစ်ပါတယ်။
ဥရောပ အသင်းအများစုပဲ ၁၉၀၀ ပြည့်နှစ်တွေမှာ နိုင်ငံတကာ ပွဲစဉ်တွေ စတင် ကစားခဲ့တာ များပေမယ့် အာရှ အခြေစိုက် နိုင်ငံ အသင်း အများစုကတော့ ဘောလုံးကစားတာ နည်းနည်း နောက်ကျပါတယ်။ ဒါပေမယ့် ဂျပန်ကတော့ ဘောလုံး ကစားတဲ့ အစဉ်အလာကြီးသလို စိတ်ဝင်စားမှု များတယ် လို့ ဆိုရမှာပါ။ ပထမဆုံး နိုင်ငံတကာပွဲစဉ်ကို ၁၉၁၇ ခုနှစ် ကတည်းက ကစားနေပါပြီ။ ဒေသတွင်း ပြိုင်ဘက် တရုတ်နဲ့ ၁၉၁၇ ခုနှစ် မေလ ၉ ရက်က တိုကျိုမှာ လက်ခံ ကစားတာ ဖြစ်ပြီး အဆိုပါ ပွဲမှာ တရုတ်ကို ၅ ဂိုး ဂိုး မရှိနဲ့ ရှုံးခဲ့လို့ နိုင်ငံ အသင်းရဲ့ ပွဲဦးထွက် မလှခဲ့ပါ။
သမိုင်းတလျှောက် အကြီးမားဆုံး နိုင်ပွဲ အဖြစ်နဲ့က ၁၉၆၇ ခုနှစ် စက်တင်ဘာ ၂၇ ရက်နေ့က တိုကျိုမှာ ကစားခဲ့တဲ့ ဖိလစ်ပိုင်နဲ့ ပွဲ ဖြစ်ပြီး အဆိုပါ ပွဲမှာ ၁၅ ဂိုး ဂိုးမရှိနဲ့ နိုင်ထားပါတယ်။ ဒါပေမယ့် ထူးခြားချက်က အဆိုပါ အကြီးမားဆုံး နိုင်ပွဲက ဖိလစ်ပိုင်ကို ရှုံးကြွေးပြန်ဆပ်တယ် လို့ ဆိုရမှာပါ။ အကြောင်းက ဂျပန် အသင်း အတွက် အကြီးမားဆုံး ရှုံးပွဲကိုလည်း ဖိလစ်ပိုင်က ပေးထားလို့ပါ။
၁၉၁၇ ခုနှစ် မေလ ၁၀ ရက်နေ့က ဒုတိယမြောက် နိုင်ငံအသင်းပွဲ အဖြစ် တရုတ်နဲ့ ကစားပြီး ၂၄ နာရီ အကြာ ဖိလစ်ပိုင်နဲ့ပွဲမှာ ၁၅ ဂိုး၊ ၂ ဂိုးနဲ့ ထပ်ရှုံးလို့ ဖြစ်ပါတယ်။ ဒါဟာ နိုင်ငံ အသင်းအတွက် ၁၉၁၇ မှာ ပထမဆုံး ပွဲစဉ် စပြီး ကစားတယ်၊ မေလ ၉ ရက်မှာ တရုတ်၊ ၁၀ ရက်မှာ ဖိလစ်ပိုင်တွေနဲ့ ဖြစ်ပြီး ၂၄ နာရီ အတွင်း ၂ ပွဲကစားတယ် လို့ ဆိုနိုင်သလို ပထမဆုံး ရှုံးပွဲရော အကြီးမားဆုံး ရှုံးပွဲတွေပါ ရင်ဆိုင်ခံစားလိုက်ရတာပဲ ဖြစ်ပါတယ်။
ကမ္ဘာ့ဖလားနဲ့ ပတ်သတ်ရင်တော့ ၁၉၉၈ ခုနှစ်မှာ ကမ္ဘာ့ဖလား စတင် ဝင်ခွင့်ရခဲ့ပါတယ်။ လာမယ့် ၂၀၁၈ ကမ္ဘာ့ဖလားဟာ အသင်းအတွက် ၆ ကြိမ်မြောက် ဝင်ခွင့်ရခြင်း ပါ။ ဒါဟာ ၂၀၀၀ ခုနှစ်ဝန်းကျင်က စပြီး ဂျပန် အသင်းရဲ့ ခြေစွမ်း တိုးတက်မှု မှန်နေတာကို မြင်သာစေခဲ့ပါတယ်။ ကမ္ဘာ့ဖလား အတွင်း အမြင့်ဆုံး ရောက်ရှိမှု အနေနဲ့တော့ ၂၀၀၂ ခုနှစ်နဲ့ ၂၀၁၀ ခုနှစ် ပြိုင်ပွဲတွေမှာ ၁၆ သင်း အဆင့်ထိအောင် ရောက်ခဲ့ဖူးတာပါ။
အာရှ ဖလားမှာတော့ ၁၉၈၈ ခုနှစ်ကတည်းက ဝင်ခွင့်ရနေခဲ့ပြီး အခုထိအောင် ၈ ကြိမ် ဝင်ပြိုင်ထားပြီး ချန်ပီယံ ၄ ကြိမ် ဖြစ်ထားပါတယ်။ ၁၉၉၂၊ ၂၀၀၀၊ ၂၀၀၄ နဲ့ ၂၀၁၁ ခုနှစ်တွေမှာ ဖြစ်ပါတယ်။ Copa America ပြိုင်ပွဲမှာလည်း ၁၉၉၉ ခုနှစ်က ၁ ကြိမ် ဝင်ပြိုင်ဖူးပြီး အုပ်စုအဆင့်နဲ့ ထွက်ခဲ့ရပါတယ်။ ကွန်ဖက်ဒရေးရှင်း ဖလားကိုတော့ ၁၉၉၅ ခုနှစ်ကနေ စပြီး ၅ ကြိမ် ဝင်ခွင့် ရခဲ့သလို ၂၀၀၁ ခုနှစ်က ဒုတိယ ရခဲ့သည် အထိ အမြင့်ဆုံး ရောက်ခဲ့ပါတယ်။
ဒေသတွင်းမှာတော့ ဂျပန် အတွက် အဓိက ပြိုင်ဘက်တွေက တောင်ကိုရီးယားနဲ့ အခု နောက်ပိုင်း အာရှ ဘောလုံး အဖွဲ့ချုပ် လက်အောက်ကို ရောက်လာတဲ့ အင်အားကြီး သြစတြေးလျတို့ပဲ ဖြစ်ပါတယ်။ အထူးသဖြင့် ခြေစွမ်းကောင်းတဲ့ တောင်ကိုရီးယားနဲ့ ၇၈ ပွဲထိ ကစားဖူးပြီး ၁၄ ပွဲပဲ နိုင်ခဲ့ပါတယ်။ ၂၂ ပွဲ သရေကျပြီး ၄၁ ပွဲထိ ရှုံးထားလို့ တောင်ကိုရီးယားနဲ့ ယှဉ်ရင် မျက်နှာပန်းမလှ ဖြစ်နေပါတယ်။
သြစတြေးလျနဲ့ ဆိုရင်လည်း ၂၀၀၇ ခုနှစ် AFC အာရှဖလား၊ ၂၀၁၁ ခုနှစ် AFC အာရှဖလား ဗိုလ်လုပွဲ၊ ၂၀၁၃ ခုနှစ် EAFF အရှေ့အာရှဖလား ပွဲစဉ်တွေမှာ ရင်ဆိုင်ခဲ့ရပြီး ပြိုင်ဆိုင်မှု ပြင်းထန်ခဲ့ကြပြီး အခုတော့ ဂျပန်နဲ့ သြစတြေးလျတွေက အဓိက ပြိုင်ဘက်တွေ အဖြစ် ရှိနေပါပြီ။
ပြီးခဲ့တဲ့ ရက်ပိုင်း ဒီဇင်ဘာ ၁၂ ရက်က ခြေစမ်းပွဲမှာလည်း ဂျပန်က တရုတ်ကိုတော့ ၂ ဂိုး ၁ ဂိုးနဲ့ နိုင်တယ်၊ တောင်ကိုရီးယား ကိုတော့ ၁၆ ရက်နေ့က ပွဲစဉ်မှာ ၁ ဂိုး ၄ ဂိုးနဲ့ ရှုံးထားပါတယ်။ ဒါဟာ ဂျပန် အနေနဲ့ တောင်ကိုရီးယားကို ခြေစွမ်းချင်း ယှဉ်နိင်ဖို့ တော်တော်ကို လိုအပ်နေသေးသလို ဖြစ်နေစေပါတယ်။ လာမယ့် ကမ္ဘာ့ဖလား မတိုင်ခင် ဂျပန် အနေနဲ့ ခြေစမ်းပွဲ နောက်ထပ် ၂ ပွဲ ကစားဖို့ ရှိနေပြီး မတ်လ ၂၃ မှာ ယူကရိန်း၊ ၂၇ ရက်မှာ အာဂျင်တီးနားတို့နဲ့ ကစားမှာပါ။
ကမ္ဘာ့ဖလားမှာတော့ ဂျပန် အနေနဲ့ အုပ်စုချောင်နေပြီး ၂၀၁၈ ခုနှစ် ဇွန်လ ၁၉ ရက်မှာ ကိုလံဘီယာ၊ ၂၄ ရက်မှာ ဆီနီဂေါနဲ့ ၂၈ မှာ ပိုလန်တို့နဲ့ ကစားရမှာပါ။ ဂျပန် အတွက် ပိုလန်နဲ့ ကိုလံဘီယာ ၂ သင်းကိုပဲ အဓိက အာရုံစိုက်ရဖို့ ရှိနေပါတယ်။ ယခင်က ၁၆ သင်း အဆင့်ထိ ၂ ကြိမ် ရောက်ရှိပြီး အမြင့်ဆုံး အောင်မြင်ထားတဲ့ ဂျပန် အတွက် အခု ကမ္ဘာ့ဖလားမှာ ၁၆ သင်း အဆင့် ရောက်ဖို့ လွယ်ကူနေတဲ့ အနေအထား ဖြစ်နေပါတယ်။ ဒီတစ်ခါ ၈ သင်း အဆင့် (ကွာတားဖိုင်နယ်) အထိ ရောက်နိုင်ပါ့မလား။ စိန်ခေါ်မှု ပြင်းထန်နေမယ့် ပြိုင်ပွဲက ဂျပန်ကို စောင့်ဆိုင်းနေပါပြီ။
Ref: www.en.m.wikipeia.org