မကြာခင် ကျင်းပတော့မယ့် ကမ္ဘာ့ဖလားပွဲမှာတော့ အာရှနယ်ကနေ ခြေစစ်ပွဲအောင် အသင်း တသင်း ဖြစ်တဲ့ ဆော်ဒီအတွက် အုပ်စု အဆင့်က တက်ဖို့ ပွဲကျပ်တွေကို ရင်ဆိုင် ရုန်းကန်ရမယ့် အနေအထားပါ။ ဘာကြောင့်လဲ ဆိုတော့ အုပ်စုကျပ်ထဲမှာ ရောက်နေတာကြောင့်ပါ။ သို့ပေမယ့် ကမ္ဘာ့ဖလား ခြေစစ်ပွဲအောင်တယ် ဆိုကတည်းက အာရှ အတွက်ကတော့ အသင်းကြီးပါပဲ။
ဆော်ဒီအာရေဗျနိုင်ငံ ကိုယ်စားပြု လက်ရွေးစင်ဘောလုံးအသင်း ဖြစ်ပြီး သူတို့ကို ချစ်စနိုးနဲ့ The Green လို့လည်း ခေါ်ကြသလို The Falcons (သိမ်းငှက်များ) လို့လည်း ခေါ်ကြပါတယ်။ ဆော်ဒီ ဘောလုံး အဖွဲ့ချုပ်ရဲ့ လက်အောက်ခံ အသင်း တသင်းပါ။ အာရှ ဘောလုံး အဖွဲ့ချုပ် AFC ကလည်း အသိအမှတ်ပြုထားပြီး AFC ရဲ့ နယ်ပယ်ဝင် အသင်း တသင်း အဖြစ် သတ်မှတ်ထားပါတယ်။
ဒါပေမယ့် AFC မှာ နယ်ပယ်ပေါင်း များစွာ ရှိတယ်၊ အထူးသဖြင့် အာရှ အရှေ့ပိုင်းမှာ ဘောလုံး အင်အားကြီး နိုင်ငံ အသင်းတွေ ဖြစ်တဲ့ ဂျပန်၊ တောင်ကိုရီးယားနဲ့ အခြား အသင်းတွေ များစွာ ရှိပြီး AFC ကနေ ထပ်မံ ခွဲခြားထားပုံ အရ ဆော်ဒီက WAFF လို့ ခေါ်တဲ့ အနောက်အာရှ ဘောလုံးနယ်တွင်းမှာ ပါရှိတဲ့ အသင်း ဖြစ်ပါတယ်။
လက်ရှိ အသင်းကို တာဝန်ယူ နည်းပြနေသူက Juan Antonio Pizzi ဖြစ်ပါတယ်။ အသင်းခေါင်းဆောင်ကတော့ Osama Hawsawi ဖြစ်ပါတယ်။ ကြေးစားအဆင့် ဘောလုံး သမား ဖြစ်ပေမယ့် နာမည်ကြီး ကလပ်တွေမှာ ကစားနေသူ မဟုတ်လို့ ပြည်တွင်းက လူတွေနဲ့ နည်းနည်း စိမ်းပါတယ်။
အသင်းက လက်ရှိ ဖီဖာရဲ့ အဆင့် သတ်မှတ်ချက် ၆၃ မှာ ရှိနေပါတယ်။ ဒါဟာ ၂၀၁၇ အကုန်၊ နိုဝင်ဘာ၊ ဒီဇင်ဘာ ၂ လလုံး အဆိုပါ အဆင့်မှာ တည်မြဲနေတာပါ။ သမိုင်းတလျှောက် အဆင့် အမြင့်ဆုံး သတ်မှတ်ခံရမှု အဖြစ် ၂၀၀၄ ခုနှစ် ဇူလိုင်လက ရောက်ရှိခဲ့ပြီး အဆင့် ၂၁ ထိ ရောက်ခဲ့ပါတယ်။ ဒီလိုပဲ သမိုင်းတလျှောက် အဆင့် အနိမ့်ဆုံး ကျဆင်းမှု အဖြစ် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ အတွင်းက ခြေကျသွားခဲ့ပြီး အဆင့် ၁၂၆ ထိ ရောက်သွားတာပါ။
အာရှ အင်အားကြီး ဂျပန်၊ တောင်ကိုရီးယားတို့က နိုင်ငံတကာ ပွဲစဉ်တွေကို ၁၉၂၀ ပြည့်နှစ် ဝန်းကျင်တွေကတည်းက ကစားနေခဲ့ ပေမယ့် ဆော်ဒီကတော့ နည်းနည်း နောက်ကျပါတယ်။ အသင်း အတွက် ပထမဆုံး နိုင်ငံတကာ ပွဲစဉ်ကို ၁၉၅၇ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်ကမှ လက်ဘီနွန်နိုင်ငံ၊ ဘေရုမှာ သွားကစားခဲ့ပြီး အဆိုပါ ပွဲစဉ်မှာ တဖက် ၁ ဂိုးစီ သရေ ကျခဲ့ပါတယ်။
အသင်းက သမိုင်းတလျှောက် အကြီးမားဆုံး ဂိုးပြတ်နိုင်ပွဲ အဖြစ် ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၁၇ရက်နေ့က အရှေ့တီမော နိုင်ငံ၊ ဒီလီမှာ ကစားတဲ့ ပွဲမှာ အရှေ့တီမောကို ၁၀ ဂိုး ဂိုးမရှိနဲ့ နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီလိုပဲ သမိုင်း တလျှောက် အကြီးမားဆုံး ဂိုးပြတ် ရှုံးပွဲကို ၁၉၆၁ ခုနှစ် စက်တင်ဘာ ၃ ရက်နေ့က မော်ရိုကိုနိုင်ငံ၊ ကာဆာဘလန်ကာမှာ ကစားတဲ့ UAE နဲ့ပွဲမှာ ၁၃ ဂိုး ဂိုးမရှိနဲ့ ရှုံးခဲ့တာ ဖြစ်ပါတယ်။
ကမ္ဘာ့ဖလားပွဲစဉ်ကိုတော့ ၁၉၉၄ ခုနှစ်မှာ စတင် ဝင်ရောက်ခွင့်ရပြီး အခု ၂၀၁၈ ကမ္ဘာ့ဖလား ဝင်ခွင့်ရမှုနဲ့ အတူ ၅ ကြိမ် ဝင်ပြိုင်ခဲ့ ပေမယ့် အမြင့်ဆုံး အောင်မြင်မှု အနေနဲ့တော့ ၁၉၉၄ ခုနှစ် ကမ္ဘာ့ဖလားမှာ ၁၆ သင်း အဆင့်ထိအောင် ၁ ကြိမ် ရောက်ခဲ့ဖူးတာပဲ ဖြစ်ပါတယ်။
အာရှမှာတော့ အင်အားကြီး အသင်း တသင်း အဖြစ် သတ်မှတ်နိုင်တဲ့ ဆော်ဒီက အာရှဖလား ပွဲစဉ်ကို ပထမဆုံး အနေနဲ့ ၁၉၈၄ မှာ ဝင်ပြိုင်ပြီး အခုထိအောင် ၉ ကြိမ် ပြိုင်ထားပြီး ၁၉၈၄၊ ၁၉၈၈ နဲ့ ၁၉၉၆ တွေမှာ ချန်ပီယံ ၃ ကြိမ် ဖြစ်ထားပါတယ်။ ကွန်ဖက်ဒရေးရှင်း ဖလား မှာတော့ ၁၉၉၂ ခုနှစ်က စပြီး အခုထိ ၄ ကြိမ် ဝင်ခွင့်ရခဲ့ပြီး ၁၉၉၂ခုနှစ်က ဒုတိယဆုရသည်ထိ အောင်မြင်ခဲ့ဖူးတာ တွေ့ရပါတယ်။
ကမ္ဘာ့ဖလားပွဲစဉ် ဝင်ခွင့်ရမှု အနေအထားကို ကြည့်မယ် ဆိုရင် ၁၉၉၄၊ ၁၉၉၈၊ ၂၀၀၂ နဲ့ ၂၀၀၆ ခုနှစ် ကမ္ဘာ့ဖလားတွေ ကို ၄ ကြိမ် ဆက်တိုက် ဝင်ခွင့်ရတယ်၊ ၂၀၁၀ နဲ့ ၂၀၁၄ တွေမှာတော့ ခြေစစ်ပွဲ မအောင်ခဲ့ဘဲ အခု ၂၀၁၈ ကမ္ဘာ့ဖလား မှာ ခြေစစ်ပွဲ ပြန် အောင်လာတာပါ။
ဆော်ဒီရဲ့ ခြေစွမ်းပိုင်း အနေအထားက လာမယ့် ကမ္ဘာ့ဖလား အုပ်စုပွဲမှာ အုပ်စုလည်း ကျပ်နေသလိ ခြေစွမ်းပိုင်းလည်း အကောင်းဆုံး ပုံစံ ရှိ မနေလို့ အုပ်စု အဆင့်ကနေ ၁၆ သင်း အဆင့် တက်နိုင်ဖို့ မျှော်လင့်ချက် အလွန်နည်းပါးတယ် လို့ ခန့်မှန်းခံထားရပါတယ်။
နောက်ဆုံး ကစားခဲ့တဲ့ ရလဒ်တွေကို ကြည့်မယ် ဆိုရင်လည်း ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်က ကူဝိတ်ကို ၂ ဂိုး ၁ ဂိုးနဲ့ နိုင်တယ်၊ ၂၅ ရက်နေ့က UAEကို သရေကျထားသလို ၂၈ ရက်နေ့မှာ အိုမန်နဲ့ ကစားတဲ့ ပွဲမှာလည်း ခြေစွမ်းကောင်း မပြနိုင်တာ တွေ့ရပါတယ်။ လာမယ့် ကမ္ဘာ့ဖလားပွဲစဉ်က ဇွန်လ အတွင်းမှာ ကစားမှာ ဖြစ်ပေမယ့် ဒီကြားထဲ ၆ လလောက်ကို ခြေစမ်းပွဲ လုံး၀ ကန်ဖို့ ရှိမနေတာလည်း ဖြစ်ပါတယ်။
ကမ္ဘာ့ဖလား အုပ်စု အနေအထားမှာလည်း ပထမဆုံး ပွဲစဉ်ကို ဇွန်လ ၁၄ ရက်မှာ အိမ်ရှင် ရုရှနဲ့ ကစားရမယ်၊ ၂၀ ရက်နေ့မှာ အင်အားကြီး ဥရုဂွေးနဲ့ ကစားရမယ်၊ ၂၅ ရက်နေ့မှာ ဒေသတွင်း ပြိုင်ဘက် အီဂျစ်နဲ့ ကစားရဖု့ိ ရှိနေပြီး ခြေစွမ်းပိုင်းနဲ့ အိမ်ရှင် အားသာချက်တွေ အရ ရုရှနဲ့ ဥရုဂွေးကို ကျော်ဖြတ်နိုင်ဖို့ ဆိုတာ တော်တော်ကို ခက်ခဲမှာလည်း ဖြစ်ပါတယ်။
ဆော်ဒီအသင်း အတွက် ပွဲအများဆုံး ကစားထားသူက Mohamed Al-Deayea ဖြစ်ပြီး သူက ၁၉၉၃ ခုနှစ်ကနေ ၂၀၀၆ ခုနှစ် အတွင်း အသင်း အတွက် ၁၇၈ ပွဲထိအောင် ကစားပေးထားတယ်၊ လက်ရှိ အသင်းခေါင်းဆောင် Hawsawi က ၁၂၇ ပွဲ ကစားထားပြီး ၇ ဂိုး သွင်းပေးထားသူပါ။ အသင်း အတွက် ဂိုး အများဆုံး သွင်းထားသူက ၁၉၇၈ ခုနှစ်ကနေ ၁၉၉၄ ခုနှစ်ထိ ကစားပေးခဲ့တဲ့ Majed Abdullah ဖြစ်ပြီး သူက ၇၁ ပွဲပဲ ကစားခဲ့ပေမယ့် ဂိုးပေါင်း ၁၁၆ ဂိုးတောင် သွင်းခဲ့တာပါ။
လက်ရှိ ဆော်ဒီအတွက် အားထားရတဲ့ တိုက်စစ်မှူးကတော့ ၂၀၀၉ ခုနှစ်ကတည်းက အသင်းအတွက် ပါဝင် ကစားပေးနေတဲ့ Mohammad Al-Sahlawi ဖြစ်ပြီး သူက ၂၈ ပွဲ ကစားပေးထားသလို ၃၃ ဂိုး သွင်းယူပေးထားပေမယ့် ကမ္ဘာ့ ဖလားပွဲမှာ အားထားရလောက်တဲ့ ခြေစွမ်းမျိုး မရှိသလို နောက်ဆုံး ကစားတဲ့ ပွဲတွေမှာလည်း ဆော်ဒီရဲ့ သွင်းဂိုးတွေက နည်းနေလို့ အားရစရာ မရှိပါဘူး။
အသင်းရဲ့ ကစားဟန်ကလည်း ပေးဂိုးနည်း၊ သွင်းဂိုးနည်းပုံစံ ဖြစ်လို့ ၅ ကြိမ်မြောက် ကမ္ဘာ့ဖလားဝင်ခွင့်ရတဲ့ ဆော်ဒီအသင်းဟာ လာမယ့် ပြိုင်ပွဲမှာ ပရိတ်သတ်ကို အကျပ်အတည်းကြားကနေ ဘယ်လောက်ထိ အကောင်းဆုံး ခြေစွမ်းပြနိုင်မှာလား ဆိုတာ စောင့်ကြည့်ရမယ့် အနေအထားပါ။ ။
Ref: www.en.m.wikipedia.org