လူတယောက်ရဲ့ အကျင့်စရိုက်ကို သူတို့ ပြုမူလိုက်တဲ့ အပြုအမူကနေတဆင့် သိနိုင်ပါတယ်။ မနက်နိုးနိုးချင်း လန်းဆန်းနေတဲ့စိတ်ဟာ တနေ့တာကို အစပြုလိုက်သလို တနေကုန် ဘယ်လို ဖြတ်သန်းချင်တယ်၊ ဘာတွေ လုပ်ချင်တယ်၊ ဘယ်လို စိတ်ကူးတွေရှိတယ်ဆိုတာကို မနက်နိုးနိုးချင်း အပြုအမူတွေက ဖော်ထုတ်ပေးနိုင်သလို သင့်ပင်ကိုယ်စရိုက်ကိုပါ မြင်နိုင်ပါတယ်။
(၁) အိပ်ရာနိုးတာနဲ့ မျက်နှာကျက်ကို ငေးစိုက်ကြည့်သူ
မနက်နိုးတာနဲ့ မျက်နှာကျက်ကို ခဏလောက် ငေးစိုက်ကြည့်နေသူတွေက အမြော်အမြင်ရှိသူတွေလို့ ဆိုပေမယ့် တဖက်မှာလည်း တွေးတော ငေးမောတတ်သူတွေလို့ ဆိုပြန်ပါတယ်။ ကိုယ်လုပ်မယ့် ဆောင်ရွက်ရမယ့်ကိစ္စတွေ မလုပ်ခင် အဖြေကို အရင်ကြိုတွေးတတ်ကြပါတယ်။ ဆိုလိုရင်းကတော့ အလုပ်ကိစ္စတခု လုပ်မယ်ဆိုရင် မလုပ်ခင်၊ မစခင် အဆင်ပြေမယ့် နည်းလမ်းကို အရင် စဉ်းစားထားသူတွေလို့ ဆိုပါတယ်။
လူတော်တော်များများရဲ့ နာမည်နဲ့ မျက်နှာတွေကို အလွယ်တကူ မှတ်မိပေမယ့် ကိုယ်နဲ့ အဆင်ပြေတဲ့ လက်တဆုပ်စာ လူနည်းနည်းနဲ့ပဲ ပေါင်းသင်းရတာ သဘောကျသူပါ။ ကိုယ့်ဘေးနားက လူတွေဆီကနေ သင်ယူလေ့လာရတာကို နှစ်သက်ပါတယ်။ တခြားသူတွေထက် အချစ်ရေးမှာ တဖက်သားကို သိလိုစိတ်ပြင်းသူလို့ သတ်မှတ်ကြပါတယ်။
အချစ်ရေးမှာ သင့်ရဲ့ ကောင်းကွက်တွေကတော့ အကြပ်အတည်း ဖြေရှင်းနိုင်စွမ်းတွေ၊ ဘာမဆို စနစ်တကျ လုပ်တတ်ပုံတွေပါပဲ။ ဒါပေမဲ့ တဖက်လူကို ဒေါသထွက်ပြီ ဆိုရင်လည်း လူတွေ သိထားတဲ့သင့်ပုံစံနဲ့ ကွဲထွက်သွားပြီး ခပ်ကြမ်းကြမ်းလူမျိုး ဖြစ်သွားတတ်ပြန်ပါတယ်။
(၂) အိပ်ရာနိုးတာနဲ့ ချက်ချင်းထပြီး ကိုယ်လက် သန့်စင်သူ
အိပ်ရာနိုးတာနဲ့ တွေဝေငေးမောခြင်း မရှိဘဲ ငေါက်ခနဲထပြီး မျက်နှာသစ်၊ သွားတိုက် လုပ်တတ်သူဆိုရင်တော့ ရည်မှန်းချက်ကြီးပြီး စိတ်ခွန်အားပြင်းသူ တယောက်ပါ။ တုံ့ဆိုင်းမှုကြောင့် အခွင့်အရေး လက်လွှတ်ဆုံးရှုံးရမှာ ကြောက်တတ်သူပီပီ ဘယ်အရာမဆို ဉာဏ်သုံးပြီး ပါးပါးလျပ်လျပ် လုပ်ကိုင်ဆောင်ရွက် တတ်ပါတယ်။
တခြားသူတွေအမြင်မှာ စိတ်မရှည်တတ်ဘူးလို့မြင်ပေမယ့် သင်ကတော့ ဘယ်အရာအတွက်မဆို အမြဲ အဆင်သင့်ဖြစ်နေရတာကို သဘောကျပါတယ်။ စိန်ခေါ်မှုအသစ်တွေကို တောင့်တတတ်ပြီး စိတ်ခွန်အားကြီးသူမလို့ ဘယ်ကိစ္စကိုမဆို ဦးဆောင်ဖြေရှင်းချင်စိတ်ရှိပါတယ်။
အချစ်ရေးကိစ္စတွေမှာလည်း လက်တွေ့ကျကျ ဆုံးဖြတ်တတ်ပါတယ်။ ဘယ်ကိစ္စမဆို စိတ်မပါရင် လုံးဝမလုပ်ဘဲ ကောင်းကွက်ဆိုရင် ဖော်ရွေပြီး စောင့်ရှောက်တတ်တဲ့ နွေးထွေးတဲ့ နှလုံးသားပိုင်ရှင်တွေလို့ ဆိုပါတယ်။
(၃) အိပ်ရာနိုးတာနဲ့ မထသေးဘဲ ပြန်အိပ်ဖို့ စဉ်းစားနေသူ
အိပ်ရာနိုးတာနဲ့ ချက်ချင်းမထဘဲ ဟိုဘက်လှည့်၊ ဒီဘက်လှည့်နေပြီး ပြန်အိပ်ရတာသဘောကျတဲ့သူမျိုးကတော့ လွတ်လပ် ပေါ့ပါးပြီး ပျော်ပျော်နေတတ်သူတွေပါ။ ဟာသဉာဏ်ရွှင်သလို တချိန်တည်းမှာ ကောင်းတဲ့အမြင်နဲ့ပဲ ပတ်ဝန်းကျင်ကို ကြည့်ပြီး ကျေးဇူးတင်နေတတ်သူမျိုးပေါ့။ ဘယ်လိုစိတ်ပျက်စရာအခြေအနေ၊ စိတ်ယုတ်မာသူတွေနဲ့ပဲတွေ့တွေ့ အဆင်ပြေအောင်နေတတ်ပါတယ်။
ကိုယ့်စိတ်ညစ်နွမ်းမှာကို မလိုလားဘဲ အေးအေးချမ်းချမ်း နေတတ်သူမလို့လည်း သူတပါးဆီက ရယူမှုထက် ကိုယ်ကပဲ ပေးချင်စိတ်ရှိသူပါ။ အချစ်ရေးနဲ့ပတ်သက်ရင် နှစ်လိုဖွယ်ရှိပြီး သစ္စာတရားကို ကိုင်စွဲတတ်ပါတယ်။ သင့်ပြက်လုံးတွေနဲ့ လူတွေရဲ့ စိတ်ကို ဖမ်းစားနိုင်မှာမလွဲပါဘူး။
အချစ်ရေးနဲ့ပတ်သက်ရင် ဆက်ဆံရေးကို ပူနွေးနေအောင် စိတ်လှုပ်ရှားစေမယ့် အပြုအမူတွေ လုပ်တတ်သူပါ။ တခါတလေ သင့်လက်တွဲဖော်ကို ငြီးငွေ့လွယ်ပေမယ့် ယာယီသဘောမလို့ စိတ်ပူစရာ မရှိပါဘူး။ လူတွေကို မေတ္တာတရား၊ အချစ်တွေပေးဖို့ မွေးဖွားလာသူတယောက်ပါ။
Ref: Lessons Learned in Life