လန်ဒန်အခြေစိုက် ဒီဇိုင်နာတဦးဖြစ်တဲ့ Dominic Wilcox ရဲ့ အရပ်ပုသူတွေအတွက် သီးသန့် တီထွင်ထားတဲ့ Periscope မျက်မှန်ဟာ လတ်တလော လူအများရဲ့ စိတ်ဝင်စားမှု မြင့်တက်နေပါတယ်။ ဒီမျက်မှန်ဟာမိမိရဲ့ရှေ့မှာ ကာဆီးနေတဲ့ အရာအားလုံးကို ကျော်လွန်ပြီး အပေါ်စီးကနေ ကြည့်မြင်နိုင်အောင် လုပ်ဆောင်ပေးနိုင်မှာ ဖြစ်ပါတယ်။
ဒီမျက်မှန်မှာ သာမန် မျက်မှန်တွေထက် အသေးစား မှန်တချပ် အပိုပါဝင်မှာဖြစ်ပြီး ဒီ အပိုပါဝင်တဲ့ အသေးစား မှန်ကနေပဲ အရာအားလုံးကို အပေါ်စီးကနေ ကြည့်မြင်နိုင်မှာ ဖြစ်ပါတယ်။ Dominic တီထွင်လိုက်တဲ့ ဒီမျက်မှန်ဟာ နေ့စဉ် လူနေမှုဘဝမှာ အရပ်ပုသူတွေ ကြုံတွေ့ရတဲ့ အခက်အခဲတချို့ကို ဖြေရှင်းပေးနိုင်ဖို့အတွက် ရည်ရွယ်ပြီး ထုတ်လုပ်ထားတာလည်း ဖြစ်ပါတယ်။
“မေလတုန်းက လန်ဒန်မှာပြုလုပ်ခဲ့တဲ့ ဖျော်ဖြေပွဲတခုမှာ ကျနော့် အနောက်မှာ ကနေတဲ့ အရပ်ခပ်ပုပု အမျိုးသမီးတဦးဟာ ရှေ့မှာဖျော်ဖြေနေတဲ့ သီချင်းဆိုအဖွဲ့က အသံကိုပဲ ကြားရပြီး လူကို မမြင်ရတာကြောင့် သူ တော်တော် စိတ်အနှောင့်အယှက်ဖြစ်နေပုံကို ကျနော် သတိထားမိလိုက်ပါတယ်။ ဒါကြောင့်ပဲ ကျနော် ဒီမျက်မှန်ကို တီထွင်ဖို့ အကြံကို ရရှိခဲ့တာပါ၊ နေ့စဉ် လူနေမှုဘဝမှာလည်း ဒီလိုမျိုးလူတွေကို မကြာခဏဆိုသလို သတိပြုမိတာကြောင့်လည်း ဒီမျက်မှန်ကို တီထွင်ဖြစ်ခဲ့တာပါ”လို့ ဒီဇိုင်နာ Dominic က ပြောပါတယ်။
“တီထွင်ဖန်တီးမှုတွေ ပြုလုပ်နေဖို့ဆိုတာဟာ အခုလိုခေတ်ကြီးထဲမှာ တော်တော် အရေးကြီးပါတယ်။ လူနေမှုစနစ် တိုးတက် မြင့်မားလာတာနဲ့အမျှ အခက်အခဲတွေနဲ့ စိန်ခေါ်မှုတွေကလည်း များပြားလာတာကြောင့် တီထွင်ဖန်တီးမှုတွေ အမြဲမပြတ် ပြုလုပ်နေဖို့က အရေးကြီးပါတယ်”လို့ Dominic က ဆိုပါတယ်။
Dominic ဟာ လမ်းညွှန်ကုတ်အင်္ကျီ၊ ရေခဲပြင်စီးဖိနပ်၊ GPS Shoes စတဲ့ ပစ္စည်းတွေကို တီထွင်ခဲ့တာဖြစ်ပြီး အခုနောက်ဆုံး သူတီထွင်လိုက်တဲ့ ဒီမျက်မှန်ကိုတော့ ဝယ်ယူလို့ရမှာ မဟုတ်သေးပါဘူး။ လန်ဒန်မှာ ကျင်းပမယ့် D&AD Festival ပြုလုပ်တဲ့ အချိန်မှသာ ဝယ်ယူနိုင်မှာဖြစ်ပြီး လတ်တလောမှာတော့ တကမ္ဘာလုံးအတိုင်းအတာနဲ့ စိတ်ဝင်စားမှု မြင့်တက်နေတာ ဖြစ်ပါတယ်။
Ref. www.boredpanda.com
You may also like these stories:
Firefox မှာ လစဉ်ကြေးဝန်ဆောင်မှု ပါဝင်လာတော့မည်