နေ့စဉ် မိုးလင်းကနေ မိုးချုပ် ဘဝတွေထဲမှာ အားလုံးရဲ့ ဦးနှောက်တွေကို အတွေးတွေ၊ သတင်းတွေ၊ အကြောင်းအရာတွေနဲ့ နေ့စဉ် ဆေးကြောနေတာကတော့ မီဒီယာတွေ၊ သတင်းစာတွေ၊ ကြော်ငြာ ကုမ္ပဏီကြီးတွေ၊ Facebook ပေါ်က ဖတ်ရတဲ့ အကြောင်းအရာတွေပါပဲ။ ဒါတွေဟာ နေ့စဉ်လိုလို သင့်ရဲ့ ဦးနှောက်ကို Brainwash (ဦးနှောက်ဆေး) လုပ်ပေးနေတာပဲ ဖြစ်ပါတယ်။
အဲဒီကရတဲ့ သတင်းတွေ အချက်အလက်တွေနဲ့ သင့်ရဲ့ တနေ့တာဟာ ကုန်ဆုံးသွားမယ်ဆိုရင် မှားပါလိမ့်မယ်။ မနက်လင်းတဲ့ အချိန်ကစပြီး သင့်မှာရှိတဲ့ သိစိတ်၊ မသိစိတ်နှစ်ခုမှာ မသိစိတ်လို့ခေါ်တဲ့ အပိုင်းကနေ သင့်ကိုပြောနေတဲ့ တင်ပြနေတဲ့ ဆွဲဆောင်သိမ်းသွင်းနေတဲ့ အကြိမ်ပေါင်းဟာ တနေ့တနေ့ကို ၇၀,၀၀၀ ကျော်တယ်လို့ လေ့လာတွေ့ရှိသူတွေက မှတ်တမ်းတင်ထားပါတယ်။
ဒီထက်လည်း ပိုနိုင်ပါတယ်။ အဲဒီအထဲမှာ ကိုယ့်ကိုယ်ကိုယ် မကျေမနပ် ဖြစ်နေတာတွေ၊ စိုးရိမ်နေတာတွေ၊ ထိတ်လန့်နေတာတွေ၊ ကမ္ဘာကြီးကို မကျေမနပ်ဖြစ်နေတာတွေ၊ နိုင်ငံရေးသမားတွေကို စိတ်ပျက်နေတာတွေ၊ ကမ္ဘာကြီးပျက်တော့မှာပဲလို့ တောင်စဉ်ရေမရ အတွေးကြောင်တွေ တွေးပေါက်နေတာလည်း ပါနိုင်ပါတယ်။
အဲဒါ မသိစိတ်က ဖြစ်နေတာတွေပါ။ အသိစိတ်၊ သတိစိတ်မှာတော့ ပိုပြီးလက်တွေ့ကျတဲ့ ဟာတွေကို တွေးပါတယ်။ ဒါပေမယ့် အဲဒီ အကြိမ်အရေအတွက်က နည်းပါတယ်။ ဒါကို သိထားဖို့လိုပါတယ်။ ဒါကြောင့် သိစိတ်နဲ့ မသိစိတ် လေ့လာသူတွေက Affirmation လို့ခေါ်တဲ့ သစ္စာပြုတိုင်တည်တာတွေကို စိတ်လေ့ကျင့်ခန်းပုံစံ လုပ်ခိုင်းတာတွေ လေ့ကျင့်ခိုင်းပါတယ်။
ဥပမာအားဖြင့် မိမိကိုယ်ကို “ငါဟာ စိတ်ချမ်းသာတယ်” “ငါဟာ ကိုယ်ကျန်းမာတယ်” “ငါဟာ ကြွယ်ဝချမ်းသာသူဖြစ်တယ်” “ငါ့မှာ ပြည့်စုံလုံလောက်တယ်” “ငါဟာ ကျော်ကြားအောင်မြင်တဲ့သူ ဖြစ်တယ်” “ငါဟာ အခက်အခဲတွေကို ကျော်လွှားနိုင်သူဖြစ်တယ်” စသဖြင့် စသဖြင့် နေ့စဉ် အကြိမ်ပေါင်းများစွာ အသံထွက်ပြီး ပြောဆိုပေးခြင်းပဲ ဖြစ်ပါတယ်။
မနက်ခင်းမှာပဲဖြစ်ဖြစ်၊ ရေချိုးခန်းထဲမှာဖြစ်ဖြစ်၊ အိပ်ယာဝင်ခါနီးမှာပဲဖြစ်ဖြစ် အကြိမ်များစွာ ဦးနှောက်ကို လေ့ကျင့်ပေးရပါတယ်။ သူများက Brainwash လုပ်တာကို ခံမယ့်အစား မိမိကိုယ်ကို ဦးနှောက်ဆေးပြီး မသိစိတ်က ပြောနေတာတွေ တိုက်တွန်းနေတာတွေကို ချေဖျက်တားဆီးတာပဲ ဖြစ်ပါတယ်။
ဒီလို Affirmation နဲ့ ဦးနှောက်ကို လေ့ကျင့်ပေးတာတွေကို Youtube မှာတက်ပြီး ရှာဖွေလေ့ကျင့်နိုင်ပါတယ်။ အဲဒီလို လုပ်ပေးတယ်ဆိုရင် အကြိမ်ပေါင်း များလာတာနဲ့အမျှ မိမိဟာ ပြောင်းလဲလာတာကို တွေ့ရမှာဖြစ်ပါတယ်။ ဘဝမှာ ကြုံတွေ့ရင်ဆိုင်နေရတဲ့ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေ၊ ဒါမှမဟုတ် ဖြစ်ချင်နေတဲ့အိပ်မက်တွေ၊ အလွန်ကောင်းမွန်တဲ့ အပြောင်းအလဲတွေ၊ ကံကောင်းခြင်း တံခါးပွင့်လာတာတွေကို ကြုံဖို့ရှိပါတယ်။
ဒီလို Affirmation လုပ်ပြီး ပြောင်းလဲတိုးတက် အောင်မြင်သွားသူတွေ ကမ္ဘာမှာ အများအပြားရှိပါတယ်။ သင်ဘာဖြစ်ချင်သလဲဆိုတာကို Present Tense နဲ့ “ငါဟာ ကြွယ်ဝချမ်းသာသူဖြစ်တယ်” “ငါ့မှာ BMW X3 ရှိတယ်” စတဲ့ စတဲ့ မိမိလိုချင် တောင်းတတဲ့ အရာတွေ၊ ဖြစ်ချင်တာတွေ၊ ရည်မှန်းချက်တွေကို နေ့စဉ်မပျက် အသံထွက်ပြီး ယုံယုံကြည်ကြည်နဲ့ ရွတ်ဆိုပေးဖို့ပဲ ဖြစ်ပါတယ်။
ဒီလို ရွတ်ဆိုရင် မိမိရဲ့ ဦးနှောက် Software က လိုက်ပြီး မှတ်သားနေတဲ့အတွက် သိစိတ်အလျဉ်မှာ အပြောင်းအလဲတွေ စပြီး ဖြစ်ပေါ်ဖို့လမ်းစပေါ်တာပဲ ဖြစ်ပါတယ်။ မိမိကိုယ်ကို Brainwash လုပ်ပြီး ဦးနှောက်ဆေးကြည့်ကြပါ။
You May Also Like These Stories:
အချိန်ဆွဲခြင်းက ခန္ဓာကိုယ်ကျန်းမာရေးနဲ့ ဦးနှောက်ကို ထိခိုက်စေနိုင်
စိတ်ကူးယဉ်ခြင်းက စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ကောင်းမွန်စေနိုင်