လွန်ခဲ့တဲ့ရက်ပိုင်းက ရခိုင်ပြည်နယ် ပဋိပက္ခများ စုံစမ်းရေး ကော်မရှင်ရဲ့ အစီရင်ခံစာအပေါ် သမ္မတ ဦးသိန်းစိန်က သုံးသပ်ကာ မိန့်ခွန်းတရပ် ပြောခဲ့ပါတယ်။
အစီရင်ခံစာအပေါ် သမ္မတ ဦးသိန်းစိန်က ထောက်ခံပြီး အစီရင်ခံစာ ရေးသားကြတဲ့ စုံစမ်းရေးကော်မရှင်ရဲ့ အကြံပြုချက်ကိုလည်း လိုက်နာမှာဖြစ်သလို တခြား အကြံပြုချက်တွေကိုလည်း အကောင်အထည် ဖော်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
အစိုးရရဲ့ ရပ်တည်ချက်ဖြစ်တဲ့ လက်ရှိအခြေအနေကို လက်တွေ့ကျတဲ့နည်းနဲ့ ကိုင်တွယ်ဖြေရှင်းပြီး အနာဂတ်မှာ အတူယှဉ်တွဲနေထိုင်နိုင်တဲ့ လူ့အဖွဲ့အစည်း ဖြစ်လာစေရေး လုပ်သွားမှာလို့ ဆိုပါတယ်။
ဒီအပြင် ပဋိပက္ခတွေအတွင်း ဥပဒေ ချိုးဖောက်မှုတွေကိုလည်း ထိရောက်စွာ အရေးယူသွားမှာဖြစ်တယ်လို့ သမ္မတက ပြောပါတယ်။
ဒါပေမယ့် ရခိုင်အစ၊ မိတ္ထီလာအလယ်၊ ဥက္ကံ အဆုံး ဖြစ်သွားခဲ့တဲ့ လူအုပ်စု ပဋိပက္ခတွေမှာ အကြမ်းဖက် ဆူပူသောင်းကျန်းသူတွေရဲ့ ရက်စက်စွာ သတ်ဖြတ်၊ အိုးအိမ်နဲ့ ပစ္စည်းတွေ ဖျက်ဆီးနေကြချိန်မှာ လုံခြုံရေး တပ်ဖွဲ့တွေက မဟန့်တားခဲ့တာမျိုးတွေ၊ ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးတဲ့သူတွေကို နောက်ကွယ်က ကြိုးကိုင်သူတွေကို ထိရောက်စွာ အရေးမယူနိုင်သေးတာတွေကိုတော့ မိန့်ခွန်းမှာ ထည့်သွင်း မပြောသွားခဲ့သလို အရေးယူမှုတွေလည်း အခုအထိ မကြားရသေးပါဘူး။
မြန်မာနိုင်ငံရဲ့ လှပတဲ့ အနာဂတ်ကို ဒီမိုကရေစီ စနစ်နဲ့ တည်ဆောက်နေစဉ် ကာလမှာ အထိအခိုက်မခံတဲ့ အခြေအနေမို့ စိတ်ခံစားမှုကို ရှေ့တန်းတင်တဲ့ လွဲမှားပြီး အယူသီး အစွန်းရောက်တဲ့ လုပ်ရပ်တွေကြောင့် ဆုံးရှုံးမှုတွေ၊ အန္တရာယ်တွေနဲ့ ကြုံတွေ့နိုင်တယ်လို့လည်း သတိပေးစကား ပြောသွားပါသေးတယ်။
သမ္မတ ဦးသိန်းစိန် အစိုးရက သုံးပွင့်ဆိုင် အပြိုင် အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်တွေ ချမှတ်အကောင်အထည် ဖော်နေရာ ကြီးမားတဲ့ စိန်ခေါ်မှုတွေ၊ အခက်အခဲတွေကို အောင်မြင်အောင် ကျော်လွှားသွားဖို့ နိုင်ငံသား တဦးချင်းစီက တာဝန်ယူ တည်ဆောက်ဖို့ ဦးသိန်းစိန်က ပြောပါတယ်။
တဖက်နိုင်ငံက တရားမဝင် ဝင်ရောက်လာသူတွေ ဟန့်တားရေးအပါအဝင် နယ်စပ်လုံခြုံရေး၊ နိုင်ငံသားစိစစ်ရေးကိစ္စတွေကို အကောင်အထည်ဖော်ရေး ပြောဆိုခဲ့ပေမယ့် လက်တွေ့ အောက်ခြေမှာ အခက်အခဲတွေ အများကြီး ပေါ်ပေါက်နေတာ တွေ့ရပါတယ်။
လွတ်လပ်စွာ ဖော်ထုတ်ပြောဆိုခွင့်ကို အသုံးချပြီး လှုံ့ဆော်မှုတွေလုပ်ရင် ပဋိပက္ခတွေ ကြီးမားစေမှာကိုလည်း ထောက်ပြပြီး လူ့အခွင့်အရေးတခုကို လွဲမှားစွာ အသုံးချခြင်းဟာ အခြားအခွင့်အရေးကို ဆုံးရှုံးစေတာကိုလည်း ဦးသိန်းစိန်က ထည့်ပြောပါသေးတယ်။
ပြဿနာရဲ့ အကြောင်းအရင်းတွေကို ပြောတဲ့အခါ လူဦးရေ ပေါက်ကွဲမှု မြင့်မားတဲ့ အိမ်နီးချင်းနိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်တာ၊ ကိုလိုနီစနစ်ရဲ့ အမွေဆိုးဆိုတာနဲ့ လူ့အဖွဲ့အစည်း နှစ်ခုကြားက လူမှု စီးပွား နိမ့်ကျမှုတွေကို ထည့်သွင်း ပြောဆိုသွားခဲ့ပေမယ့် ယခင် စစ်အစိုးရများ လက်ထက်က မှားယွင်းတဲ့ မူဝါဒတွေနဲ့ လုပ်ရပ်တွေအကြောင်းကိုတော့ ရှောင်ရှားသွားခဲ့ပါတယ်။
ပဋိပက္ခတွေကြောင့် လူ့အဖွဲ့အစည်း ၂ ခုလုံးမှာ ထိခိုက်ပျက်ဆီး ဆုံးရှုံးခဲ့ရတာတွေနဲ့ ဒုက္ခသည်တွေ ပြန်လည်ထူထောင်ရေး၊ အကူအညီပေးရေး ကိစ္စတွေအတွက် လတ်တလော လုပ်ဆောင်ရမယ့် ကိစ္စတွေ ရှိသလို ရေရှည် တည်ဆောက်ရမယ့် ကိစ္စတွေရှိတာကိုလည်း သမ္မတက ထည့်ပြောသွားပါသေးတယ်။
ပြောသွားတဲ့ မိန့်ခွန်းထဲမှာ လုပ်ဆောင်ရမယ့် ရေတို၊ ရှေရှည် စီမံကိန်းချ လုပ်ဆောင်စရာတွေကို ပြောဆိုသွားတာ အလွန်ကောင်းပေမယ့် သမ္မတ ဦးသိန်းစိန်အနေနဲ့ အဲဒီလုပ်ငန်းစဉ်တွေကို သူ့ရဲ့ သမ္မတ သက်တမ်းမှာတော့ ခရီးရောက်အောင် အကောင်အထည်ဖော်ဖို့ဆိုတာ အတော်အလှမ်းဝေးတယ်လို့ သုံးသပ်သူတွေလည်း ရှိပါတယ်။
လက်တလော ဒုက္ခသည်တွေ အမိုးအကာအောက် ရောက်ရေး၊ ကျန်းမာရေး၊ စားသောက်စရာတွေ ကူညီထောက်ပံ့ရေးတွေအတွက် အစိုးရက NGO အဖွဲ့အစည်းတွေရဲ့ ကူညီပေးမှုကို လိုလားပေမယ့် သူတို့တွေကို လက်ခံဖို့ တွန့်ဆုတ်နေတာလည်း သမ္မတ ဦးသိန်းစိန်ရဲ့ မိန့်ခွန်းမှာ ထင်ရှားပါတယ်။
သမ္မတက NGO တွေရဲ့ လုပ်နည်းကိုင်နည်း အမှားတွေကြောင့် ပြဿနာတွေ ပိုမိုရှုပ်ထွေး နက်ရှိုင်းခဲ့တယ်လို့ ပြောဆိုထားပါတယ်။ ဒါကြောင့် နိုင်ငံတကာ အကူအညီရယူရေး၊ NGO တွေအကူအညီရယူရေး ပြောနေပေမယ့် ဒီလို အဖွဲ့အစည်းတွေအပေါ် ယခင်အစိုးရများတုန်းကလိုပဲ ကန့်သတ်ချက်တွေ မြင့်မားနေဆဲပါ။
ဒါကြောင့် လူပေါင်း ၁၉၀ ကျော်သေဆုံး၊ လူ ၁ သိန်းကျော်လောက် အိုးမဲ့အိမ်မဲ့ ဒုက္ခသည်တွေဖြစ်ခဲ့ရတဲ့ ရခိုင်ပြည်နယ် ပဋိပက္ခကြောင့် ဒေသမှာ ပြန်လည်ထူထောင်ရေးနဲ့ မြန်မာ့ လူ့အဖွဲ့အစည်းအချင်းချင်းကြား အတူယှဉ်တွဲနေထိုင်ရေး အတွက် ဘယ်လောက်အထိ အချိန်ယူသွားရမယ်ဆိုတာ အခုထိ မေးခွန်းထုတ်စရာဖြစ်နေပါတယ်။
စုံစမ်းရေး ကော်မရှင်နဲ့ သမ္မတ မိန့်ခွန်းအတိုင်း ရခိုင်ပြည်နယ်အရေးမှာ အကောင်အထည် ဖော်နိုင်ပါ့မလား၊ ထိပ်ပိုင်း အစိုးရအဖွဲ့ကနေ အောက်ခြေအဆင့်ဆင့်အထိ ထိထိရောက်ရောက် လုပ်သွားနိုင်ဖို့ လွယ်ကူပါ့မလား၊ ရှည်လျားတဲ့ နယ်စပ်မျဉ်းကြောင်းမှာ အစိုးရ တပ်မတော်က ထိရောက်တဲ့ လုံခြုံရေးကို ယူနိုင်ပါ့မလား၊ ပဋိပက္ခတွေကြောင့် ယုံကြည်မှု ပျောက်ဆုံးသွားပြီဖြစ်တဲ့ လူမှုအဖွဲ့အစည်းနှစ်ခုကို ဒေသတခုအတွင်း ဆက်လက်နေထိုင်ကြဖို့ ဘယ်လို စီမံခန့်ခွဲကြမလဲ … စတာတွေကို ဒီတပတ်ဖိုရမ်မှာ ဆွေးနွေးကြဖို့ ဖိတ်ခေါ်ပါတယ်။
ဆက်စပ် ဖတ်ရှုရန်
ကော်မရှင် အကြံပြုချက်အရ နယ်စပ်လုံခြုံရေး တင်းကျပ်မည်
ရခိုင်ပြည်နယ်အရေးနဲ့အစီရင်ခံစာဆိုင်ရာ သမ္မတ ဦးသိန်းစိန် မိန့်ခွန်း