တနိုင်ငံလုံး သန်းခေါင်စာရင်း ကောက်ယူသွားမည့် အစီအစဉ်တွင် အဓိကကျသည့် တိုင်းရင်းသားများ အမည် သတ်မှတ်ချက် ကုဒ်နံပါတ်နှင့် ပတ်သက်ပြီး ကန့်ကွက်မှုများ ရှိနေကြောင်း သိရသည်။
တိုင်းရင်းသားများ အကြား မျိုးနွယ်စုများကွဲပြားစေရန် လုပ်ဆောင်ချက် ဖြစ်သည်ဟူသော အကြောင်းပြချက်ဖြင့် တိုင်းရင်းသားများက ကန့်ကွက်နေခြင်း ဖြစ်သည်။
ကရင်ပြည်နယ် အတွင်း သန်းခေါင်စာရင်း ကောက်ယူမည့် အခြေအနေနှင့် ပတ်သက်၍ ပြီးခဲ့သည့် ရက်ပိုင်းက ကရင် တိုင်းရင်း သား များ စုပေါင်းပြီး ၂ ရက်ကြာ ဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။
ယင်းဆွေးနွေးပွဲတွင် အစိုးရပိုင်းမှ သန်းခေါင်စာရင်း ကောက်ယူမှု လုပ်ဆောင်ချက် ပွင့်လင်းမြင်သာမှု မရှိသည့် အပေါ် ကရင် တိုင်းရင်းသားများက သဘောထား ထုတ်ပြန်ချက် တစောင် ထုတ်ပြန်သည်။
အဆိုပါ ထုတ်ပြန်ချက်၏ ဖော်ပြချက် တခုတွင် ယခုနှစ် မတ်လကုန်မှ စတင်ပြီး သန်းခေါင်စာရင်း ကောက်ယူရာတွင် အသုံးပြုမည့် တိုင်းရင်းသား မျိုးနွယ်စုများ အမည်သတ်မှတ်ချက် ဂဏန်း သင်္ကေတ(Code Number) များသည် မျိုးနွယ်စုများကို ဝိရောဓိ ဖြစ်စေ သည့်အပြင် တိုင်းရင်းသား လူမျိုးများကို ပိုမို ကွဲပြားစေသည့် သဘောဆောင်သည်ကို တွေ့ရသည်ဟု ပါရှိသည်။
သန်းခေါင်စာရင်း ကောက်ယူရာတွင် အငြင်းပွားဖွယ် ဖြစ်နေသည့် ကရင်တိုင်းရင်းသား မျိုးနွယ်စုအမည်များ သတ်မှတ်ခေါ်ဝေါ်ခြင်း ကို ကရင်တိုင်းရင်းသား မျိုးနွယ်စုများ ကိုယ်တိုင် သတ်မှတ်ခေါ်ဝေါ်သည့် အမည်ကိုသာ အတည်ပြု ပြဌာန်း ကောက်ယူရန်နှင့် ကရင်မျိုးနွယ်စုဝင်များကို“ကရင်လူမျိုး”တမျိုးတည်း အဖြစ် ပေါ်လွင်ထင်ရှားမှု ရှိစေရေး လုပ်ဆောင်ပေးရန် တောင်းဆိုထားသည်။
“ကရင် တိုင်းရင်းသားဆိုပြီး ဥပမာ- ၁၀ လို့ဆိုပြီး ကုဒ်နံပါတ် ထည့်တယ်။ ကရင် မျိုးနွယ်အောက်မှာ ပါတဲ့ စကောကရင် စတဲ့ မျိုးနွယ် စုတွေကို ၁၁ ကစပြီး ကုဒ်နံပါတ် ထည့်ထားတယ်။ အဲဒီအတိုင်း ကောက်မယ်ဆို ကရင်က ကုဒ်နံပါတ် တခုဖြစ်နေမယ်၊ ကရင်အောက်က မျိုးနွယ်စုတွေက နောက်ကုဒ်နံပါတ်တခု ဖြစ်နေမယ်။ ဒါဆို ကရင်က မျိုးနွယ်စုကြီး တခုမဟုတ်တော့ဘဲ သူ့လက်အောက်က မျိုးနွယ်တွေနဲ့ တန်းတူ မျိုးနွယ်စုလေး တခု ဖြစ်သွားမှာပေါ့။ ကျမတို့ ကရင် လူမျိုးတွေက ဒါကို လက်မခံနိုင်ပါဘူး”ဟု ကရင် လူမှုအဖွဲ့အစည်းတခုမှ တာဝန်ရှိသူ တဦးဖြစ်သည့် ဒေါ်နော်စူစန်နာ လှလှစိုးက ပြောသည်။
ကချင်ပြည်နယ်တွင် ကချင်တိုင်းရင်းသား အဖွဲ့အစည်းပေါင်း ၂၀ နီးပါးကလည်း သန်းခေါင်စာရင်း ကောက်ယူမှုတွင် ပါဝင်သည့် လူမျိုးအမည် သတ်မှတ်မှု၊ ကုဒ်နံပါတ်စနစ်များကို လက်မခံနိုင်သည့်အတွက် မကြာသေးခင် ရက်ပိုင်းက သန်းခေါင်စာရင်း ကောက် ယူ မည့်ရက်အား ရွှေ့ဆိုင်းပေးရန်နှင့် တိုင်းရင်းသားများ၏ ဆန္ဒသဘောထားများ ရယူပြီးမှ သန်းခေါင်စာရင်း ကောက်ယူသွားရန် သဘောထား တောင်းဆိုချက်တခု ထုတ်ပြန်ခဲ့သည်။
အစိုးရ၏ ၂၀၁၄ သန်းခေါင်စာရင်း ကောက်ယူမည့် ပုံစံတွင် ကချင် မျိုးနွယ်စုကြီး အောက်တွင် ရှိသည့် ရဝမ်၊ ဂျိန်းဖော၊ လီဆူး၊ အဇီး၊ လရှီး စသည့် မျိုးနွယ်စုငယ်လေးများအား တန်းတူ ကုဒ်နံပါတ်များ သတ်မှတ်ထားခြင်းကို လက်မခံနိုင်သည့် သဘောထား တောင်းဆိုချက် ထုတ်ပြန်ခဲ့သည်ဟု သိရသည်။
“အဲဒီလို ကောက်ခံလိုက်ရင် တိုင်းရင်းသား မျိုးနွယ်စုတွေ အများကြီး ဖြစ်သွားမှာပေါ့။ ဒါ အစိုးရဘက်က သပ်သပ် လုပ်ဆောင်တာ ကို ကြည့်ရင် ကျနော်တို့ တိုင်းရင်းသားတွေကြား သွေးခွဲတာပဲ။ အစိုးရဘက်ကတော့ စီးပွားရေးနဲ့ လူမှုရေး တိုးတက်မှု အတွက်ပဲပြောပြော နိုင်ငံရေးနဲ့ မသက်ဆိုင်ဘူးပဲ ပြောပြော ဒါက နိုင်ငံရေး လုပ်ဆောင်မှု တခုပဲ။ ဒီအတိုင်း ကောက်မယ်ဆိုရင် တိုင်းရင်းသား တွေရဲ့ အခွင့်အရေးကို အများကြီး ထိခိုက်တာပဲ။ အခု ရက်ရွှေ့ဆိုင်းပြီး ၂၀၁၅ မှာ ကောက်လည်း ဘာမှ နောက်ကျ မသွားနိုင်ဘူး” ဟု ကချင် လူူမှုဖွံ့ဖြိုးရေး ကွန်ရက်၏ ပါဝင် လှုပ်ရှားသူ တဦးက ဆိုသည်။
သန်းခေါင်စာရင်း ကောက်ယူမှု ပုံစံတွင် တိုင်းရင်းသားများ မနှစ်သက်သည့် တချို့အချက်များတွင် ၎င်းတို့ အသိမှတ် ပြုထားသည့် မျိုးနွယ်စုတွင် မပါဝင်သော လူမျိုးစု စာရင်းများကို ထည့်သွင်း ဖော်ပြထားကြောင်း သိရသည်။
“ကရင် မျိုးနွယ်စုတွင်းမှာ မွန်-ကရင်(ဆာဖြူ) ဆိုတာ မရှိဘူး၊ ကျမတို့ ကရင်တွေကို အဲလိုခေါ်ရင် နှိမ်ခေါ်တယ်လို့ ယူဆတဲ့ အတွက် လုံးဝမကြိုက်ဘူး။ ဒါကို အစိုးရက သတ်မှတ် ဖော်ပြထားတဲ့ အထဲမှာ အဲဒီလို သုံးနှုန်းပြီး ကုဒ်နံပါတ် တခု ပေးထားတယ်။ သူတို့ကို မေးကြည့်တော့ အရင် နအဖ အစိုးရ လက်ထက်က ကောက်ခံခဲ့တဲ့ ကုဒ်နံပါတ်တွေ အတိုင်း ပြန်သုံးထားတာလို့ ပြောတယ်။ တိုင်းရင်းသားတွေကို သေသေချာချာ မမေးမြန်းဘဲ သူတို့သဘောအတိုင်း အချိန်နီးမှ ပေးသိတာတော့ လုံးဝမကောင်းဘူး”ဟု နော် စူစန်နာ လှလှစိုးက ပြောသည်။
ဆက်လက်ပြီး နော်စူစန်နာ လှလှစိုးက “ သူတို့ တကယ် ရိုးသားတဲ့ အဖြေတခုကို လိုချင်တယ် ဆိုရင် သေချာ အသေးစိတ် ထဲထဲ ဝင်ဝင် လုပ်ရမယ်။ အားလုံးက အစကတည်းက အစိုးရဆို ယုံကြည်ချက် ရှိတာ မဟုတ်ဘူးလေ။ အစိုးရဘက်ကလည်း တခါမှ မရိုးသားခဲ့လို့ဘဲ။ ပွင့်လင်းမြင်သာမှု ရှိမယ်ဆိုရင် မေးမြန်း သင့်တယ်”ဟု ပြောဆိုသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၁၅ ရက်က ချင်းပြည်နယ် ဟားခါးမြို့တွင် ကျင်းပခဲ့သော ဒုတိယ အကြိမ်မြောက် ချင်းအမျိုးသား ညီလာခံတွင် မြန်မာနိုင်ငံ သန်းခေါင်စာရင်း ကောက်ခံမှုနှင့်ပတ်သက်ပြီး ဆွေးနွေးပွဲ ကျင်းပ၍ သဘောထား ကြေညာချက် ထုတ်ပြန်ခဲ့သည်။
ယင်းသဘောထား ထုတ်ပြန်ချက်ထဲတွင်“ချင်း” ဟူသော အမည်နာမကို အမျိုးသားအမည်အဖြစ် အသုံးပြုရန်လက်ခံပြီး၂၀၁၄ ခုနှစ် မြန်မာနိုင်ငံ သန်းခေါင်စာရင်း ကောက်ယူသည့် အခါမှာ လူမျိုးနေရာတွင် “ချင်း” ဟုသာထည့်သွင်းရန် သဘောတူညီကြောင်း၊ ချင်း အမျိုးသားတို့၏ မျိုးနွယ်စုများကို သတ်မှတ်ခြင်းနှင့် ပတ်သက်ပြီး ချင်းအမျိုးသားတို့ကသာ ဆုံးဖြတ်ပိုင်ခွင့် ရှိကြောင်း ပါရှိသည်။
သန်းခေါင်စာရင်း ကောက်ယူမှုနှင့် ပတ်သက်၍ ယနေ့အချိန် အထိ အစိုးရနှင့် တိုင်းရင်းသားများ အကြား ဆွေးနွေး ညှိနှိုင်းမှုများ မပြေလည်သေးသော်လည်း အစိုးရဘက်မှ ၂၀၁၄ သန်းခေါင်စာရင်း ကောက်ယူမှု အခြေအနေများကို ၂၀၁၄ ခုနှစ် မတ် ၃၀ မှ ဧပြီ ၁၀ ရက် အထိ ၁၂ ရက်ကြာ ကောက်ယူမည်ဖြစ်ပြီး မဖြစ်မနေ လုပ်ဆောင်သွားရန် တရားဝင် ကြေညာ ထားသည်။
မြန်မာနိုင်ငံအတွင်း သန်းခေါင်စာရင်း ကောက်ခံရန် မြို့နယ်ပေါင်း ၃၃၀ ၊ ရပ်ကွက်ပေါင်း ၃၀၄၄ ရပ်ကွက်၊ ကျေးရွာ အုပ်စုပေါင်း ၁၃၆၂၈ အုပ်စု၊ ကျေးရွာပေါင်း ၆၄၃၄၆ ရွာရှိပြီး အိမ်ထောင်စုပေါင်း ၁၁ သန်း ရှိကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန(လဝက) စာရင်းများ၌ ဖော်ပြထားသည်။
စာရင်းကောက်ခံရေး အကောင်အထည် ဖော်ဆောင်နိုင်ရေးအတွက် ပညာရေး ဝန်ကြီးဌာနကို အကူအညီ တောင်းခံထားကြောင်း၊ တနိုင်ငံလုံးတွင် ရှိသည့် ပညာရေး ဝန်ထမ်း ၁ သိန်းကျော်မှ တအိမ်တက်ဆင်း ပုံစံနှင့် ကောက်ခံသွားမည် ဖြစ်ကြောင်း၊ သန်းခေါင် စာရင်း ကောက်ခံရေး အတွက် အမေရိကန်ဒေါ်လာ ၅၅ သန်း ဝန်းကျင် ကုန်ကျနိုင်မည်ဟု အစိုးရက ခန့်မှန်းထားပြီး ကုလသမဂ္ဂမှ ဒေါ်လာ ၅ သန်း ထည့်ဝင်သွားမည် ဖြစ်ကြောင်း သိရသည်။