ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ (YCDC) ရွေးကောက်ပွဲ နှင့် ပတ်သက်ပြီး ရွေးကောက်ပွဲ ကော်မရှင်၏ တရားမျှတမှု ရှိမရှိ အပေါ် ရွေးကောက်ပွဲ ဝင်ရောက်မည့် ကိုယ်စားလှယ်များက သံသယ ဖြစ်နေကြကြောင်း သိရသည်။
ရန်ကုန်မြို့ စည်ပင်သာယာရေး နယ်နိမိတ်အတွင်း ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်၌ ကျင်းပမည့် ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်များ ဖြစ်သည့် ဦးဝင်းချို ၊ နော်လှလှစိုးနှင့် ဒေါက်တာ အေးမင်း တို့ ၃ ဦးက ရန်ကုန်မြို့တွင် သတင်းစာ ရှင်းလင်းပွဲတခု ပြုလုပ်ခဲ့သည်။
သတင်းစာ ရှင်းလင်းပွဲတွင် ဗီနိုင်းချိတ် မဲဆွယ်စည်းရုံးခွင့် မပြုသော်လည်း စည်းရုံးမှုများရှိနေခြင်းကို ကော်မရှင်က အရေးယူမှု မရှိခြင်း၊ သက်ဆိုင်ရာ မြို့နယ်များတွင် သန်းခေါင်စာရင်းဖြင့် နေထိုင်သူများ ဖြစ်သော်လည်း မဲပေးသူ စာရင်းတွင် ပါဝင်မှုမရှိခြင်းတို့ ဖြစ် ပေါ်နေကြောင်း အထက်ပါ ကိုယ်စားလှယ်များက ဧရာဝတီသို့ ပြောသည်။
YCDC ကော်မတီဝင် အဖြစ် အနောက်ပိုင်းခရိုင် ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည့် ဦးဝင်းချိုက“ဗီနိုင်းချိတ် မဲဆွယ်ခွင့် မပြုဘူးလို့ ကော်မရှင်က ပြောတယ်။ ဒါပေမယ့် အပြင်မှာ ဗီနိုင်းတွေချိတ်ပြီး မဲဆွယ် စည်းရုံးနေတာ ရှိတယ်။ ဗိုလ်ချုပ် စိုးဌေး ပုံကြီး ချိတ်ဆွဲပြီး မဲဆွယ်တာ ရှိတယ်။ ဒါတွေဟာ လွတ်လပ်ပွင့်လင်းမှု မရှိဘူး၊ တန်းတူညီမျှမူ မရှိဘူး ဆိုတာ ပြနေတာ”ဟု ဧရာဝတီသို့ ပြောသည်။
ရပ်ကွက်အတွင်း မဲစာရင်း ကောက်ယူရာတွင်လည်း သန်ခေါင်းစာရင်း အမှန်၊ မှတ်ပုံတင် အမှန်များရှိသော်လည်း မဲစာရင်းတွင် ကျန် ရှိနေသူများ ရှိကြောင်း၊ မဲဆွယ် စည်းရုံးရာတွင်လည်း အချိန်လုံလောက်မူ မရှိကြောင်း ကိုယ်စားလှယ်လောင်း တချို့က ပြောသည်။
“ကျမတို့မှာ အခက်အခဲတွေ ရှိတယ်။ အခက်အခဲတွေ ရှိနေတယ် ဆိုကတည်းက ယုံကြည်မှု တော်တော်လေး တည်ဆောက်ဖို့ ခက် ခဲနေတယ်။ မတရားမှုတွေ တွေ့တာ၊ လိုအပ်မှုတွေ တင်ပြတောင်းဆိုတာလည်း ကော်မရှင်က ဆောင်ရွက်ပေးနိုင်မှု မရှိဘူး”ဟု YCDC ကော်မတီဝင် အဖြစ် ရန်ကုန်မြောက်ပိုင်းခရိုင်မှ ဝင်ရောက်ယှဉ်ပြိုင်မည့် နော်လှလှစိုး(ခ) စူဇန်နာက ဧရာဝတီသို့ ပြောသည်။
ရွေးကောက်ပွဲတွင် ကော်မရှင်အနေဖြင့် တရားမျှတမှုနှင့် တန်းတူအခွင့်အရေး ရရှိရန် ဆောင်ရွက်နိုင်မည် မဟုတ်ဟူသော ကိုယ် စားလှယ်လောင်း တချို့၏ ဝေဖန်ချက်များကို စည်ပင် ရွေးကောက်ပွဲ ကော်မရှင် ရုံးအဖွဲ့မှူး ဦးဇင်မင်းလှိုင်က ငြင်းပယ်သည်။
ဦးဇင်မင်းလှိုင်က“ကော်မရှင်က တရားမျှတမှု၊ မှန်ကန်မှု၊ သန့်ရှင်းမှုရှိအောင် မဆောင်ရွက်နိုင်ဘူးဆိုတာ ဘာအချက်အလက်နဲ့ ပြော တာလဲ။ ဗီနိုင်း ခွင့်ပြုတယ်ဆိုတာ ကျနော်တို့ ဆောင်ရွက်တာ မဟုတ်ဘူး။ သက်ဆိုင်ရာ မြို့နယ်၊ ခရိုင် စည်ပင်နဲ့ပဲဆိုင်တယ်။ ခွင့်မပြုဖို့လည်း သက်ဆိုင်ရာကို စာပို့ထားပြီးပြီ။ ဒီကိစ္စကိုလည်း ကိုယ်စားလှယ်တွေကို ရှင်းပြခဲ့ပြီးပြီ”ဟု ပြောဆိုသည်။
မဲစာရင်း ကောက်ယူရာတွင်လည်း ကျန်ရှိနေသည့် မဲပေးပိုင်ခွင့် ရှိသူများကို မြို့နယ်အလိုက် ပြန်လည် ကောက်ယူနေကြောင်း စည်ပင် ရွေးကောက်ပွဲ ကော်မရှင်က ပြောသည်။
YCDC ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်သူ ၂၉၂ ဦး ရှိကြောင်း၊ ထိုစာရင်းတွင် ရန်ကုန်မြို့တော် ကော်မတီဝင် ၄ ဦး၊ ခရိုင် ၄ ခုမှ ကိုယ်စားလှယ် ၃ ဦးစီ၊ မြို့နယ်ပေါင်း ၃၃ မြို့နယ်မှ မြို့နယ် ၁ ခုလျှင် ကိုယ်စားလှယ် ၃ ဦးစီဖြင့် စုစုပေါင်း ၁၁၉ ဦးတို့ကို ရွေးချယ် သွားမည် ဖြစ်ကြောင်း စည်ပင် ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားသည်။
စည်ပင်ရွေးကောက်ပွဲ ကော်မရှင်ကို ဥက္ကဋ္ဌ၊ အတွင်းရေးမှူး အပါအဝင် အဖွဲ့ဝင် ၅ ဦးတို့ဖြင့် အစိုးရက ဖွဲ့စည်းပေးထားခြင်း ဖြစ်ပြီး ကော်မရှင် အဖွဲ့ဝင်များသည် ဌာနဆိုင်ရာ အငြိမ်းစား အရာရှိဟောင်းများ ဖြစ်ကြောင်း သိရသည်။