အစိုးရ ဝန်ကြီးဌာနများသည် ၂၀၁၄-၁၅ ဘဏ္ဍာနှစ် ဒုတိယ ၆ လအတွင်း နိုင်ငံတော် ဘဏ္ဍာငွေ သုံးစွဲရာတွင် ဘဏ္ဍာရေး စည်းမျဉ်း စည်းကမ်းများနှင့် ကိုက်ညီမှုမရှိဘဲ ပထမ ၆ လ ကာလထက် စည်းကမ်း ချိုးဖောက်မှု နှစ်ဆကျော် ပိုမိုလာကြောင်း ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးက စစ်ဆေးတွေ့ရှိခဲ့သည်ဟု သတင်းရရှိသည်။
ယခင်ဘဏ္ဍာနှစ်တွင် ဝန်ကြီးဌာနများ၏ ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်း ချိုးဖောက်မှုပေါင်း ၃၀၁ မှုရှိပြီး ၂၀၁၄-၁၅ ဘဏ္ဍာနှစ် တွင် ၇၉၉ မှုအထိ ပိုမို မြင့်တက်လာခဲ့သည်ဟုလည်း ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၏ အစီရင်ခံစာကို ကိုးကား၍ ပြည်သူ့ ငွေစာရင်း ကော်မတီ အတွင်းရေးမှူး ဦးမောင်တိုးက လွှတ်တော်တွင် ဇန်နဝါရီလ ၃၀ ရက်က ပြောကြားသည်။
ဝန်ကြီးဌာနများ၏ ဘဏ္ဍာငွေသုံးစွဲမှု စာရင်းဇယားများ၊ နိုင်ငံတော်တွင် ငွေကြေးတောင်းခံပြီး လုပ်ငန်း အမှန်တကယ် အကောင် အထည် ဖော်မှု ရှိ မရှိ တို့ကို ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးက စစ်ဆေးရာ ငွေကြေးပိုင်းဆိုင်ရာတွင် စည်းကမ်း မလိုက်နာမှုများ၊ လုပ်ငန်း အကောင်ထည်ဖော်မှုနှင့် ငွေကြေး မကိုက်ညီမှုများ၊ ဘဏ္ဍာငွေ သုံးရာတွင် လိုက်နာရမည့် စည်းမျဉ်းစည်းကမ်း ချိုးဖောက် မှုများ ရှိနေသည်ကို စာရင်းစစ်ချုပ်ရုံးက တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၏ စစ်ဆေးချက်အရ အစိုးရဝန်ကြီးဌာနများအနက် မွေးမြူရေးနှင့်ရေလုပ်ငန်း ဝန်ကြီးဌာန တခုတည်း မှ ချိုးဖောက်မှု ၉၀ ကျော်အထိ ရှိခဲ့သည်ဟုလည်း ဦးမောင်တိုးက ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ပြောသည်။
ဝန်ကြီးဌာနအသီးသီး၌ ဘဏ္ဍာရေးနှင့်ဆိုင်သည့် စည်းကမ်းချိုးဖောက်မှုများ ရှိနေသည်မှာ ဝန်ကြီးဌာနများတွင် ဘဏ္ဍာရေးကိုတင်ဒါ စနစ်ဖြင့် အသုံးပြုရခြင်းနှင့် လွှတ်တော်၏ သက်ဆိုင်ရာ ကော်မတီများက ဝန်ကြီးဌာနများကို ထိန်းကျောင်းမှု အားနည်းခြင်းကြောင့် ဖြစ်သည်ဟု ပြည်သူ့ငွေစာရင်း ကော်မတီက မှတ်ချက်ပြုသည်။
သို့သော် ဝန်ကြီးဌာနများ၏ စည်းကမ်းချိုးဖောက်မှုကို ထိန်းချုပ်ရန်၊ ပြစ်ဒဏ်ပေးရန် မြန်မာနိုင်ငံတွင် ပြည်သူ့ဘဏ္ဍငွေဆိုင်ရာဥပဒေ မရှိကြောင်း၊ ထို့ကြောင့် လက်ရှိအချိန်တွင် ယခင် ၁၉၈၆ ခုနှစ် ဘဏ္ဍာရေး ဥပဒေကိုသာ ဆက်လက်သုံးစွဲပြီး အစိုးရ ဘဏ္ဍာရေး ဝန်ကြီးဌာနက ဘဏ္ဍာရေး ဆိုင်ရာ စည်းကမ်းများကို ထုတ်ပြန်သော်လည်း ဝန်ကြီးဌာနများက လိုက်နာမှုမရှိကြောင်း လွှတ်တော် ကိုယ်စားလှယ် တချို့က ပြောသည်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမိုးဇော်ဟိန်းက“ဝန်ကြီးဌာနတွေတင် မဟုတ်ဘူး၊ မြို့နယ်ရုံးတွေကလည်း ဖွံ့ဖြိုးရေးလုပ်ငန်း တွေ အတွက် ဘဏ္ဍာငွေတွေတောင်းပြီး လုပ်ငန်းကို ပြီးပြတ်အောင် ဆောင်ရွက်တာ မရှိဘူး၊ တည်ဆဲဥပဒေတွေကို လိုက်နာဖို့ အလေးထားဖို့ လွှတ်တော်က ဆောင်ရွက်ရပါလိမ့်မယ်”ဟု ပြောဆိုသည်။
ဝန်ကြီးဌာနအသီးသီးသည် စည်းမျဉ်း စည်းကမ်းချိုးဖောက်မှုများအပြင် ဘဏ္ဍာငွေစာရင်း ပိတ်ချိန်တွင် နိုင်ငံတော်သို့ ပြန်လည် ပေး အပ်ရန် ငွေကျပ် ၇၅၁ သန်း ကျန်ရှိနေသည်ဟု ပြည်ထောင်စု စာရင်းစစ် ရုံးချုပ်၏ အစီရင်ခံစာအရ သိရသည်။
အစီရင်ခံစာတွင် အားကစားဝန်ကြီးဌာန၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ စွမ်းအင် ဝန်ကြီးဌာနနှင့် ပညာရေး ဝန်ကြီးဌာန များသည် ဘဏ္ဍာငွေများ နိုင်ငံတော်သို့ ပြန်လည်အပ်နှံရန် အများဆုံးကျန်ရှိနေသည့် ဌာနများဖြစ်ပြီး သတ္တုတွင်း ဝန်ကြီးဌာနသည် ရွှေပိဿာချိန် ပေါင်း ၈၈၆ ပိဿာခန့် တန်ဖိုးရှိ ငွေသား နိုင်ငံတော်သို့ အပ်နှံရန် ကျန်ရှိနေသည်ဟု ပါရှိသည်။
၂၀၁၃-၁၄ ခုနှစ် ဒုတိယ ၆ လအတွင်း ဝန်ကြီးဌာနအားလုံး၏ အသုံးစရိတ်သည် ၁၈ ထရီလီယံရှိပြီး ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးမှ ၁၂ ထရီလီယံ (၆၄.၆ ရာခိုင်နှုန်း) ကိုသာ စာရင်းစစ်နိုင်ခဲ့ကြောင်း၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ တပ်မတော်၏ အသုံးစရိတ်ကို စစ်ဆေးခွင့် မရှိခြင်း၊ နယ်စပ်ဒေသရုံးများသို့ သွားရောက် စာရင်းမစစ်နိုင်ခြင်း၊ ဝေးလံသည့် ဒေသများသို့ သွားရောက် စာရင်းမစစ်နိုင်ခြင်း များကြောင့် ကျန်ငွေများကို စစ်ဆေးခဲ့ခြင်းမရှိဟု ပြည်ထောင်စု စာရင်းစစ်ရုံးချုပ်က ဆိုသည်။
ဝန်ကြီးဌာနများ၏ စည်းကမ်းချိုးဖောက်မှုများကို ထိန်းကျောင်းနိုင်ရန် လွှတ်တော်ကိုယ်စားလှယ်များ၏ အကြံပြုချက်များကို လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက တောင်းခံထားပြီး လာမည့် ဖေဖော်ဝါရီ ၂ ရက် ပြည်ထောင်စု လွှတ်တော်တွင် ဆွေးနွေးမည် ဖြစ်ကြောင်း သိရသည်။