ပြီးခဲ့သည့်နှစ် ဇွန်လအတွင်းက တက္ကသိုလ် ကျောင်းသား မောင်ဂွမ်ဆိုင်းအောင် သေဆုံးခဲ့ရသည့်အတွက် မြန်မာ့တပ်မတော်မှ တပ်သားတဦးကို ကချင်ပြည်နယ် မြစ်ကြီးနား စစ်ခုံရုံးက အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ် ပြစ်ဒဏ်ချမှတ်လိုက်ကြောင်း သိရသည်။
အသက် ၁၉ နှစ် အရွယ် တက္ကသိုလ်ကျောင်းသား မောင်ဂွမ်ဆိုင်းအောင်သည် ၂၀၁၆ ခုနှစ် ဇွန်လ ၂၀ ရက်နေ့က မြစ်ကြီးနားမြို့ ဗလမင်းထင် တံတားတွင် လုံခြုံရေးတာဝန်ကျ တပ်သားနှစ်ဦး နှင့် ကချင်လူငယ်အုပ်စုတို့အကြား အချေအတင် စကားများခဲ့ပြီးနောက် တပ်သားမောင်မောင်က သေနတ်ဖြင့် ပစ်ခတ်ခဲ့သည့်အတွက် သေဆုံးခဲ့ရခြင်း ဖြစ်ပြီး၊ ထိုအတွက် ကချင်ပြည်နယ်နှင့် ရန်ကုန်မြို့တို့တွင် တရားမျှတမှုရှိရေးဆန္ဒပြပွဲများလည်း ပေါ်ပေါက်ခဲ့သည်။
အခင်းဖြစ်ပွားပြီး ၂ ရက်အကြာ ကာကွယ်ရေးဝန်ကြီးဌာနက ပစ်ခတ်ရန် ရည်ရွယ်ချက်မရှိဘဲ ကျည်ထွက်သွားခြင်း ဖြစ်သော်လည်း စစ်ဘက်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့် အညီ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း တရားဝင်ထုတ်ပြန်ခဲ့သည်။
မောင်ဂွမ်ဆိုင်းအောင်၏ မိဘများက စစ်ခုံရုံးတွင် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ ၂၉ ရက်နေ့က သက်သေထွက်ဆိုခဲ့ပြီး ဇန်နဝါ ရီလ ၅ ရက်နေ့ စီရင်ချက် ချမှတ်ရာတွင်လည်း တက်ရောက်နားထောင်ရန် ညနေပိုင်းက ဖိတ်ခေါ်ခံခဲ့ရသည်ဟု သိရသည်။
“လူတယောက်တောင် သေတဲ့ဟာကို သူတို့က လူသေမှုနဲ့ပဲ ထောင်ဒဏ် ၂ နှစ်ချပေးတယ်။ (ဂွမ်ဆိုင်းအောင် အတွက်) တရားမျှတမှုတော့ သိပ်မရှိဘူးလို့ ကျနော်တို့ မြင်ပါတယ်။ ကျနော်တို့ သက်ဆိုင်ရာကို စာတင်ဖို့ စီစဉ်ထားတာရှိတယ်” ဟု မောင်ဂွမ်ဆိုင်းအောင်၏ အမှုတွင် တရားမျှတမှု ရရှိရေးအတွက် ဆောင်ရွက်ပေးနေသော ဦးဇော်ဂျတ်က ဧရာဝတီသို့ ပြောသည်။
“အရပ်ဘက် တရားရုံးကနေတဆင့် သူ့အတွက် တရားမျှတမှု ရှာဖွေနိုင်ဖို့ လုပ်ထုံးလုပ်နည်းရှိတယ်လို့ ကျနော်တို့ ကြားသိရတယ်။ ဘယ်လိုလမ်းကြောင်းနဲ့ ရှေ့ဆက်သွားမလဲဆိုတာ ဥပဒေရေးရာ ကျွမ်းကျင်သူတွေနဲ့ တိုင်ပင်နေပါတယ်” ဟု ဦးဇော်ဂျတ်က ထပ်ပြောသည်။
မောင်ဂွမ်ဆိုင်းအောင် သေဆုံးသည့်ညက မြစ်ကြီးနားရဲစခန်းတွင် အမှုဖွင့်ထားပြီး ဖြစ်သည့်အတွက် သူ၏ မိသားစု ဆန္ဒနှင့်အညီ မောင်ဂွမ်ဆိုင်းအောင်အတွက် တရားမ ျှတမှု ကော်မတီက ဥပဒေနှင့် အညီ အရပ်ဘက်တရားရုံးတွင် စွဲတင်သွားနိုင်ရန် ပြုလုပ်သွားမည် ဖြစ်သည်ဟု မိသားစုနှင့် နီးစပ်သော မြစ်ကြီးနားမှ အမည်မဖော်လိုသူ ရှေ့နေတဦးက ပြောသည်။
“(အခုစီရင်ချက်က) ၂ နှစ်ဆိုတော့ အရမ်းနည်းတာပေါ့ဗျာ။ လူသေမှုက ပြဌာန်းထားတာတော့ အမြင့်ဆုံးပြစ်ဒဏ်က (ထောင်ဒဏ်) ၇ နှစ် အထိရှိတယ်။ အခုဟာက နိုင်ငံရေးနဲ့ ဆိုင်မယ်လို့ ကျနော်တို့ ထင်ပါတယ်” ဟု သူက ထပ် ပြောသည်။ မြန်မာနိုင်ငံမြောက်ပိုင်းတွင် လက်ရှိဖြစ်ပွားနေသည့် မြန်မာ့တပ်မတော်နှင့် ကချင်လွတ်မြောက်ရေးတပ် မတော်တို့ကြားမှ ပဋိပက္ခများကို ရည်ညွှန်းခြင်း ဖြစ်သည်။
အထက်ပါအမှုမျိုးကို စစ်ဘက်က အရပ်ဘက်တရားရုံးသို့ လွှဲပြောင်းပေးနိုင်သော်လည်း ယခုအချိန်အထိ ထိုသို့ ပြုလုပ်ခြင်းမရှိသေးဟု အဆိုပါ ရှေ့နေကပြောသည်။