စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့နယ်အတွင်းရှိ မကျန်ခမှော်တွင် ရေမဆေးကျောက် ရှာဖွေသူများနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များအကြား အပြန်အလှန်ပစ်ခတ်မှုဖြစ်စဉ်ကို ဝန်ကြီးချုပ်ကိုယ်တိုင် ကွင်းဆင်းစစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။
မေလ ၁၇ရက်၊ နံနက် ၁၀ နာရီခန့်က စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးရတနာမြေဖြစ်သည့် မကျန်ခမှော် တွင် ရေမဆေး ကျောက်ရှာဖွေသူများနှင့် လုံခြုံရေးယူထားသည့် တပ်ဖွဲ့ဝင်များ အပြန်အလှန် ပစ်ခတ် မှု၌ ရေမဆေးကျောက် ရှာသူ ၄ဦးသေဆုံးကာ ၇ဦး ဒဏ်ရာရခဲ့သည်။
စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က “ ကျနော်တို့ လုပ်ငန်းစဉ် ၄ ရပ် လုပ်ထားတယ်။ လုပ်ငန်းစဉ် ၄ ရပ်အတိုင်း ဆက်လုပ်မယ်။ အကုန်လုံးကွင်းဆင်းမှာ။ ချက်ချင်းသွားလို့ရအောင် တိုင်ပင်နေတယ်။ မိုးတွေရွာတော့ လမ်းတွေ ပိတ်ထားတယ်လို့လည်း သိရ တယ်။ သွားဖို့လုပ်နေတယ်”ဟု ဆိုသည်။
ခန္တီးမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမောင်တေးက မေလ ၁၇ ရက် ညနေပိုင်းတွင် ဝန်ကြီးချုပ်နှင့် တွေ့ဆုံကာ မေးမြန်းခဲ့ရာ၌ ဝန်ကြီးချုပ်က အဆိုပါဖြစ်ပွားခဲ့သည့် ပြဿနာတွင် သူ့အနေဖြင့် ပစ်မိန့်ပေးခဲ့ခြင်း မရှိဟု ဖြေကြားခဲ့ကြောင်း ပြောသည်။
ဦးမောင်တေးက “ ပြဿနာဆက်မဖြစ်ဖို့ ကြားဝင်ပြီး လုပ်ငန်းစဉ်ဆွဲပြီး ဆောင်ရွက်ရမှာ။ ဖြစ်စဉ်ကို ဂဃနဏ မသိတဲ့ အခါကျတော့ ဖြစ်စဉ်ကို သွားလေ့လာပြီးမှ သုံးသပ်ကြမယ်လို့ ဆွေးနွေးခဲ့တယ်။ ဝန်ကြီးချုပ်က သူ ကိုယ်တိုင် သွားမယ်လို့ ပြောတယ် ” ဟု ဆိုသည်။
ဆက်လက်ပြီး “ ဦးပိုင်ဘက်က ကြားတာတော့ ရေမဆေးသမားတွေက မီးရှို့တယ်လို့ ပြောတယ်။ ရေမဆေးသမားတွေ ပြောတာတော့ ဆီကန်တွေကို သူတို့ဘက်က သေနတ်နဲ့ ပစ်ဖောက်ပြီး မီးရှို့တယ်လို့ ပြောတယ် ” ဟု ဆိုသည်။
ယမန်နေ့က ဖြစ်ပွားခဲ့သော ရုန်းရင်းဆန်ခတ်မှုတွင် ဦးပိုင်ကုမ္ပဏီ၏ ဆီကန်များ မီးလောင်ကျွမ်းမှုနှင့် ပတ်သက်၍ အပြန် အလှန် စွပ်စွဲမှုများရှိနေကြောင်း ၎င်းက ပြောသည်။
ရေမဆေးကျောက်သမားများနှင့် လုပ်ငန်းရှင်များအကြား ဖြစ်ပေါ်နေသည့် ပဋိပက္ခနှင့် ပတ်သက်ပြီး မေလ ၃၀ ရက်နေ့တွင် ကွင်းဆင်းရန် ကော်မတီများ ဖွဲ့စည်းထားသော်လည်း အဆိုပါရက်မတိုင်မီ ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့် မေလ ၁၅ရက်တွင် ခန္တီးမြို့နယ် အုပ်ချုပ်ရေးမှူးက ခန္တီးမြို့နယ်၊ နန်စီဘွန်နှင့် မကျန်ခ လုပ်ကွက် အတွင်း တရားမဝင် နေထိုင်သူများအား ၂၀၁၇ခုနှစ် မေလ ၃၀ ရက်အတွင်း ထွက်ခွာပေးရန် ရာဇဝတ် ကျင့်ထုံး ဥပဒေပုဒ်မ ၁၄၃ (ဥပဒေနှင့် ဆန့်ကျင်သော အစုအဝေးတွင်ပါဝင်မှု) ထုတ်ပြန်ခဲ့သည်။
စစ်ကိုင်းတိုင်း အထက်ပိုင်း ခန္တီးမြို့နယ်အတွင်းရှိ ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းများကို ၁၉၉၄ ခုနှစ်က စတင်ခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် အစိုးရက နယ်မြေကန့်သတ်ပေးခဲ့သည်။
ခန္တီးထွက် ကျောက်စိမ်းမှာ ဖားကန့်ထွက် ကျောက်စိမ်းကဲ့သို့ ဈေးကွက်ဝင်ပြီး အရည်အသွေး ကောင်းမွန်သည်။