လာမည့်မေလ ၂၄ ရက် နေပြည်တော်တွင် ကျင်းပမည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ၊ ၂၁ ရာစု ပင်လုံ ဒုတိယအကြိမ် အစည်းအဝေး၌ ထည့်သွင်းဆွေးနွေးမည့် လုံခြုံရေးကဏ္ဍအတွက် အခြေခံမူများကို အတည်ပြုထားခြင်း မရှိသေးကြောင်း သိရသည်။
လုံခြုံရေးကဏ္ဍအတွက် ထည့်သွင်းဆွေးနွေးမည့် အကြောင်းအရာများကို “နိုင်ငံတော်ကာကွယ်ခြင်းဆိုင်ရာ ကိစ္စရပ်များ” နှင့် “လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်း” ဟူသည့် ခေါင်းစဉ်ကြီး ၂ ရပ် အောက်တွင် ဆွေးနွေးရန် လျာထားသော်လည်း ဆွေးနွေးမှုမပြီးပြတ်သေးကြောင်း ဦးမျိုးဝင်းက ပြောသည်။
ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ ( UPDJC) အဖွဲ့ဝင် ဦးမျိုးဝင်းက “လုံခြုံရေးကဏ္ဍကတော့ လာမယ့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံမှာ ဆွေးနွေးဖို့ အခြေခံမူတွေ မရှိသေးဘူး” ဟု ဧရာဝတီကို ပြောသည်။
ထိုခေါင်းစဉ်ကြီး ၂ ခုအတွက် အစိုးရ – လွှတ်တော် – တပ်မတော် အစုအဖွဲ့ ၊ နိုင်ငံရေးပါတီ အစုအဖွဲ့၊ NCA ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့ပါ အစုအဖွဲ့တို့က UPDJC ၏ လုံခြုံရေးကဏ္ဍဆိုင်ရာ လုပ်ငန်းကော်မတီသို့ စာတမ်းများ ပေးပို့ထားကြောင်း သိရသည်။
လက်ရှိတွင် လုပ်ငန်းကော်မတီက “နိုင်ငံတော် ကာကွယ်ခြင်းဆိုင်ရာ ကိစ္စရပ်များ” ခေါင်းစဉ်အောက်မှ ကာကွယ်ခြင်းဆိုင်ရာကိစ္စရပ် ခေါင်းစဉ်ခွဲ ၅ ခုကို ဆွေးနွေးနေကြောင်း ဦးမျိုးဝင်းက ပြောသည်။
“ဆွေးနွေးဖို့အတွက် ခေါင်းစဉ်တခုသတ်မှတ်ပြီဆိုရင် သတ်မှတ်ထားတဲ့ခေါင်းစဉ်အလိုက် သဘောထားတွေ တင်ပြရပါတယ်။ အခုအခြေအနေမှာတော့ သဘောထားတွေစုစည်းပြီး ညှိနှိုင်းနေတဲ့ကာလမှာ ကျနော်တို့ သိပ်မပြောလိုသေးဘူး။ ရလာဒ်ထွက်လာရင်တော့ သိရမှာပါ” ဟု ၎င်းက ဆိုသည်။
လုံခြုံရေးကဏ္ဍနှင့်ပတ်သတ်၍ တပ်မတော်က ပေးပို့လာသည့် စာတမ်းတွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဆုပ်ကိုင်ပြီး ရေးသားထားသည့် အချက်အလက်များ ပိုမိုပါဝင်သည်ဟု UPDJC အဖွဲ့ဝင်များက ပြောသည်။
UPDJC အဖွဲ့ဝင် နိုင်ငံရေးပါတီ ကိုယ်စားလှယ်တဦးဖြစ်သူ ဦးတာလှဖေက “ကျနော်တို့ သဘောတူညီထားမှု ဘာတခုမှ မရှိသေးဘူး။ တပ်မတော်ကတော့ သူတို့က တခုတည်းသော ပြည်ထောင်စု တပ်မတော်ဆိုတာကို အကြမ်းဖျဉ်း သဘောတူတယ်။ အဲဒီအတွက် အသေးစိတ်ဆွေးနွေးရမယ့် အချက်အလက်တွေတော့ ရှိဦးမယ်” ဟု ပြောသည်။
တပ်မတော်က တင်ပြထားသည့် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ အခြေခံမူများတွင် “တခုတည်းသော ပြည်ထောင်စု တပ်မတော်” ဖြစ်ရေးနှင့် ပတ်သက်၍ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ အခန်း(၇) ၊ တပ်မတော်၊ ပုဒ်မ ၃၃၈ ပါအတိုင်း ဆောင်ရွက်လိုသည်ဟု ရေးသားထားကြောင်း သိရသည်။
၂၀၀၈ ဖွဲ့စည်းပုံပါ ပုဒ်မ ၃၃၈ ၌ နိုင်ငံတော်အတွင်းရှိ လက်နက်ကိုင်အဖွဲ့အစည်း အားလုံးသည် တပ်မတော်၏ ကွပ်ကဲမှုအောက်တွင် ရှိသည်ဟု ပြဌာန်းထားသည်။
တပ်မတော်က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အရ လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းရေးများ လုပ်ရာတွင် “တခုတည်းသော ပြည်ထောင်စု တပ်မတော်” ဖြစ်ရန် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များက လက်နက်ဖြုတ်သိမ်း၊ တပ်ဖြုတ်သိမ်းပြီး တပ်မတော်နှင့် ပြန်လည်ပေါင်းစည်းရေးမူ (DDR) ကို လုပ်ဆောင်လိုသည်ဟုလည်း ၂၀၁၆ ခုနှစ်အတွင်းက ပြောဆိုထားသည်။
ဦးတာလှဖေက “သူတို့က အဲဒါကိုပဲ ရပ်တည်ထားတယ်။ ဆုပ်ကိုင်ထားတယ်။ အခု ဆွေးနွေးနေတာက ဒီ၂၀၀၈ ဥပဒေအပေါ် ရပ်တည်ဆွေးနွေးနေတာ မဟုတ်ဘူး။ ရှေ့အနာဂတ် ဖော်ဆောင်မယ့် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုအတွက် အနာဂတ်အတွက် ဆွေးနွေးနေတာ ဖြစ်တယ်။ ကျနော်တို့ ဘယ်အပေါ်မှာမှ မရပ် တည်ထားသင့်ဘူး” ဟု ပြောသည်။
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများက ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရန် ဖွဲ့စည်းပုံများ ရေးဆွဲပြီး ဖက်ဒရယ်စနစ်နှင့် ကိုက်ညီသည့် လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေး (SSR) လုပ်ရန် ၊ တိုင်းရင်းသားတပ်ဖွဲ့များက ဖက်ဒရယ်ပြည်ထောင်စု ဥပဒေအရ လုံခြုံရေးကဏ္ဍတွင် ပြည်နယ်များကို ကာကွယ်ရေး တာဝန်ယူခွင့်ရရေးတို့ကို တောင်းဆိုထားကြသည်။
ဦးမျိုးဝင်းက “တပ်မတော်အနေနဲ့ သူတို့ဖြတ်သန်းမှုအပေါ် မူတည်ပြီး သူတို့ဖြစ်ချင်တဲ့ တပ်မတော်ပုံစံကို တင်ပြမှာပဲ။ ကျနော်တို့အနေနဲ့လည်း လုံခြုံရေးကဏ္ဍမှာ ပြုပြင်ပြောင်းလဲလိုတဲ့ဆန္ဒအရ တင်ပြမှာပါ။ ညီလာခံ မတိုင်မီတော့ လုပ်ငန်းကော်မတီ အစည်းအဝေး မရှိတော့ဘူး။ ညီလာခံပြီးရင်တော့ ဆက်လုပ်ကြပါမယ် ”ဟု ပြောသည်။
NCA မူအရ နိုင်ငံရေး ဆွေးနွေးပွဲများကျင်းပရန် တာဝန်ယူဆောင်ရွက်မည့် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ကို အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ NCA ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းနှင့် နိုင်ငံရေးပါတီကိုယ်စားလှယ်များ ပါဝင်ဖွဲ့စည်းထားသည်။
UPDJC ၏ အောက်တွင် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ လုံခြုံရေးနှင့် မြေယာနှင့်သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စသည့် ကဏ္ဍ ၅ ရပ်အတွက် လုပ်ငန်းကော်မတီ ၅ ခုကို ဖေဖော်ဝါရီလ ၁၆ ရက်က ဖွဲ့စည်းခဲ့သည်။
NCA ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် သက်ဆိုင်သည့် ပြည်နယ်များတွင် ကျင်းပသည့် လူမျိုးအလိုက်/ပြည်နယ်အလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများမှ ထွက်ပေါ်လာသည့် စာတမ်းများပါ အချက်အလက်များကို ထိုလုပ်ငန်းကော်မတီများက စီစစ်၍ UPDJC အတွင်းရေးမှူးအဖွဲ့သို့ တင်ပြ ရသည်။ အတွင်းရေးမှူးအဖွဲ့က UPDJC တွင် စီစစ်ထားသည့် အချက်များကို အတည်ပြုပြီး ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-၂၁ရာစုပင်လုံ အစည်းအဝေးများတွင် ဆွေးနွေးကြမည် ဖြစ်သည်။
ပြီးခဲ့သည့် မေလ ၁၃ ရက်၊ UPDJC အစည်းအဝေးအပြီးတွင် ထုတ်ပြန်လိုက်သည့် နိုင်ငံရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ လူမှုရေးကဏ္ဍပါ အချက်များကို သဘောတူကြောင်း ထုတ်ပြန်ခဲ့သော်လည်း လုံခြုံရေးကဏ္ဍနှင့် ပတ်သတ်၍ ထုတ်ပြန်ခြင်း မရှိပါ။
လုံခြုံရေးကဏ္ဍသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွင်း အဓိကကျသည့်ကဏ္ဍ ဖြစ်သဖြင့် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများတွင် ဆွေးနွေးခွင့်မရှိဘဲ UPDJC လုပ်ငန်းကော်မတီများ၌ စီစစ်ပြီး ပြည်ထောင်စုအဆင့်တွင် တိုက်ရိုက် ဆွေးနွေးမည် ဖြစ်သည် ။
ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ – ၂၁ရာစုပင်လုံ ဒုတိယအကြိမ် အစည်းအဝေးကို နေပြည်တော်၌ လာမည့် မေလ ၂၄ ရက်မှ ၂၈ ရက် အထိကျင်းပမည် ဖြစ်သည်။