“ကျည်ထောင်စု သစ္စာ”သရော်စာ ဆောင်းပါးကိစ္စ အပေါ် မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီ(MPC) တွင် ညှိနှိုင်းနေ ဆဲဖြစ်သည့် အတွက် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် အမှုဖွင့်စစ်ဆေးမှုကို ခေတ္တဆိုင်းငံ့ပေးရန် The Voice သတင်းစာ တာဝန်ရှိသူက ယမန်နေ့က တောင်းဆိုတင်ပြခဲ့သည်။
အမှုဖွင့်ခံရမှုနှင့် ပတ်သက်ပြီး The Voice သတင်းစာ အကြီးတန်း အမှုဆောင် အယ်ဒီတာ ဦးအောင်စိုးနှင့် အမှု ဥပဒေ အကြံပေး ဦးခင်မောင်မြင့်တို့ ဗဟန်းရဲစခန်း တာဝန်ရှိသူများနှင့် သွားရောက်တွေ့ဆုံ ဆွေးနွေးရာတွင် တောင်းဆို တင်ပြ ခဲ့ခြင်းဖြစ်သည်။
ဦးခင်မောင်မြင့်က “သရော်စာကိစ္စက ညှိနှိုင်းနေဆဲမှာThe Voice ဘက်ကလည်း ပြန်လည်ဖြေရှင်းပေးဖို့ သဘောတူ ထား တယ်၊ ဒီအတွက် အမှုစစ်ဆေး တည်ဆောက်တာတွေကို ခေတ္တ ယာယီဆိုင်းငံ့ပေးဖို့ တောင်းဆိုခဲ့တာပါ၊ ရဲမှူးကလည်း မူ အားဖြင့်တော့ သဘောတူပါတယ်”ဟု ပြောသည်။
သရော်စာနှင့် ပတ်သက်၍ The Voice သတင်းစာက အယ်ဒီတာချုပ် ဦးကျော်မင်းဆွေနှင့် ဆောင်းပါးရှင် ဗြိတိသျှ ကိုကို မောင် တို့ကို ရန်ကုန်တိုင်း စစ်ဌာနချုပ်မှ ဒုဗိုလ်မှူးကြီး လင်းထွန်းက တရားလိုပြုလုပ်ကာ မေလ ၁၇ ရက်နေ့ က ဗဟန်းမြို့နယ် ရဲစခန်းတွင်း ပုဒ်မ ၆၆(ဃ) ဖြင့် အမှုဖွင့်ခဲ့ခြင်း ဖြစ်သည်။
တပ်မတော် အနေဖြင့် MPC သို့ တင်ပြရာတွင် သရော်စာပါ အကြောင်းအရာများနှင့် ပတ်သက်၍ တပ်မတော် အပေါ် ပြည်သူ အထင် မလွဲစေချင်သည့်အတွက် ပြန်လည်ဖြေရှင်းပေးရန် တောင်းဆိုထားပြီး The Voice ဘက်ကလည်း ဖြေရှင်း ပေးမည်ဖြစ်ကြောင်း သဘောတူညီမှု ရရှိထားသော်လည်း သုံးနှုန်းမည့် စကားလုံးများနှင့် ပတ်သက်၍ ဆက်လက် ညှိနှိုင်း နေဆဲဖြစ်ကြောင်း သိရသည်။