မန္တလေးတိုင်းဒေသကြီး အတွင်း တရားမဝင်သစ် ဖမ်းဆီးရမိမှုများကို အရေးယူရာတွင် သစ်တောဥပဒေတခုတည်းဖြင့် အရေးယူခဲ့ရာမှ ပြည်သူပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်ရေးအက်ဥပဒေ နှင့် အများနှင့် သက်ဆိုင်သော ပစ္စည်းကာကွယ်စောင့်ရှောက်ရေး ဥပဒေများဖြင့်ပါ အရေးယူရန် ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။
ယခင်က တရားမဝင် သစ်များ ဖမ်းဆီးရမိခဲ့သော်လည်း ဥပဒေအားနည်းချက်ကြောင့် ထိရောက်စွာ အရေးမယူနိုင်သည့်အတွက် ဒေသန္တရ စီမံခန့်ခွဲမှုဖြင့် ပြန်လည်ထိန်းသိမ်းနေခြင်း ဖြစ်ကြောင်း၊ သစ်ဖမ်းဆီးရမိသည့် အမျိုးအစားနှင့် ပြစ်ဒဏ်ပေါ် မူတည်ကာ အသေးစိတ် ပြင်ဆင်ကန့်သတ်လိုက်သဖြင့် ကျူးလွန်သူသည် အာမခံ မရနိုင်တော့ကြောင်း၊ ယခင်ထက် ပိုမို ပြင်းထန်မည်ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဦးမြတ်သူက ပြောသည်။
စီမံကိန်းနှင့် ဘဏ္ဍရေးဝန်ကြီး ဦးမြတ်သူက “အရင်က သစ်တွေ တတန်အောက် ဖမ်းမိရင် သစ်တောလွှဲလိုက်ဆိုတော့ သစ်တောက ဘာဆက်လုပ်မှန်းလည်းမသိရဘူး။ သူ့ရဲ့ ဥပဒေအရဆိုရင်လည်း တန်ဖိုးသိရင် ဒဏ်ရိုက်ပြီး ပြန်ပေးလို့ရတယ်။ တချို့က တရားဝင်ဖြစ်အောင်ဆိုပြီး တမင်သက်သက် ဖမ်းခံတာတွေတောင်ရှိတယ်။ တခါတလေကျ သစ် ၄၊ ၅ တန် လောက် မိတယ်၊ ပိုင်ရှင်က ၅ ယောက်လောက်ဆိုရင် အစိတ်စိတ် အမြွှာမြွှာခွဲလိုက်တော့ ငါတို့က ထိုင်ကန်တော့ရ မလိုတောင် ဖြစ်နေတယ်။ ဖမ်းတာပဲ အဖတ်တင်တယ်။ အဲဒါကြောင့် အခုလိုကန့်သတ်လိုက်ရတာ” ဟု ရှင်းပြသည်။
အဆိုပါ ပြင်ဆင်ချက်တွင် ဖမ်းဆီးရမိသည့် သစ်အမျိုးအစားနှင့် တန်ချိန်အလိုက် အရေးယူရမည့် ဥပဒေတို့ကို အသေးစိတ်ခွဲခြားထားရာ ကျွန်းသစ် ၁ တန်အထိ ဖမ်းဆီးရမိပါက သစ်တောဥပဒေဖြင့် အရေးယူမည် ဖြစ်သည်။
အဆိုပါ ပြင်ဆင်ကန့်သတ်ချက်များ အရ တရားမဝင်သစ်များ ဖမ်းဆီးရမိရာတွင် ကျူးလွန်သူများကို သစ် ၁ တန်အထက်မှ ၃ တန်အထိ ပြည်သူပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်ရေးအက်ဥပဒေ ပုဒ်မ ၆ (၁) အရ လည်းကောင်း၊ ကျွန်းသစ် ၃ တန်၏ အထက်ကို အများနှင့် သက်ဆိုင်သော ပစ္စည်းကာကွယ်စောင့်ရှောက်ရေး ဥပဒေပုဒ်မ ၃ အရ လည်းကောင်း အမှုဖွင့်အရေးယူမည်ဟု ပါရှိသည်။
ထို့ပြင် သစ်မာအမျိုးအစားဖြစ်ပါက ၃ တန်အထိကို သစ်တောဥပဒေဖြင့်လည်းကောင်း၊ ၃ တန်အထက်မှ ၅ တန်အထိကို ပြည်သူပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်ရေး အက်ဥပဒေပုဒ်မ ၆ (၁) ဖြင့်လည်းကောင်း၊ ၅ တန်နှင့် အထက်ဖြစ်လျှင် အများနှင့် သက်ဆိုင်သော ပစ္စည်းကာကွယ်စောင့်ရှောက်ရေးဥပဒေပုဒ်မ ၃ အရ အရေးယူရမည် ဟု သိရသည်။
တရားမဝင်သစ်ဖမ်းဆီးရမိမှုများတွင် အရေးယူဆောင်ရွက်ရမည့် ဥပဒေများအပေါ် တိုင်းအစိုးရအဖွဲ့က ဧပြီ ၂၄ ရက်က ကြေညာချက်ထုတ်ပြန်ပြီးနောက် မန္တလေးတိုင်းဥပဒေချုပ်ရုံး၊ တိုင်းရဲတပ်ဖွဲ့မှုးရုံး၊ တိုင်းသစ်တောဦးစီးဌာန၊ တိုင်း တရားလွှတ်တော်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ခရိုင်၊မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတို့အား ပေးပို့ခဲ့ခြင်း ဖြစ်သည်။
မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးကြီး တင်ဇော်ထွန်းက “ခုလိုဥပဒေပြောင်းလဲအရေးယူလိုက်တော့ အနည်းအကျဉ်း ခိုးထုတ်တဲ့ သူတွေအတွက် ထိုက်သင့်တဲ့ပြစ်ဒဏ်ဖြစ်သွားသလို စီးပွားဖြစ် နိုင်ငံခြားကို ခိုးထုတ်တဲ့ တန်ချိန်မျိုးဆိုရင်တော့ ပြစ်ဒဏ်လည်း ပိုများသွားတာမို့ ထိထိရောက်ရောက် ဖြစ်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
မန္တလေးတိုင်းဒေသကြီးအတွင် တရားမဝင် သစ်များ ဖမ်းဆီးရမိရာတွင် ကျွန်း၊ တမလန်း၊ ပိတောက် စသည့်သစ်မာအမျိုးအစားများ ပါဝင်ပြီး မန္တလေးမြို့၏ အဝင်အထွက်ဂိတ် ၃ ခုဖြစ်သည့် ၁၆ မိုင်၊ ရွှေကျင်နှင့် စစ်ကိုင်းတံတားသစ် (နှာပေါက်ဂိတ်) တို့တွင် အများဆုံးဖမ်းဆီးရမိကြောင်း မန္တလေးတိုင်းအစိုးရအဖွဲ့ထံက သိရသည်။
တနိုင်ငံလုံးအတိုင်းအတာအရ ၂၀၁၆- ၁၇ ဘဏ္ဍာနှစ်အတွင်း တရားမဝင် သစ်တန်ချိန် ၄ သောင်းကျော်နှင့် နိုင်ငံခြားသား တရားခံ ၁၁ ဦး အပါအဝင် တရားခံ ဦးရေ စုစုပေါင်း ၇ ထောင်ကျော်အား ဖမ်းဆီးအရေးယူခဲ့ကြောင်း ပြီးခဲ့သည့် မတ်လက ကျင်းပခဲ့သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် သယံဇာတနှင့် သဘာ၀ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ပြောသည်။