သတင်း

ABSDF မှ ရဲဘော်မင်းဌေးအမှု အပြီးသတ် လွတ်မည်ဟု ယုံကြည်

Want create site? Find Free WordPress Themes and plugins.

ကချင် လွတ်မြောက်ရေးအဖွဲ့ (KIO/KIA) နှင့် ဆက်သွယ်သည်ဟုဆိုကာ ဖမ်းဆီးခံထားရသော မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) မှ ဗဟိုကော်မတီဝင် ရဲဘော်မင်းဌေးအမှု အပြီးသတ် လွတ်မည်ဟု ယုံကြည်ကြောင်း ဇနီးဖြစ်သူ ဒေါ်နန်းယဉ်ကပြောသည်။

ရဲဘော်မင်းဌေးသည် ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာ ၁၈ ရက်က ဗန်းမော်-လွယ်ဂျယ် ကားလမ်းပေါ်ရှိ စိန်လုံစစ်ဆေးရေးဂိတ်တွင် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA) နှင့် ဆက်သွယ်သည်ဟုဆိုကာ မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁)ဖြင့် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။

ထို့နောက် ဗန်းမော်မြို့ရှိ ရဲစခန်းတွင် ဖမ်းဆီးထားခဲ့ပြီး တရားရင်ဆိုင်လာခဲ့ရာ ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၃၀ ရက်တွင် ၂၆ ကြိမ်မြောက် ရုံးချိန်းအဖြစ် စစ်ဆေးခံခဲ့ပြီး စက်တင်ဘာ ၁ ရက်နေ့(၂၇ ကြိမ်မြောက် ရုံးချိန်း) ၌ အပြီးသတ် အမိန့်ချမှတ် သွားမည်ဖြစ်ကြောင်း သိရသည်။

“အမှုက မခိုင်ဘူးလေ။ သက်သေတွေ ဘာမှ ပြနိုင်တာမရှိဘူး။ အတိုင်ပင်ခံနဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင် ပြောတယ်။ တရားရုံးရဲ့ ဆုံးဖြတ်ချက်အတိုင်းပဲ ဆိုတဲ့ အပေါ်ပေါ့နော်။ ဒီဖြစ်စဉ်အပေါ်မှာ လိုက်နာပြီးတော့မှ တရားရုံးရဲ့ ဆုံးဖြတ်ချက်အပေါ်မှာ လိုက်နာခဲ့တာ ဖြစ်တယ်။ ဘာပဲပြောပြော တရားရုံးက အမှန်တရားပဲ ဖြစ်သင့်တယ်။ ဒီလိုကိစ္စမျိုး နောက်ဖြစ်လို့ မရဘူး။ NCA ခိုင်မာမှု အပေါ်မှာလည်း လျော့နည်းစေတယ်”ဟု ရဲဘော်မင်းဌေး ၏ ဇနီးဒေါ်နန်းယဉ်က ပြောသည်။

ရဲဘော်မင်းဌေး ဖမ်းဆီးခံနေရသည့် အမှုသည် သက်သေခိုင်လုံခြင်း မရှိသကဲ့သို့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ရေးထိုးထားသော အဖွဲ့ဖြစ်၍ အပြီးသတ် လွှတ်ပေးရမည်ဖြစ်ကြောင်း၊ အပြီးသတ် လွှတ်ပေး လျှင်ပင် ဦးမင်းဌေးအနေဖြင့် အကျဉ်းစခန်းအတွင်း ၈ လလောက် နေထိုင်ခဲ့ရပြီးဖြစ်ကြောင်း ၎င်းက ပြောသည်။

ရဲဘော်မင်းဌေးသည် ABSDF ၏ ဗဟိုကော်မတီဝင်ဖြစ်ပြီး ABSDF သည် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်က ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) ၊ ကရင်အမျိုးသား အစည်းအရုံး (KNU၊ KNU/KNLA – PC)၊ ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော် (DKBA) ၊ ပအိုဝ့်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ၊ ချင်းအမျိုးသား တပ်ဦး (CNF) ၊ ရခိုင်ပြည်နယ် လွတ်မြောက်ရေးပါတီ (ALP) တို့နှင့်အတူ NCA ရေးထိုးထားသော အဖွဲ့ဖြစ်သည်။

ဖမ်းဆီးခံခဲ့ရသော ရဲဘော်မင်းဌေးက မိမိအား ဖမ်းဆီးခြင်းသည် ခိုင်လုံမှု မရှိကြောင်း၊ လွတ်လွတ်လပ်လပ် သွားလာသည့် နေရာများဖြစ်ကြောင်း၊ NCA ထိုးထားသော အဖွဲ့ဖြစ်သည့်အတွက် လွတ်လွတ်လပ်လပ် သွားလာခွင့် ရှိသည်ဟု ၂၀၁၇ ခုနှစ် သြဂုတ်လ ၃၀ ရက် ၊၂၆ ကြိမ်မြောက် ရုံးချိန်းအပြီးတွင် ဧရာဝတီသို့ ပြောသည်။

“သူတို့ဖမ်းတုန်းက ကျနော်တို့ ဘတ်တံဆိပ်တွေ အပေါ်မှာ စစ်ဆေးမေးမြန်းလိုတယ် ဆိုပြီးခေါ်တယ်။ နောက် ကျနော့်ရဲ့ ထွက်ချက် သူတို့ စအဖမှာ စစ်တယ်လေ။ ၂ ည ၊ ၂ ညနဲ့ ၂ ရက် စစ်တဲ့ ကိစ္စတွေရှိတယ်။ အဲဒီဟာတွေရယ်၊ ကျနော့်ကို မေးတဲ့ဟာတွေ ရှိတယ်။ အဲဒါတွေကို ကျနော်က ပြန်ပြောပြတာ ရှိတယ်။ ကျနော့် ဖုန်းထဲက ဓာတ်ပုံတွေ ရိုက်ထားတာ ရှိတယ်။ အဲဒါတွေနဲ့ ပတ်သက်ပြီးတော့ KIA ပါ KIA နဲ့ ဆက်သွယ်တယ်ဆိုပြီး ပြောတာတွေရှိတယ်” ဟု ၎င်းက ပြော သည်။

ထို့ပြင် မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေး တည်ဆောက်နေချိန်၌ တဖက်အား အပြစ်ပုံစံမျိုး သံသယသိပ်မကြီးရန် လိုအပ်ပြီး ယခုလို ဖြစ်နေပါက ငြိမ်းချမ်းရေးမှာ ပါမလာသေးသော အဖွဲ့အစည်းများ ပါလာရန် ခက်ခဲသွားနိုင်ကြောင်း၊ ငြိမ်းချမ်းရေး တကယ်လိုချင်ပါက တပ်မတော်ဘက်မှ လျှော့သင့်သည့် ကိစ္စများ လျှော့ပေးသင့်ကြောင်းလည်း ၎င်းက တိုက်တွန်း ပြောကြားသည်။

NCA စာချုပ် အပိုဒ် ၈ (က) လုံခြုံရေးအရ ကန့်သတ်ထားသော နေရာများမှအပ မည်သည့်နေရာကိုမဆို လက်နက်ကိုင် ဆောင်ခြင်း မရှိဘဲ လွတ်လပ်စွာ သွားလာခွင့်ပြုရန်၊ (ခ) တဖက်အဖွဲ့အစည်းက ထိန်းချုပ်ထားသော နယ်မြေအတွင်း လက်နက်ဖြင့် သွားလာရန် လိုအပ်လာပါက နှစ်ဖက်ညှိနှိုင်းသဘောတူညီချက်ဖြင့် သွားလာရန်ဟု ဆိုထားသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading