အိန္ဒိယနိုင်ငံအနောက်ပိုင်း မဟာရက်ရှ်ထရာပြည်နယ်မှ လူလေးဦးကိုသတ်ဖြတ်ခဲ့တဲ့အတွက် သေဒဏ် ချမှတ်ခံထားရတဲ့ ကျားတကောင် ပြီးခဲ့တဲ့ စနေနေ့က ဓာတ်လိုက်ပြီး သေဆုံးသွားခဲ့ပါတယ်။
တောဝက်တွေ ဝင်မလာအောင် လယ်သမားတဦးက ကာရံထားတဲ့ ခြံစည်းရိုးကနေ ဓာတ်လိုက်ပြီး သေဆုံးသွားတာ ဖြစ်တယ်လို့ သဘာဝသားရဲတိရစ္ဆာန်များဆိုင်ရာ တာဝန်ရှိသူများက ပြောပါတယ်။
တနင်္ဂနွေနေ့ မနက်အစောပိုင်းက အဲဒီခြံစည်းရိုးနားမှာ နှစ်နှစ်သားအရွယ် ကျားမလေးရဲ့အလောင်းကို မြင်တွေ့ခဲ့ရ ပြီးတဲ့ နောက် သူ့ကို လိုက်လံရှာဖွေဖမ်းဆီးမယ့်အစီအစဉ်ကို တာဝန်ရှိသူတွေက ဖျက်သိမ်းလိုက်ပါတယ်။
တိရစ္ဆာန်များ အခွင့်အရေးတက်ကြွလှုပ်ရှားသူတွေကတော့ ကျားမလေးကို ကယ်တင်ဖို့ ပျက်ကွက်ခဲ့တဲ့အတွက် သစ်တော ဌာနကို အပြင်းအထန် ဝေဖန်နေကြပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၂၃ ရက်နေ့မှာ ပြည်နယ်သစ်တောဌာနက အဲဒီကျားမကို ရှာဖွေပြီး သေနတ်နဲ့ပစ်သတ်ဖို့ အမိန့်ထုတ်ခဲ့ တာကို တက်ကြွလှုပ်ရှားသူတွေက ကန့်ကွက်ခဲ့ပေမယ့် သူတို့ရဲ့ အသနားခံစာကို တရားရုံးက ပယ်ချပြီး သေဒဏ်ကို အတည်ပြုပေးခဲ့ပါတယ်။
ယခု သေဆုံးသွားခဲ့တဲ့ ကျားမကို ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း မဟာရက်ရှ်ထရာပြည်နယ်၊ ဘရမာပူရီမြို့မှာ လူ ၂ ဦးကို သတ်ခဲ့ပြီး ၄ ဦးကို ဒဏ်ရာရစေခဲ့တဲ့အတွက် ပထဆုံးအကြိမ်အဖြစ် အာဏာပိုင်တွေက ဖမ်းဆီးခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ကျားဘေးမဲ့တောအတွင်းသို့ ပြန်လည်လွှတ်ပေးခဲ့ပေမယ့် နောက်ထပ် လူ ၂ ယောက်ကို သတ်ခဲ့ပြန်တာကြောင့် ယခုလို ပြစ်ဒဏ်ချမှတ်ခဲ့ရခြင်းဖြစ်တယ်လို့ သတင်းကဆိုပါတယ်။
အိန္ဒိယနိုင်ငံဟာ ကမ္ဘာပေါ်ရှိတဲ့ ကျားတွေရဲ့ ၆၀ ရာခိုင်နှုန်း ရှိနေတဲ့နေရာဖြစ်ပြီး သူတို့ ကျင်လည်ကျက်စားရာနေရာ နည်းပါးလာခြင်းနဲ့ သူတို့ရဲ့ ကိုယ်ခန္ဓာ အစိတ်အပိုင်းတွေကို တရုတ်တိုင်းရင်းဆေးဝါး ဖော်စပ်ရာမှာ အသုံးပြုဖို့အတွက် သတ်ဖြတ်ခြင်းများရဲ့ ခြိမ်းခြောက်မှုတွေကို ခံနေရပါတယ်။
ကျားများအတွက် သီးသန့်သတ်မှတ်ထားတဲ့နေရာများကို လူသားတွေ ကျူးကျော်ဝင်ရောက်မှုတိုးလာတဲ့အတွက် တခါတလေမှာ ကျားတွေနဲ့အနီးပတ်ဝန်းကျင်က ရွာသားတွေ ထိပ်တိုက် ရင်ဆိုင်မှုတွေ ရှိလာခဲ့ရပါတယ်။
ပြီးခဲ့တဲ့နှစ်များအတွင်း အိန္ဒိယမှာ သေဆုံးတဲ့ ကျားအရေအတွက် တဖြည်းဖြည်း မြင့်တက်လာခဲ့ပါတယ်။ ၂၀၁၅ ခုနှစ် တရားဝင်စာရင်းထုတ်ပြန်ချက်အရ ကျားအကောင်ရေ ၈ဝ သေဆုံးခဲ့ရပြီး အဲဒီနှစ်မတိုင်ခင်က ၇၈ ကောင်သာ သေဆုံး ခဲ့တယ်လို့ သတင်းကဆိုပါတယ်။
ကျားတွေရဲ့ တိုက်ခိုက်မှုအများစုက လမ်းမှားပြီး ရင်ဆိုင်တွေ့ချိန်မှာဖြစ်လေ့ရှိပြီးတော့ တိုက်ခိုက်ခံရသူကို ကျားတွေက စားစရာအဖြစ် ဆွဲသွားတာမျိုး ရှားတယ်လို့လည်း သိရပါတယ်။ ဒါပေမယ့် လူတွေအပေါ်တိုက်ခိုက်မှုတွေ ဆက်တိုက် လုပ်လာပြီဆိုရင်တော့ လူသားစားကျားဖြစ်လာပြီဆိုတဲ့ လက္ခဏာရပ်ပဲ ဖြစ်ပါတယ်။
Ref: www.bbc.com
ငြိမ်းချမ်းစိုး ဆီလျော်အောင် ဘာသာပြန်ဆိုသည်။