ရန်ကုန်မြို့တွင်း ရေမလုံလောက်မှုများ မဖြစ်ပေါ်စေရန်အတွက် သင်္ကြန်ကာလ ရေပေးဝေချိန်များကို အချိန်ပိုင်း ကန့်သတ်မည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ (YCDC) အင်ဂျင်နီယာဌာန (ရေနှင့် သန့်ရှင်းမှု) မှ သိရသည်။
“ရေသုံးများလာတဲ့ ကာလ ပူတဲ့အချိန်မှာ ပြည်သူတွေက ရေသုံးများလာတယ်။ ဒီလို ရေသုံးများတဲ့ အချိန်မှာ ရေပက် ကစားကြတာတွေ ရှိတဲ့အခါကျတော့ အချိန်ပိုင်းနဲ့ ထိန်းပြီးမပေးရင် ရေမလုံလောက်တာတွေ ဖြစ်မှာစိုးလို့ ကန့်သတ် ထား တာပါ” ဟု YCDC အင်ဂျင်နီယာဌာန (ရေနှင့် သန့်ရှင်းမှု) မှ တာဝန်ရှိသူတဦးက ပြောသည်။
၂၀၁၈ ခုနှစ် မဟာသင်္ကြန်ရက်များအတွင်း ပြည်သူများ ရေပြတ်လပ်မှု မရှိစေရန် စီစဉ်ထားရှိရာ ဧပြီလ ၁၃ ရက် (သင်္ကြန်အကြို) ၊ ဧပြီလ ၁၄ ရက် (သင်္ကြန်အကျ)၊ ဧပြီလ ၁၅ ရက် (သင်္ကြန်အကြတ်)၊ ဧပြီလ ၁၆ ရက် (သင်္ကြန်အတက်) နေ့ တို့တွင် မြို့နယ်တချို့သို့ ရေပေးဝေမည့် အချိန်များ လျှော့ချသွားမည် ဖြစ်ကြောင်း YCDC အင်ဂျင်နီယာ ဌာန (ရေနှင့် သန့်ရှင်းမှု) က ထုတ်ပြန်ထားသည်။
ယင်းသို့ ရေပေးဝေချိန် ကန့်သတ်မည့် နေရာများမှာ ကျောက်တံတား၊ ပန်းပဲတန်း၊ လသာ၊ လမ်းမတော် ၊ ဗဟန်း နှင့် ဒဂုံမြို့နယ်များသို့ နံနက် ၈ နာရီမှ ၁၁ နာရီထိ တကြိမ်၊ ညနေ ၃ နာရီမှ ၆ နာရီအထိ တကြိမ် ၂ ကြိမ်ခွဲ၍ ရေပေးဝေ မည် ဖြစ်ပြီး အလုံ၊ ကြည့်မြင်တိုင်နှင့် စမ်းချောင်းမြို့နယ်တို့အား နံနက် ၈ နာရီမှ ၁၀ နာရီအ ထိသာ ရေပေးဝေသွားမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
တာမွေ၊ မင်္ဂလာတောင်ညွန့်၊ ပုဇွန်တောင်၊ ဗိုလ်တထောင်၊ မင်္ဂလာဒုံ၊ အင်းစိန်၊ မရမ်းကုန်း၊ ရန်ကင်း၊ ကမာရွတ်၊ လှိုင်၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ မြောက်ဥက္ကလာ၊ တောင်ဥက္ကလာပ၊ သင်္ဃန်းကျွန်း၊ သာကေတ၊ ဒေါပုံ၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)၊ ဒဂုံမြို့သစ်(တောင်ပိုင်း)နှင့် ဒဂုံမြို့သစ်(အရှေ့ပိုင်း)၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်များတွင် မူလ ရေပေးဝေချိန် အတိုင်း ပေးဝေမည် ဖြစ်ကြောင်း သိရသည်။
မြို့နယ်များ အားလုံးတွင် ရေပေးဝေမှုများကို ဧပြီလ ၁၇ ရက် (နှစ်ဆန်းတစ်ရက်)နေ့မှသာ ယခင်ပုံမှန် ရေပေး ဝေချိန် အတိုင်း ပြန်လည် ပေးဝေသွားမည်ဖြစ်ကြောင်း YCDC အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု) က ဆိုသည်။
ဒဂုံမြို့နယ်တွင် အဝီစိတွင်းရေရော စည်ပင်ရေပါ ရရှိပြီး စမ်းချောင်း၊ အလုံ စသည့်မြို့နယ်များတွင် အဝီစိရေကို အားပြု သုံးခြင်းဖြစ်သဖြင့် ရေပေးချိန် ကန့်သတ်ခြင်းကြောင့် ထူးထူးခြားခြား မထိခိုက်ကြောင်း အဆိုပါမြို့နယ်များတွင် နေထိုင် သူများက ပြောဆိုသည်။
“အလုံက မြို့နယ်လည်း ကျဉ်းသလို လူနေအိမ်ခြေလည်း သိပ်မထူထပ်တော့ ရေနဲ့ပတ်သက်လို့ အခက်အခဲရှိတယ် လို့ သိပ်မကြားမိဘူး။ နောက်အများဆုံးက အဝီစိတွင်းကိုပဲ အားကိုပြီး သုံးကြတာများတယ်။ တိုက်ခန်း တော်တော် များများပေ့ါနော်” ဟု အလုံမြို့နယ်တွင် နေထိုင်သူတဦးက ဆိုသည်။
ယခုနှစ်သင်္ကြန်တွင် ဖျော်ဖြေရေးမဏ္ဍပ် ၃၅ ခုနှင့် ဖျော်ဖြေရေးနှင့် ရေကစားမဏ္ဍပ် ၆၀ ကို ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့က ခွင့်ပြုပေးမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား) မှ သိရသည်။
၂၀၁၇ ခုနှစ် သင်္ကြန်ကာလအတွင်း ရေပေးဝေချိန်များကို လူနေရပ်ကွက်များတွင် ကန့်သတ်လျှော့ချခဲ့ခြင်း မရှိဘဲ စည်ပင်ရေကို ဆက်သွယ်ရယူသည့် မဏ္ဍပ်များကိုမူ ရေပေးဝေချိန် ကန့်သတ်ခဲ့သည်။
ဂျိုးဖြူ၊ လှော်ကား၊ ဖူးကြီးနှင့် ငမိုးရိပ် ရေလှောင်ကန်တို့မှ ရေဂါလန်ပေါင်း ၁၈၅ သန်း၊ အဝီစိတွင်းများမှ ရေဂါလန် ပေါင်း သန်း ၂၀ စုစုပေါင်း ၂၀၅ သန်းဖြင့် ရန်ကုန်မြို့ကို ရေပေးဝေနေခြင်း ဖြစ်ကြောင်း YCDC အင်ဂျင်နီယာဌာန (ရေနှင့် သန့်ရှင်းရေး)မှ သိရသည်။