သတင်း

တရားဥပဒေ စိုးမိုးမှု ပြည်သူတွင်လည်း တာဝန်ရှိဟု ရန်ကုန် လုံ/နယ် ဝန်ကြီး ပြော

ဖွဲ့စည်းပုံ အခြေခံဥပဒေအရ တရားဥပဒေ စိုးမိုးရေးတွင် အဖွဲ့အစည်း၊ ဌာနတခုတည်းတွင်သာ တာဝန်ရှိခြင်း မဟုတ်ဘဲ ပြည်သူများတွင်လည်း တာဝန်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ (လုံ/နယ်) ဝန်ကြီး ဗိုလ်မှူးကြီး အောင်စိုးမိုးက ပြောသည်။

ယနေ့ကျင်းပသည့် ရန်ကုန်တိုင်း လွှတ်တော် အစည်းအဝေးတွင် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး အောင်စိုးမိုး က အထက်ပါ အတိုင်း ပြောကြားခြင်း ဖြစ်သည်။
ဗိုလ်မှူးကြီး အောင်စိုးမိုးက “တရားဥပဒေ စိုးမိုးရေးမှာ ဘယ်သူ့မှာ တာဝန်ရှိသလဲလို့ ကြည့်မယ်ဆိုရင်တော့ တရားဥပဒေ စိုးမိုးရေး ဖော်ဆောင်ရာမှာ အဖွဲ့အစည်းတခု၊ ဌာနတခုမှာသာ တာဝန်ရှိတာ မဟုတ်ဘဲနဲ့ ပြည်သူ တဦးချင်းစီမှာလည်း တာဝန် ရှိတယ်ဆိုတာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၁ (ဂ) မှာ ပြည်သူတို့ရဲ့ အေးချမ်းသာယာရေးနဲ့ တရားဥပဒေ စိုးမိုး ရေး တို့သည် ကျနော်တို့ နိုင်ငံသားတိုင်းမှာ တာဝန်ရှိသည်လို့ ပြဋ္ဌာန်းထားကြောင်း တင်ပြအပ်ပါတယ်”ဟု ပြောဆိုသည်။

တိုက်ကြီးမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဦးတင်ရှိန် တင်သွင်းထားသည့် “ရန်ကုန်တိုင်း ဒေသ ကြီး အတွင်းရှိ ဥပဒေ ချိုးဖောက်ပြီး တရားမဝင် လုပ်ကိုင်နေသော လုပ်ငန်းများကို ယခင်ကထက် ပိုမိုထိရောက်သည့် အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်ပေးနိုင်ပါရန် တိုက်တွန်းကြောင်း” အဆိုနှင့် စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ် များ ၏ ဆွေးနွေးခဲ့မှုများ အပေါ် လုံ/နယ် ဝန်ကြီးက ပြန်လည် ရှင်းလင်းရာတွင် အထက်ပါအတိုင်း ထည့်သွင်းပြောကြား ခြင်းဖြစ် သည်။

ယင်းအဆိုကို ဇွန်လ ၈ ရက်နေ့က တိုင်းလွှတ်တော်၌ ကိုယ်စားလှယ်အချို့ ဆွေးနွေးခဲ့ရာတွင် ရန်ကုန်တိုင်း ဒေသကြီး အစိုးရ၏ တရားဥပဒေ စိုးမိုးရေး ဆောင်ရွက်ချက်များနှင့် ပတ်သက်၍လည်း မေးခွန်းထုတ် ဝေဖန်ကြသည်။

လှိုင်မြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ကျော်ထွန်းက “ဥပဒေမဲ့ တရားမဝင် လုပ်ကိုင်နေတာတွေ၊ တရားဥပဒေ စိုးမိုးမှု လျော့လျဲလာတာတွေကို ပြည်သူများ ကိုယ်စား လွှတ်တော်ကနေ မေးခွန်းတွေမေးမြန်း၊ ဌာနတွေနဲ့ ဆက်သွယ် ဆွေးနွေးတာတွေ လုပ်ကိုင်နေကြပေမယ့် တာဝန်ရှိသူတွေဘက်က ကြပ်ကြပ်မတ်မတ် ဆောင်ရွက်တာ၊ အားရစရာမရှိတာ တွေ့ရပါတယ်။ လွှတ်တော် မေးခွန်းကျလာမှ အသည်းအသန် ထလိုက် လုပ်ကြပြီး မေးခွန်းလည်း ဖြေပြီးရော ဒုံရင်းဘဝ ပြန်ရောက်သွားတာ ရှိနေပါတယ်” ဟု ဇွန်လ ၈ ရက်နေ့က ဝေဖန် ထောက်ပြထားသည်။

လွှတ်တော် ကိုယ်စားလှယ် ဦးတင်ရှိန် တင်သွင်းသည့် “ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ဥပဒေ ချိုးဖောက်ပြီး တရားမဝင် လုပ်ကိုင်နေသော လုပ်ငန်းများကို ယခင်ကထက် ပိုမိုထိရောက်သည့် အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်ပေးနိုင်ပါရန် တိုက်တွန်း ကြောင်း” အဆိုကို ကန့်ကွက်သူ မရှိသည့်အတွက် ယနေ့ကျင်းပသည့် လွှတ်တော်၌ အတည်ပြုလိုက်သည်။

Loading