မွန်ပြည်နယ်အတွင်း လမ်းခင်ကျောက်ထုတ်လုပ်နေသည့် ကုမ္ပဏီများမှ ဥပဒေနှင့်မညီသည့် တရားမဝင်ယမ်း သုံးစွဲမှုများရှိပါက သတင်းမီဒီယာများအနေဖြင့် စုံစမ်းဖော်ထုတ်၍ ပြည်နယ်အစိုးရထံ အသိပေးစေလိုကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောသည်။
“တရားမဝင် ယမ်းဝယ်တာကို မိလို့ကတော့ သူ့ရဲ့ဥပဒေပုဒ်မနဲ့ အရေးယူမယ်၊ မီဒီယာတွေအနေနဲ့လည်း စုံစမ်းဖို့လိုပါတယ်”ဟု မွန်ပြည်နယ်အစိုးရအဖွဲ့၏ ဒုတိယ ၁ နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်သည့် ဇူလိုင် ၁၀ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ဒေါက်တာအေးဇံက ရှင်းပြသည်။
မွန်ပြည်နယ် အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းနိုင်ဦးကလည်း “ယမ်းဆိုတာ ပေါက်ကွဲစေတက်သော ပစ္စည်းဖြစ်ပါတယ်၊ ပေါက်ကွဲစေတက်သောပစ္စည်းကို တရားမဝင် သိုလှောင်သုံးစွဲရင် တည်ဆဲဥပဒေအရ ထိရောက်စွာ အရေးယူသွားမှာဖြစ်ပါတယ်” ဟု ပြောသည်။
ကျိုက်ထိုမြို့နယ်ရှိ ပျဉ်းကတိုးကုန်းကျေးရွာနှင့် ကမ်းနီကျေးရွာများမှ အချို့ကျောက်မိုင်းများသည် တရုတ်နိုင်ငံမှ တရားမဝင်ယမ်းများ ဝယ်ယူမိုင်းခွဲနေသည်ဟု သတင်းရရှိသဖြင့် ထိုကျောက်မိုင်းများကို ပြန်လည်ဆန်းစစ်ရန် ခေတ္တရပ်နားခိုင်းထားသော အခြေအနေများရှိကြောင်း ဒေါက်တာအေးဇံက ရှင်းပြသည်။
ကျိုက်ထိုမြို့နယ်အတွင်းရှိ အချို့သော လမ်းခင်းကျောက်ထုတ်လုပ်နေသည့် ကုမ္ပဏီကြီးများမှာ တရားဝင် ယမ်းသိုလှောင်ခွင့်ရထားသည့် ကျိုက်ထိုကျောက်ထုတ်လုပ်မှု ကုမ္ပဏီထံမှ ယမ်းဝယ်ယူမှု ပမာဏမှာ နည်းနေပြီး ကျောက်ထုတ်လုပ်မှု ပမာဏ များနေခြင်းအပေါ် တရားမဝင် မှောင်ခိုယမ်းများ သုံးစွဲနေသည်ဟု သံသယရှိမိကြောင်း ကျိုက်ထိုကျောက်ထုတ်လုပ်မှုကုမ္ပဏီလီမိတက်မှ ဥက္ကဋ္ဌ အောင်ဇင်ဦးက ဇွန် ၁၃ ရက်က သတင်းမီဒီယာများကို ပြောဆိုထားသည်။
“တရားမဝင်ယမ်း သုံးစွဲမှုနဲ့ ပတ်သက်ရင်တော့ ယမ်းနဲ့ပတ်သက်တဲ့ တည်ဆဲဥပဒေများအရ တရားစွဲဆို အရေးယူသွားရမှာ ဖြစ်ပါတယ်၊ ဒါကြောင့် တရားမဝင်ယမ်း သုံးစွဲနေတာကို သိတဲ့သူက မည်သူမဆို အစိုးရအဖွဲ့ရုံးကို တိုက်ရိုက်သတင်းပေး တိုင်ကြားပေးဖို့ မေတ္တာရပ်ခံပါတယ်”ဟု ဗိုလ်မှူးကြီးဝင်းနိုင်ဦးက ဆက်လက်ပြောဆိုသည်။
ကျောက်ထုတ်လုပ်ငန်းလိုင်စင်ကို သက်ဆိုင်ရာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနထံ တင်ပြလျှောက်ထားရပြီး ၎င်းတို့မှတစ်ဆင့် ပြည်နယ်အစိုးရထံ ဆက်လက်တင်ပြရကြောင်း ယင်းတင်ပြမှုများအပေါ် ပြည်နယ်အစိုးရမှ လိုင်စင်ထုတ်ပေးသင့် မပေးသင့်ကို ဆုံးဖြတ်ကြောင်း ၎င်းက ဆိုသည်။
ကုမ္ပဏီများအား ကျောက်ထုတ်လုပ်ရန် ပြည်နယ်အစိုးရမှ လိုင်စင်ခွင့်ပြုလိုက်သော်လည်း လိုင်စင်ရရှိသူမှာ လိုင်စင်နောက်ကျောပါ လိုက်နာရမည့် စည်းကမ်းချက် ၁၁ ချက်ထဲမှ ယမ်းသုံးစွဲခွင့်အတွက် တပ်မတော်ထံသို့ ဆက်လက်တင်ပြရမည် အချက်တချက်ပါဝင်ကြောင်း ၎င်းက ရှင်းပြသည်။
“ယမ်းဆိုတာ တပ်မတော် တပ်ရင်း၊ တပ်ဖွဲ့ထဲမှာပဲ ထားရမယ့်ပစ္စည်းဖြစ်ပါတယ်၊ ကန့်သတ်ပစ္စည်းဖြစ်ပါတယ်၊ တပ်မတော် တပ်ရင်းတပ်ဖွဲ့များမှအပ မည်သည့်ယမ်းကိုမဆို မည်သည့်နေရာမှာမှ ထားခွင့်မရှိပါဘူး၊ ဒါကြောင့်မို့ ကုမ္ပဏီရဲ့ လုပ်ငန်းလိုင်စင်အရ ဝယ်ယူသုံးစွဲမယ့် ယမ်းကို ဘယ်တပ်ရင်း၊ တပ်ဖွဲ့မှာ ထားချင်လဲဆိုတာ ဆုံးဖြတ်ပြီးတော့မှ အဲ့ဒီ တပ်ရင်း၊ တပ်ဖွဲ့ကို သတင်းပို့။ တပ်ရင်း၊ တပ်ဖွဲ့က သဘောတူတယ်ဆိုမှ တိုင်း (စစ်ဌာနချုပ်) ကိုတင်ပြရမှာဖြစ်ပါတယ်။
တိုင်းကနေမှ ကာကွယ်ရေးဝန်ကြီးဌာနကို ဆက်ပြီးတော့မှ တင်ပြရမှာဖြစ်ပါတယ်၊ ဒါကို စစ်ဆေးပြီးတော့မှ ယမ်းသိုလှောင်ခွင့် ပေးမှာဖြစ်ပါတယ်၊ ဒါနဲ့ဘဲ မရသေးပါဘူး၊ ကျောက်ထုတ်လုပ်ခွင့် လိုင်စင်ရပြီး၊ ယမ်းသိုလှောင်ခွင့်ရပြီး၊ ယမ်းဝယ်ယူခွင့်က စီးပွားကူးသန်းကို တင်ရမှာဖြစ်ပါတယ်၊ စီးပွားကူးသန်းမှ ယမ်းဝယ်ယူခွင့် ရပြီးဆိုလိုရှိရင် ဒါမှဒီကျောက်က ထွက်လာမှာဖြစ်ပါတယ်”ဟု ဗိုလ်မှူးကြီးဝင်းနိုင်ဦးက ဆိုသည်။
သထုံခရိုင်အတွင်းရှိ ကျောက်မိုင်းလုပ်ကိုင်နေသူများမှာ တရားဝင် ယမ်းသိုလှောင်ခွင့် ရရှိထားသော ကျိုက်ထိုကျောက်ထုတ်လုပ်မှု ကုမ္ပဏီလီမီတက်ထံမှ ယမ်းများဝယ်ယူရခြင်းဖြစ်သည်။