ဧရာဝတီတိုင်း ဒေသကြီး မအူပင်မြို့နယ် ကျွဲဒုံးတိုက်နယ်တွင် အသက် ၈၀ ကျော်အရွယ် လင်မယား နှစ်ဦး အသတ်ခံရမှု တရားခံကို ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း ကျွဲဒုံး နယ်မြေ ရဲစခန်းက သိရသည်။
ကျွဲဒုံးတိုက်နယ် ပေကုန်းကျေးရွာ အုပ်စုနေ ဦးတင်လှိုင် အသက် ၈၀ နှင့် ဇနီးဖြစ်သူ ဒေါ်ရီ အသက် ၈၁ နှစ် တို့သည် ၎င်း တို့ နေထိုင်ရာ နေအိမ်အခန်း ခြင်ထောင်အတွင်း၌ လည်ပင်း ပြတ်ရှ ဒဏ်ရာများဖြင့် သေဆုံးလျက်ရှိကြောင်း ဇူလိုင် ၁၅ ရက် နေ့လယ် ၁ နာရီခန့်တွင် ရပ်ရွာ အုပ်ချုပ်ရေးမှူးက ရဲစခန်းသို့ အကြောင်းကြားခဲ့ခြင်း ဖြစ်သည်ဟု ကျွဲဒုံးတိုက်နယ် နယ်မြေ စခန်းမှူး ရဲအုပ်မြင့်ဇော်က ရှင်းပြသည်။
“လိုအပ်တဲ့ သက်သေတွေ လိုက်စစ်တုန်း။ အစဆွဲနေရတုန်း ရှိသေးတယ်။ ဘာမှ သိပ်ထူးခြားမှု မရှိသေးပါဘူး”ဟု ရဲအုပ် မြင့်ဇော်က ဧရာဝတီကို ပြောသည်။
ဆက်လက်၍ ၎င်းက လူသတ်မှုကျူးလွန်သူ တရားခံနှင့်ပတ်သက်၍ သဲလွန်စ မရရှိသေးကြောင်းလည်း ပြောဆိုသည်။
အခင်း ဖြစ်ပွားသည့်နေ့ ညနေပိုင်း၌ သေဆုံးသူများ၏ ရုပ်အလောင်းကို မအူပင်မြို့ ကရုဏာ လူမှုကူညီရေး အသင်းမှ နိဗ္ဗာန်ယာဉ်ဖြင့် မအူပင် ပြည်သူ့ ဆေးရုံကြီးရှိ ရင်ခွဲရုံသို့ ကူညီပို့ဆောင်ပေးခဲ့ပြီး ယနေ့နံနက် ၉ နာရီခွဲတွင် ရေနံချောင်း ကျေးရွာ ကူးတို့ဆိပ်သို့ ပြန်လည် ပို့ဆောင် ကူညီပေးခဲ့ကြောင်း သိရသည်။
မအူပင်မြို့ကရုဏာ လူမှုကူညီရေး အသင်းမှ ကိုနေလင်းအောင်က အဘိုးနှင့် အဘွားတွင် သားသမီး နှစ်ဦးရှိပြီး မအူပင်မြို့ ပေါ်၌ နေထိုင်ကြကြောင်း၊ ပေကုန်းကျေးရွာ နေအိမ်တွင် ၎င်းတို့နှစ်ဦးတည်း နေထိုင်ပြီး ငွေကြေး ချမ်းသာသူများ မဟုတ် ကြောင်း၊ ဦးတင်လှိုင်သည် လေဖြတ် ဝေဒနာ ခံစားနေရကာ အိပ်ရာထဲ လဲနေသူဖြစ်ကြောင်း၊ နှစ်ဦးစလုံး၏ လည်ပင်း ပြတ်ရှ ဒဏ်ရာသည် လေပြွှန်ပြတ်ထွက်သည် အထိ အတော်နက်ကြောင်း ပြောပြသည်။
“အဘိုးဘက်က တူတယောက်ရှိတယ်။ တူတယောက်ကတော့ နည်းနည်းလေး ဆိုးတယ် ပြောတယ် ရွာမှာ။ လောလော ဆယ်တော့ စခန်းက သူ့ကိုခေါ်ပြီး ထိန်းထားတယ်။ ညကတော့ နည်းနည်းလေး စစ်ဆေး မေးမြန်း လုပ်နေတယ်”ဟု ၎င်းက ပြောသည်။
အဆိုပါ လူသတ်မှု ဖြစ်စဉ်နှင့် ပတ်သက်၍ ကျွဲဒုံး နယ်မြေရဲစခန်းမှ (ပ)၄၅/၂၀၁၈ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂ အရ အမှု ဖွင့်ထားပြီး လူသတ်မှု ကျူးလွန်သူကို ဖမ်းဆီးရမိရေး စုံစမ်း စစ်ဆေးလျက် ရှိကြောင်း ရဲအုပ်မြင့်ဇော် က ပြောပြသည်။