ကချင်ပြည်နယ်တွင် မူးယစ်ဆေးစွဲ အမျိုးသမီး များစွာရှိနေပြီး မူးယစ်ဆေးဖြတ်ရန် အတွက်လည်း အခက်အခဲ ရှိနေ ကြောင်း သတင်း ရရှိသည်။
မူးယစ်ဆေး ဖြတ်သည့် စခန်းများသည် အမျိုးသားများ အတွက် အဓိက ဦးတည်ပေးထားပြီး အမျိုးသမီးများ အတွက် မြစ်ကြီးနားမြို့ရှိ ခုတင် ၁၀၀ ဆန့် ဆေးရုံတခုသာ ရှိသည့်အတွက် မူးယစ်ဆေးစွဲသည့် အမျိုးသမီးများ ဆေးဖြတ်ရန် အခက် အခဲရှိနေသည်ဟု လူထု မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အဖွဲ့(မြစ်ကြီးနား) အတွင်းရေးမှူး ဦးတန်ဂွမ်းက ဧရာဝတီ သို့ ပြောကြားသည်။
“အမျိုးသမီး အရေအတွက်တော့ အတိအကျ မသိဘူး။ များသောအားဖြင့် အမျိုးသားတွေကိုပဲ ဦးစားပေးတဲ့ သဘောထား ရှိ တယ်။ ကျနော်တို့ အနေနဲ့တော့ အမျိုးသမီးတွေကို အမျိုးသမီးတွေက Care လုပ်တာက (ပြုစု စောင့်ရှောက်တာ) ပို အဆင် ပြေမယ် ထင်တယ်။ အဲဒီလိုမျိုးက မရှိသလောက် ဖြစ်နေတယ်။ ဒီလိုအချိန်မှာ ဆေးဖြတ်ပေးဖို့ အမျိုးသမီးတွေ ရှားပါး နေတယ်”ဟုလည်း ၎င်းက ပြောသည်။
ဆေးစွဲနေသည့် အမျိုးသမီးများကို စောင့်ရှောက်မှု ပြုလုပ်ပေးရန် အမျိုးသမီးဝန်ထမ်း လိုအပ်နေခြင်းက ဝန်ထမ်း ရှားပါး နေခြင်းမဟုတ်ဘဲ ဝါသနာပါသူ မရှိခြင်းကြောင့် ဖြစ်ကြောင်း၊ အမျိုးသမီး အများစုသည် တခြားသော လှုပ်ရှားမှုများ၌ တက် ကြွစွာ ပါဝင်ကြသော်လည်း မူးယစ်ဆေးဝါး ကျေးကျွန် ဘဝရောက်နေသူများကို အချင်းချင်း ဖေးမကူညီရန်နှင့် ပြုစု စောင့် ရှောက်ရေး လုပ်ရန်များ အတွက် အမျိုးသမီးများ ဦးဆောင်လာသည့် အနေအထား မတွေ့ရကြောင်း ဦးတန်ဂွမ်းက ပြော ဆို သည်။
ကချင်ပြည်နယ်၌ ၂၀၁၇- ၂၀၁၈ ခုနှစ်တွင် မူးယစ်ဆေးဝါး ရောင်းဝယ် သုံးစွဲမှုဖြင့် အရေးယူခံရသည့် အမျိုးသား ဦးရေ ၂၅၆ ဦးနှင့် အမျိုးသမီး ဦးရေ ၅၆ ဦးရှိကြောင်း မြစ်ကြီးနားမြို့နယ် ရဲတပ်ဖွဲ့မှူးရုံး၏ စာရင်းများတွင် ဖော်ပြထားသည်။
ထို့ပြင် လူထု မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အဖွဲ့(မြစ်ကြီးနား) ၏ စာရင်းအရ ၂၀၁၄ ခုနှစ်မှ ၂၀၁၆ ခုနှစ် အထိ သုံးနှစ်တာ ကာလအတွင်း၌ မူးယစ်ဆေးဝါး ရောင်းဝယ် သုံးစွဲမှုကြောင့် အရေးယူခံရသည့် အမျိုးသား ၈၀၆၀ တွင် အမျိုးသမီး ၈၅၆ ဦး ရှိခဲ့ကြောင်း သိရသည်။
ယခင်က ကချင်ပြည်နယ်တွင် မူးယစ်ဆေးဝါးကို အမျိုးသားများကသာ အများစု သုံးစွဲကြပြီး ယခုနောက်ပိုင်း၌ အမျိုးသမီး များပါ ပိုမိုသုံးစွဲမှု ရှိလာသည်ကို တွေ့ရကြောင်း တရား လွှတ်တော်ရှေ့နေ ဒေါ်ဒွဲဘူက ပြောသည်။
အမျိုးသမီးများ မူးယစ်ဆေး သုံးစွဲလာရခြင်းက စိတ်ပိုင်းဆိုင်ရာ အရ၊ အိမ်ထောင်ရေး ပြဿနာကြောင့် သော်လည်း ကောင်း၊ စိတ်ဓာတ်ကျခြင်းကြောင့် စိတ်ဖြေရာ အနေဖြင့် သော်လည်းကောင်း သုံးစွဲလာခြင်း ဖြစ်သည့်အပြင် တချို့သော မူးယစ် ဆေးဝါး ရောင်းချသူ လက်ကြီးသမားများက အလုပ်အကိုင်မရှိသော စစ်ရှောင် အမျိုးသမီးများ၊ မိန်းကလေးငယ်များ ကို လက်လီဖြန့်ဖြူးခိုင်းရာမှ တဆင့် အမျိုးသမီးများ မူးယစ်ဆေးစွဲလာရခြင်း ဖြစ်သည်ဟု ၎င်းက ပြောဆိုသည်။
“အစိုးရက ဆောင်ရွက်နေတဲ့ ဆေးဝါးကုသရေးနဲ့ ပြန်လည် ထူထောင်ရေးမှာလည်း အမျိုးသားတွေ အတွက်ပဲ ရှိတယ်။ အရပ်ဘက်အဖွဲ့တွေက လုပ်တဲ့ ကဏ္ဍတွေ၊ နောက်ပြီး ဘာသာရေးဘက်က လုပ်တဲ့ကဏ္ဍတွေ ပြီးတော့ သီးသန့်ပုဂ္ဂလိက အနေနဲ့ မူးယစ်ဆေးဝါး ပြန်လည် ထူထောင်ရေးစခန်းတွေ လုပ်တာလည်း အမျိုးသားတွေ အတွက်ပဲ ဖြစ်နေတယ်။ အမျိုးသမီး တွေ အတွက်က အင်မတန်မှ အန္တရာယ် ကြီးမားနေတယ်လို့ မြင်ပါတယ်။ နောက် အမျိုးသမီးတွေက ဒီလို သုံးစွဲပြီးမှ ရောဂါရ သေသွားတာတွေလည်း ပိုများတယ်။ မသိလိုက်တာဘဲ ရှိတယ်။ ဦးရေအရတော့ အမျိုးသမီးတွေက တကယ့်ကို များပြားနေတယ်”ဟုလည်း ဒေါ်ဒွဲဘူက ဆိုသည်။
ကချင်ပြည်နယ်တွင် မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ သွားလာရ ခက်ခဲသည့် ပူတာအိုကဲ့သို့ ဒေသများအထိ ရောက်ရှိနေ ကြောင်း၊ ပူတာအိုဒေသသည် ယခင်က အေးချမ်းသည့် ဒေသဖြစ်သော်လည်း ယခုအခါ ပူတာအို၌ မူးယစ်ဆေး သုံးစွဲမှု များစွာ ရှိလာသည်ကို ကြားသိရကြောင်းလည်း ဒေါ်ဒွဲဘူက ထောက်ပြ ပြောဆိုသည်။
ကချင်ပြည်နယ်တွင် မူးယစ်ဆေးဝါး ရရှိမှု လွယ်ကူနေခြင်းသည် ဆယ်စုနှစ်ကျော် ရှိပြီဖြစ်၍ ယင်း ကိစ္စရပ်နှင့် ပတ်သက်ပြီး ပြည်နယ် အစိုးရ အပါအဝင် အားလုံးဝိုင်းဝန်း ဆောင်ရွက်နေကြောင်း အင်ဂျန်းယန် လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဂျာဆိုင်းခေါန် က ဆိုသည်။
ယင်းပြင် မူးယစ်ဆေးဝါး ရောင်းဝယ် သုံးစွဲမှုသည် ၂၀၁၆ ခုနှစ် ၂၀၁၇ ခုနှစ်တို့တွင် ပိုမိုဆိုးရွားလာပြီး ထိုသို့ မူးယစ်ဆေး အလွယ်တကူ ရရှိလာခြင်းကြောင့် ဆေးသုံးစွဲ လူငယ်များ ပြစ်မှု ကျူးလွန်မှုများ ဖြစ်ပွားလာကြောင်းလည်း ၎င်းပြောသည်။
မြန်မာနိုင်ငံရှိ တိုင်းနှင့် ပြည်နယ် ၁၄ ခု တွင် မူးယစ်ဆေးဝါးနှင့် ပတ်သက်ပါက ကချင်ပြည်နယ်က ထုတ်လုပ် ဖြန့်ဖြုးသုံးစွဲ သူ အများဆုံး ဖြစ်ကြောင်း ကချင်ပြည်နယ် လူမူရေး ဝန်ကြီး ဒေါက်တာ သင်းလွင်ကလည်း ဧရာဝတီသု့ိ ပြောကြားသည်။
ထို့ကြောင့် မူးယစ်ဆေးဝါး အများဆုံးရှိသည့် ကချင်ပြည်နယ်တွင် မူးယစ်ဆေးဝါးဖြတ်သည့် မက်သတုန်း စင်တာ အများဆုံး ထားရှိကြောင်း ၎င်းက ပြောသည်။
“ကချင်ပြည်နယ်မှာ မက်သတုန်းစင်တာ အများဆုံးပဲ။ ဥပမာ မြစ်ကြီးနားကတော့ မူးယစ်ဆေးစွဲတဲ့ ရောဂါကု ဆေးရုံ ရှိတဲ့ အတွက် မက်သတုန်း စင်တာရှိတယ်။ မိုးညှင်းခရိုင်မှာ မြို့နယ် သုံးခု ရှိတယ်။ မြို့နယ်ဆေးရုံမှာ အားလုံးရှိမယ်။ အဲဒါ အ ပြင် မိုးညှင်းခရိုင်မှာ ထူးခြားတာက တိုက်နယ် ဆေးရုံပါ ထပ်ပေးထားတယ်။ မိုးကောင်းဆေးရုံ၊ ဖားကန့်ဆေးရုံ တွေမှာ ရှိ တယ်”ဟုလည်း ဒေါက်တာ သင်းလွင်က ဆက်ပြောသည်။
မူးယစ်ဆေးဝါး သုံးစွဲသူများ အတွက် မူးယစ်ဆေးဝါး ဖြတ်ပေးသည့် စခန်းများရှိပြီး မူးယစ်ဆေးဖြတ်ပြီး သူများအတွက် ပြန် လည်ထူထောင်ရေး စခန်းများလည်း ထားရှိကြောင်းနှင့် ယင်းစခန်းများတွင် မူးယစ်ဆေးဖြတ်ပြီး သူများအား အသိပညာ ပေးခြင်း၊ အသက်မွေးပညာ ဖြစ်သည့် မုန့်ဖုတ်နည်း သင်တန်း၊ စက်ပြင် သင်တန်း၊ စက္ကူပန်း လုပ်ခြင်း၊ ပန်းချီ စသည့် ပညာ ရပ်များကို သင်ကြားပေးသည်ဟု လူမူရေးဝန်ကြီး ဒေါက်တာ သင်းလွင်က ပြောကြားသည်။