နှိပ်စက်ညှဉ်းပန်းခံရမှုများ၊ လူ့အခွင့်အရေးချိုးဖောက်ခံရမှုများ ရင်ဆိုင်နေရသည့် အိမ်အကူများကို ကာကွယ်စောင့်ရှောက်သည့် ဥပဒေပြဋ္ဌာန်းရန် အိမ်အကူများက တောင်းဆိုမှုရှိနေသည်။
အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့(ILO) မှ ဦးဆောင်ပြုလုပ်သည့် စက်တင်ဘာလ ၂၁ ရက်နေ့က အိမ်အကူ အလုပ်သမားများအတွက် နေထိုင်ရေး အစီအစဉ်နှင့် အခြေအနေများအတွက် စံချိန်စံညွှန်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင် တက်ရောက်လာသည့် အိမ်အကူအလုပ်သမားများက ၎င်းတို့ခံစားချက်နှင့် အကြံပြုချုက်များကို ပေးခဲ့ခြင်းဖြစ်သည်။
အိမ်အကူအလုပ်သမားများသည် အလုပ်ချိန်အတိအကျ သတ်မှတ်ထားခြင်းမရှိသည့် အတွက် အိပ်စက်အနားယူရမည့် အချိန်များတွင်ပင် အလုပ်ကို လုပ်ကိုင်ရကြောင်း၊ အစားအစာကိုလည်း မဝရေစာ စားရကြောင်း၊ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုများကိုလည်း ကြုံတွေ့ရကြောင်းနှင့် လုပ်ကိုင်ရသည့် အိမ်များ ပြောင်းရွှေ့လုပ်ကိုင်စေခြင်းများရှိကြောင်း အိမ်အကူအဖြစ် ၉ နှစ်တာ လုပ်ကိုင်ခဲ့သည့် မသိရီရွှေဇင်က ပြောသည်။
မိမိဖြစ်ရပ်များအပြင် အိမ်အကူ အသိုင်းအဝိုင်းတွင် လူ့အခွင့်အရေးချိုးဖောက်ခံရမှုများ ရင်ဆိုင်နေရသဖြင့် အိမ်အကူများနှင့် ပတ်သက်သည့် ဥပဒေတစ်ရပ်ကို ပြဋ္ဌာန်းပေးရန် လိုအပ်ကြောင်း ၎င်းကဆိုသည်။
မသိရီရွှေစင် က “အခန်းပိတ်ပြီးရိုက်တာတို့ ထမင်းမဝရေစာကျွေးတာတို့ အဲဒါတွေက ရင်ဆိုင်နေရတယ် တွေ့နေရတယ်။ အဲဒီလို အိမ်အကူလေးတွေ မနှိပ်စက်ခံရအောင်လို့ မြန်မာနိုင်ငံမှာ အိမ်အကူဥပဒေကို အသက်ဝင်အောင် လုပ်ပေးပါလို့ ပြောကြားလိုပါတယ်” ဟု ဆိုသည်။
စင်ကာပူတွင် အိမ်အကူလုပ်ကိုင်ခဲ့သည့် မကြူကြူဝင်း က “တခြားနိုင်ငံမှာ မပြောနဲ့ ကိုယ့်မြန်မာနိုင်ငံအတွင်းမှာ အလုပ်လုပ်တာတောင်မှ အိမ်အကူ အလုပ်သမားအတွက် အကာအကွယ်ပေးဖို့ ဥပဒေဆိုတာ မရှိထားဘူးလေ။ ဖြစ်နိုင်မယ်ဆိုရင် ဒီအိမ်အကူ အလုပ်သမားတွေ အတွက် ဥပေဒပြဋ္ဌာန်းပေးဖို့ကိုလည်း မျှော်လင့်ပါတယ်” ဟု ပြောသည်။
အသက်အရွယ်မျိုးစုံသော အိမ်အကူများနှင့် အသက်မပြည့်သေးသော အိမ်အကူ ကလေးငယ်များသည် နှိပ်စက်ညှဉ်းပန်းခံရခြင်း၊ လိင်ပိုင်းဆိုင်ရာ စော်ကားခံရခြင်းများကို ကြုံတွေ့လျက်ရှိပြီး အကာအကွယ် ကင်းမဲ့လျက်ရှိသည့် အတွက် အိမ်ရှင်အိမ်အကူ နှင့် သက်ဆိုင်သော ဥပဒေများ ပြဋ္ဌာန်းပေးနိုင်ရန် တရားဥပဒေရေးရာ လှုပ်ရှားသူများ၊ လူ့အခွင့်အရေး လုပ်ရှားသူများက တောင်းဆိုလျက်ရှိသည်။
ILO မှ ရွှေ့ပြောင်းသွားလာမှုဆိုင်ရာစီမံကိန်း၊ နည်းပညာအကြံပေး Ms. Jackie Pollock က “အိမ်အကူအလုပ်သမား ကာကွယ် စောင့်ရှောက်မှုနဲ့ ပြောရရင် အခုလတ်တလောမှာကတော့ မြန်မာနိုင်ငံမှာ အိမ်အကူအလုပ်သမားတွေကို ကာကွယ်စောင့်ရှောက်တဲ့ ဥပဒေ မရှိသေးပါဘူး။ ILO ရဲ့ ပြဋ္ဌာန်းချက်အမှတ် ၁၈၉ မှာဆိုရင်တော့ အမျိုးသားဥပဒေကို ချမှတ်ပြီးတော့မှ အိမ်အကူအလုပ်သမားတွေကို ကာကွယ်စောင့်ရှောက်ဖို့ဆိုတဲ့ အပိုင်းကို ပြဋ္ဌာန်းထားပါတယ်” ဟု ဆိုသည်။
ဆက်လက်ပြီး Ms. Jackie Pollock က “ဒါကြောင့်မို့လို့ အိမ်အကူအလုပ်သမားတွေအတွက် သင့်တော်ကောင်းမွန်တဲ့ အလုပ်အကိုင် ဖန်တီးရေး ရရှိရေးအတွက်ဆိုရင် မြန်မာနိုင်ငံ အစိုးရအနေနဲ့က အိမ်အကူ အလုပ်သမားတွေကို ကာကွယ်စောင့်ရှောက်တဲ့ ဥပဒေတစ်ရပ်ကို ဖော်ဆောင်ပြဋ္ဌာန်းဖို့ လိုအပ်တယ်လို့ ကျမထင်ပါတယ်” ဟုဆိုသည်။
ယနေ့ ဆွေးနွေးပွဲတွင် အိမ်အကူအလုပ်သမားများအနေဖြင့် လိုအပ်သည့် နေရာထိုင်ခင်း၊ စားသောက်မှုပုံစံ နှင့် ရရှိသင့်သည့် ရပိုင်ခွင့်များကို ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။
အိမ်အကူများအား ကာကွယ်စောင့်ရှောက်ပေးသည့် ဥပဒေပြဋ္ဌာန်းနိုင်ရန်လိုသကဲ့သို့ အများပြည်သူများအနေဖြင့်လည်း အိမ်အကူလုပ်ငန်းအပေါ် သဘောထားအမြင်များ ပြောင်းလဲနိုင်ရန် လိုအပ်ကြောင်း Ms. Jackie Pollock က ပြောသည်။
“အိမ်အကူအလုပ်ဆိုတာ တန်ဖိုးရှိတဲ့ အလုပ်ဖြစ်တဲ့ အလုပ်ဆိုတာကို သိမြင်လာအောင် လုပ်ဖို့လိုအပ်ပါတယ်။ ဥပဒေပဲ ရှိပြီးတော့ ဒါကိုမလုပ်ဘူး ဆိုတာက အိမ်အကူ အလုပ်သမားတွေအတွက် ကောင်းမွန်တဲ့ ကာကွယ်စောင့်ရှောက်မှု ရဖို့ဆိုတာကတော့ မဖြစ်နိုင်ဘူးပေါ့။ ဒါကြောင့်မို့လို့ အသိအမြင်ဖွင့်ပေးတဲ့ လုပ်ဆောင်မှုတွေကို ကျမတို့အတူတူတွဲပြီးတော့ လုပ်ဆောင်သွားရမှာ ဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။
အိမ်အကူူလုပ်ငန်းများသည် မြန်မာနိုင်ငံတွင်သာမက ကမ္ဘာပေါ်တွင်လည်း တန်ဖိုးနှိမ်ချခံရမှု၊ အများမမြင်ကွယ်ရာတွင် လုပ်ကိုင်နေရမှုများ ကြောင့် လူ့အခွင့်အရေး၊ အလုပ်သမားအခွင့်ရေးများစွာကို ချိုးဖောက်ခံနေရဆဲဖြစ်ပြီး ယင်းဖြစ်ရပ်များကို ရပ်တန့်သွားရန် ၂၀၁၁ ခုနှစ်တွင်မူ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ အဖွဲ့ (ILO) က အိမ်အကူလုပ်သားဆိုင်ရာ ပြဋ္ဌာန်းချက်ကို ပြဋ္ဌာန်းခဲ့သည်။