ဆင်စွယ်တွေကို DNA စစ်ဆေးရာမှ ထွက်ပေါ်လာခဲ့တဲ့ ရလဒ်အဖြစ် အာဖရိကရဲ့ အဓိက တရားမဝင်ကုန်သည် ကွင်းဆက်ကို ထုတ်ဖော်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။
သိပ္ပံပညာရှင်တွေဟာ နေရာအနှံ့က ရရှိတဲ့ဆင်စွယ်တွေကို စံထားပြီး သူတို့ရရှိထားတဲ့ အချက်အလက်တွေနဲ့ ပြန်လည် တွဲစပ်လိုက်တဲ့အခါမှာ အာဖရိကဆင်တွေရဲ့ DNA နဲ့ ကိုက်ညီနေတာ တွေ့ရှိခဲ့ကြပါတယ်။
လေ့လာမှုကို အရင်အပတ် ဗုဒ္ဓဟူးနေ့ထုတ် Science Advances မှာ Samuel Wasser ရဲ့ ဆောင်းပါးမှာ ဖော်ပြခဲ့တာပဲ ဖြစ်ပါတယ်။ Samuel ဟာ ဝါရှင်တန်တက္ကသိုလ် ခန္ဓာဗေဒဌာနရဲ့ ဒါရိုက်တာတယောက် ဖြစ်ပြီး သူနဲ့ သူ့အဖွဲ့ဟာ ကုန်တင် သင်္ဘောလိုင်းကြီးပေါင်း ၃၈ခုကို ၂၀၀၆ခုနှစ်ကနေ ၂၀၁၄ခုနှစ်အထိ စာရင်းပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။
ကုန်သွယ်မှုမလုပ်ခင်မှာ ဆင်စွယ်အစိတ်အပိုင်းတွေကို တပိုင်းတစစီဖြတ်တောက်ခဲ့ကြတာဖြစ်ပြီး Samuel တို့အဖွဲ့ ဆီမှာရှိတဲ့ အချက်အလက်တွေနဲ့ ကိုက်ညီမှုအချို့ရှိနေတာကို တွေ့ရှိခဲ့ကြရတာဖြစ်ပါတယ်။
ကိုက်ညီနေတဲ့ ကုန်တင်သင်္ဘောတွေကိုတော့ Kenya နိုင်ငံမှာရှိတဲ့ Mombasa ဆိပ်ကမ်းကနေမှတဆင့် Uganda နိုင်ငံကိုရောက်ရှိခဲ့တာဖြစ်ပြီး နှစ်နိုင်ငံလုံးဟာ အာဖရိကအရှေ့ပိုင်းမှာ တည်ရှိနေတာလည်း ဖြစ်ပါတယ်။
Malaysia နိုင်ငံကနေ ကုန်သွယ်မှုပြုလုပ်ခဲ့တဲ့ ဆင်စွယ်တွေကတော့ Togo နိုင်ငံမှာ တွေ့ရှိခဲ့ရတဲ့ ဆင်စွယ်တွေနဲ့ DNA ကိုက်ညီနေတာကို တွေ့ရှိခဲ့ရပါတယ်။
“အဓိက ကုန်သွယ်မှု ၃ ခုကို ကျနော်တို့ အထောက်အထားပြသနိုင်ခဲ့ပြီး အဲဒီကုန်သွယ်မှုတွေက ၂၀၁၁ခုနှစ် ၂၀၁၄ခုနှစ်အတွင်း ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်” လို့ Samuel နဲ့ သူ့အဖွဲ့က အင်တာဗျူး တခုမှာ အတည်ပြုပြောဆိုခဲ့ကြပါတယ်။
နောက်ပြီး “ကျနော်တို့ လုပ်ထုံးလုပ်နည်းတွေနဲ့ ကုန်သွယ်မှုတခုချင်းစီရဲ့ အရင်းအမြစ်တွေကို လိုက်လံဖော်ထုတ် နိုင်မှာဖြစ်ပြီး ရာဇဝတ်မှုတွေကို ဖော်ထုတ်နိုင်မှာဖြစ်တဲ့အပြင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းစဉ်တွေကို အရှိန်မြှင့်နိုင်ဖို့ရည်ရွယ်ပါတယ်” လို့ Samuel က ဆက်လက် ပြောဆိုခဲ့ပါတယ်။
နှစ်စဉ် ဆင်ပေါင်း ၃သောင်းကျော်ဟာ အာဖရိကမှာ သတ်ဖြတ်ခြင်းခံနေရပြီး အာဖရိက ၊ အာရှ တို့အပြင် အမေရိကန်နဲ့ အခြား ဥရောပဘက်ခြမ်းတွေမှာလည်း ဆင်စွယ်နဲ့ပြုလုပ်တဲ့ အဆင်တန်ဆာ ဈေးကွက်ကို တွေ့ရှိနေရတာဖြစ်တယ်လို့ NGO သတင်းတခုမှာလည်း ဖော်ပြထားတာ ဖြစ်ပါတယ်။
Ref: edition.cnn.com