မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မြိုင်သာယာရပ်ကွက်တွင် ယနေ့ နံနက် ၈ နာရီကျော်က ယာဉ်ထိန်းရဲ ဆိုင်ကယ်ကို ယာဉ်မောင်းတဦးက ကားဖြင့် တိုက်၊ သေနတ်ဖြင့် ပစ်ခတ်ရာမှ ယာဉ်ထိန်းရဲတပ်ကြပ်နှင့် အသက် ၁၈ နှစ် အ ရွယ် လူငယ်တဦး သေနတ်ထိမှန်ခဲ့ကြောင်း မော်လမြိုင် ခရိုင်ရဲတပ်ဖွဲ့ မှူး ဒုရဲမှူးကြီး သိန်းထွန်းဦးက အတည်ပြု ပြောကြားသည်။
ဖြစ်စဉ်ကြောင့် ယာဉ်ထိန်း ရဲတပ်ကြပ် မျိုးဇော်ဦး၏ ဝဲဘက်ပါး သေနတ်ကျည် ရှပ်ထိဒဏ်ရာ ရရှိခဲ့သည့်အပြင် တက္ကသိုလ်ဘက်မှ မြိုင်သာယာဘက်သို့ သမိန်ဗရမ်းလမ်းအတိုင်း ဆိုင်ကယ်မောင်းလာသော အရပ်သား ဖြစ်သူ ကိုအေးမင်းခန့်၏ ယာဘက်လက်ခုံကို သေနတ်ကျည် ရှပ်၍ ထိမှန်ခဲ့သဖြင့် လက်ရှိတွင် ဆေးကုသမှု ခံယူနေကြောင်း သိရသည်။
ဘိုဘိုဝင်း လူမှုကယ်ဆယ်ရေးအဖွဲ့မှ ကိုဘိုဘိုဝင်းက “အခင်းဖြစ်တဲ့နေရာကို ကျနော်တို့ ရောက်ရှိတဲ့အခါမှာ ယာဉ်တိုက်ထားတဲ့ပုံတွေ့တယ်၊ လူနာတွေ လိုက်ရှာတဲ့ အခါမှာ ဒီကနေ ကိုက် ၂၀၀ လောက်ဝေးတဲ့ ရေဆေး ခုံမှာ ယာဉ်ထိန်းကို တွေ့တယ်ပေါ့၊ ယာဉ်ထိန်းကတော့ မျက်နှာမှာ ဒဏ်ရာတွေရထားတယ်၊ ကျည်ဆံဟာ မျက်နှာမှာ ဝင်ထားတဲ့ပုံစံမျိုးတွေ့ရတယ်၊ အရပ်သား နောက်တယောက်ကတော့ လက်ထုတ်ချင်း ပေါက်သွားတယ်”ဟု ရှင်းပြသည်။
ဖြစ်စဉ်မှာ အမှတ် ၇၇ ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ ယာဉ်ထိန်းရဲတပ်ကြပ် မျိုးဇော်ဦးနဲ့ ဒုတပ်ကြပ် သက်ကိုဦးသည် ယနေ့ နံနက် ၈ နာရီတွင် ဒေါင်းဇရပ်မီးပွိုင့်လမ်းဆုံတွင် တာဝန်ထမ်းဆောင်နေစဉ် မုံဒုံဘက်မှ မော်လမြိုင်ဘက် သို့ မောင်းနှင်လာသည့် YGN 3K/3889 နံပါတ်ပါ မော်တော်ယာဉ်ကို စစ်ဆေးရန် တားခဲ့သော်လည်း ယာဉ်မှာ မောင်းပြေးခဲ့ကြောင်း သိရသည်။
ထို့ကြောင့် အဆိုပါယာဉ်နောက်သို့ ဆိုင်ကယ်ဖြင့် လိုက်လံဖမ်းဆီးရာမှ မြိုင်သာယာရပ်ကွက်၊ ဦးစစ်မောင် လမ်းနှင့် သမိန်ဗရမ်း လမ်းဆုံသို့ အရောက်တွင် ယာဉ်ထိန်းရဲနှစ်ဦးက ၎င်းတို့စီးလာသော ဆိုင်ကယ်ကို ၎င်းမော်တော်ယာဉ်အရှေ့မှ ပိတ်ရပ်ဖမ်းဆီးစဉ် ဆိုင်ကယ်ကို ဝင်တိုက်ပြီး ယာဉ်မောင်းက သေနတ်ဖြင့် ပစ်ခဲ့ခြင်းဖြစ်သည်။
သေနတ်ဖြင့်ပစ်သူမှာ ထွက်ပြေးလွတ်မြောက်သွားပြီး ယာဉ်ပေါ်တွင် အသက် ၃၂ နှစ်အရွယ်ရှိ မအေးမွန် ဆိုသူ ကျန်ခဲ့ပြီး ၎င်းတို့ ၂ ဦး ဆက်စပ်မှုကို လတ်တလော မသိရှိရသေးပါ။
ရဲတပ်ဖွဲ့၏ စစ်ဆေးချက်အရ သေနတ်ဖြင့် ပစ်သူမှာ မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့ (MMFD) မှ ဒုဗိုလ် အဆင့်ရှိသူ နိုင်ပိုက်ထွေးဖြစ်ကြောင်းကို ထွက်ဆိုခဲ့ကြောင်း၊ ယာဉ်ပေါ်တွင်လည်း နိုင်ပိုက်ထွေး ကိုင် ဆောင်သော မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့၊ ကော့တုံ ဌာနချုပ် စည်းတံဆိပ်ပါရှိသော တပ်ဖွဲ့ဝင်ကဒ်တခုကို ရဲတပ်ဖွဲ့က သိမ်းဆည်းရမိခဲ့သည်။
အဆိုပါကဒ်တွင် နိုင်ပိုက်ထွေး၏ ကိုယ်ပိုင်အမှတ် ၀၀၄၂၊ ရာထူးမှာ ဒုဗိုလ်၊ တာဝန်မှာ ဒေသသတင်း စုဆောင်းရေးဟု ဖော်ပြထားသည့်အပြင် ယင်းကဒ်တွင်ပါရှိသော နိုင်ပိုက်ထွေး၏ ဓာတ်ပုံတွင် ၎င်းဝတ်ဆင် ထားသော ယူနီဖောင်းမှာ MMFD တပ်ဖွဲ့တံဆိပ်ပါသော ယူနီဖောင်းကို ဝတ်ဆင်ထားကြောင်း သိရသည်။
ဒုရဲမှူးကြီး သိန်းထွန်းဦးက “ဒီကဒ်နဲ့ပတ်သက်ပြီးတော့ အစစ် ဟုတ်၊ မဟုတ်လည်း စိစစ်သွားမှာပါ၊ မှန်ကန် တယ်ဆို မှန်ကန်တဲ့အတိုင်းပေါ့၊ မမှန်ကန်ဘူးဆို မမှန်ကန်တဲ့အတိုင်း ဆက်လက်ပြီး အရေးယူသွားမှာပါ”ဟု ရှင်းပြသည်။
မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့မှ ဗိုလ်မှူးကြီး နိုင်ရောင်ကမူ မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့၏ စာရင်းထဲတွင် နိုင်ပိုက်ထွေးမရှိကြောင်း၊ အဖွဲ့က ထုတ်ပေးထားသည့်ကတ်မဟုတ်ကြောင်း၊ ဖမ်းဆီးရမိပါက အယောင်ဆောင်မှုဖြင့် တရားစွဲမည်ဖြစ်ကြောင်း ပြောသည်။
“မြို့ထဲဝင်ရင် ကျနော်တို့ လူကြီးကအစ သေနတ်မကိုင်ဘူး၊ နဂိုကတည်းက သတ်မှတ်ပြီးသားပဲ၊ ဌာနချုပ်နား နယ်မြေနားမှာပဲ ကိုင်တယ်၊ ဒီလိုအတုအယောင်နဲ့ အဖွဲ့ရဲ့ နာမည်ကိုဖျက်နေတာဖြစ်တယ်၊ မိခဲ့ရင်လည်း အယောင်ဆောင်မှုနဲ့ တရားစွဲမယ်”ဟု ဗိုလ်မှူးကြီး နိုင်ရောင်က ဆိုသည်။
မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့ (MMFP) သည် ၂၀၁၀ ခုနှစ်၊ အောက်တိုဘာ ၂၆ ရက်နေ့က အလင်းဝင်ထား သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့လည်း ဖြစ်သည်။
လက်ရှိတွင် သေနတ်ဖြင့်ပစ်ခတ်သူ နိုင်ပိုက်ထွေးကို ပြည်သူ့ဝန်ထမ်းအား တာဝန်ဝတ္တရား ဆောင်ရွက်ခြင်းမှ ဟန့်တားရန် မိမိအလိုလျောက် အပြင်းအထန်နာကျင်စေမှု၊ လူသတ်မှုကျူးလွန်ရန်အားထုတ်ခြင်း၊ ဥပဒေနှင့် ဆန့်ကျင်သောအစုအဝေးတွင် သေစေလောက်သောလက်နက်ကို စွဲကိုင်ကာပါဝင်ခြင်း ပုဒ်မများဖြစ်သည့် ပုဒ်မ ၃၃၃/ ၃၀၇/ ၁၁၄ တို့ဖြင့် မြိုင်သာယာနယ်မြေရဲစခန်းတွင် အမှုဖွင့်ထားကာ ဖမ်းဆီးရမိရေး စုံစမ်းနေကြောင်းသိရသည်။