နေပြည်တော် ခုတင် ၁၀၀၀ အထွေထွေ ရောဂါကုဆေးရုံ၌ လူနာစောင့်များမှာ လမ်းဘေးနှင့် လျှောက်လမ်းများတွင် အိပ်စက်ခြင်း၊ အနားယူခြင်းတို့ ပြုလုပ်နေရသည့် အတွက် ယခုနှစ်အတွင်း နားနေဆောင် ဆောက်လုပ်သွားမည်ဟု ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မြင့်ထွေးက ပြောသည်။
နိုဝင်ဘာလ ၁၃ ရက်က နေပြည်တော် ခုတင် ၁၀၀၀ ပြည်သူ့ဆေးရုံတွင် ပြုလုပ်သည့် ဆီးချိုရောဂါ ပညာပေး ကုသ ဌာန နှင့် အထူးပြင်ပ လူနာဌာန (၂) အဆောင်ဖွင့်လှစ်ခြင်း အခမ်းအနားအပြီးတွင် မီဒီယာများကို ပြောဆိုသွားခြင်း ဖြစ်သည်။
ဒေါက်တာ မြင့်ထွေးက“လူနာစောင့်တွေက ဟိုမှာအိပ်၊ ဒီမှာအိပ်နေဆိုတော့ ကြည့်ရတာလည်း မကောင်းဘူးလေ။ ရန်ကုန် ဆေးရုံကြီးမှာဆိုလည်း သွားကြည့်၊ ကော်ရစ်ဒါတွေမှာ အိပ်နေကြတယ်။ ဒါတွေက မဖြစ်သင့်ဘူးပေါ့။ အဲဒါကို ကျနော်တို့ စီစဉ်နေပါတယ်”ဟု ပြောသည်။
နားနေဆောင်ကို သွပ်မိုး၊ သမံတလင်းခင်း၊ ခါးလည်ခန့်မြင့်သည့် ဘေးအကာတို့ဖြင့် Hall Type (ခန်းမ) ပုံစံမျိုးဖြင့် ဆောက်လုပ်သွားမည်ဖြစ်ပြီး အဆိုပါ နားနေခန်းတွင် ကျန်းမာရေးနှင့် သက်ဆိုင်သည့် ပညာပေး ဇာတ်လမ်းများ ပြသ ထားမည်ဖြစ်ကာ ဆရာဝန်များက ကျန်းမာရေး အသိဆိုင်ရာ ပညာပေး ဟောပြောပွဲများလည်း ပြုလုပ်သွားမည်ဟု သိရ သည်။
ခုတင် ၁၀၀၀ ဆေးရုံအုပ်ကြီး ဒေါက်တာပပ က“လောလောဆယ် တခုပဲဆောက်ဦးမယ်။ ဆောက်ပြီးမှ ရရှိတဲ့ အားနည်းချက်၊ အားသာချက်တွေအပေါ်မှာ မူတည်ပြီးတော့ အားသာချက်တွေ များတယ် ဆိုရင်တော့ ဆက်ပြီး ဆောက်မှာ ဖြစ်ပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။
နေပြည်တော် ခုတင် ၁၀၀၀ ဆေးရုံကြီးကို နေပြည်တော် စတင် တည်ဆောက်စဉ် ၂၀၀၈ ခုနှစ်တည်းက တည်ဆောက် ထားခြင်းဖြစ်ပြီး ဌာနခွဲပေါင်း ၂၃ ခုဖြင့် လည်ပတ်လျက် ရှိကြောင်း၊ ဆေးရုံဝန်း အတွင်း လူနာနှင့် လူနာစောင့်များ အတွက် တည်းခိုဆောင်များ ဆောက်လုပ် ထားကြောင်းလည်း သိရသည်။
မကွေးတိုင်းမှ လာရောက်ကာ တည်းခိုရိပ်သာဆောင်တွင် ကင်ဆာဆေးသွင်း ကုသနေရသူ ဒေါ်ဖွားမေက“ဒီမြို့မှာ အသိ လည်း မရှိ၊ အမျိုးလည်း မရှိတော့ ဒီတည်းခိုဆောင်မှာ ညအိပ်ပြီး ဆေးသွင်းရတာ။ လူနာတွေရော၊ လူနာစောင့် တွေရော တအားပဲ။ တချို့တွေက သူတို့ယူထားပြီးသား နေရာကို မပေးချင်ဘူး။ ဦးထားကြတာ။ တခါတလေဆို သစ်ပင် အောက်မှာ ဖျာခင်းပြီး အိပ်ရတာတောင်ရှိတယ်”ဟု ပြောပြသည်။
လက်ရှိတွင် နေပြည်တော် ခုတင် ၁၀၀၀ ပြည်သူ့ဆေးရုံတွင် အနယ်နယ် အရပ်အရပ်မှ ဆေးကုသ ခံယူလာသူ ပျမ်းမျှ ၈၀၀ ခန့်ရှိသည်ဟု ဆေးရုံအုပ်ချုပ်ရေး တာဝန်ရှိသူများထံမှ သိရသည်။
ဝန်ကြီး ဒေါက်တာ မြင့်ထွေးက“ဒီလိုမျိုးတွေ မဖြစ်စေချင်ဘူး။ ကိုယ်သာ သူ့နေရာမှာဆိုရင် စိတ်နဲ့ စဉ်းစားကြည့်တယ်။ ကျနော်သာ အဲဒီလိုမျိုး ကိုယ့်လူနာ ဆေးရုံတက်ပြီး လူနာစောင့်က ဒီလို ကြမ်းပြင်မှာ အိပ်နေတာဆိုရင် မကောင်းဘူး လေ”ဟု ပြောဆိုသည်။
ခုတင် ၁၀၀၀ ဆေးရုံကို မြေအကျယ် ၄၄ ဧကပေါ်တွင် တည်ဆောက်ထားခြင်း ဖြစ်ပြီး ဆေးဝယ်ယူရ အခက်အခဲ မဖြစ် စေရန်အတွက် ဈေးနှုန်း သက်သာသည့် ဆေးဆိုင်များကို ဆေးရုံအတွင်း ဖွင့်လှစ်သွားရန်လည်း ပြင်ဆင်ထား သည် ဟု သိရသည်။
နှလုံးရောဂါဖြင့် ဆေးကုသမှု ခံယူနေသည့် လယ်ဝေးမြို့မှ ဒေါ်လွင်မာဦး ကလည်း“ဆေးလိုတယ်၊ ဆေးလိုတယ် ပြော ရင် သပြေကုန်းထဲ ပြေးရတာ။ ကယ်ရီခက တထောင် ပေးရတယ်။ လူနာစောင့်က ကိုယ်တယောက်တည်း ဆိုတော့ နောက်ပိုင်းလည်း စိတ်မချ အတော်လေး အဆင်မပြေဘူး”ဟု ပြောဆိုသည်။