မန္တလေးတိုင်း၊ မိုးကုတ်မြို့၊ ရွှေတောင်ဦး တောင်ပေါ်ရှိ အေးစေတီဘုန်းကြီးကျောင်းအတွင်း သီတင်း သုံးသည့် သံဃာတော် တပါးနှင့် ကပ္ပိယတဦးတို့ နိုဝင်ဘာလ ၂၅ ရက်က အသတ်ခံခဲ့ရကြောင်း မိုးကုတ်မြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။
အခင်းဖြစ်ပွားရာ ဘုန်းကြီးကျောင်းမှာ မိုးကုတ်မြို့၊ ရှောလီဝိုင်းကျေးရွာအုပ်စု၊ ကိစ္စကုတ်အပိုင်တွင် တည်ရှိပြီး အသတ် ခံရသည့် သံဃာတော်မှာ ဦးပညာစက္က (သက်တော် ၆၇ နှစ်) နှင့် ကပ္ပိယဖြစ်သူ ရှမ်းချော (ခ) ဦးသားချစ် (အသက် ၄၃ နှစ်) တို့ ဖြစ်သည်။
“အသတ်ခံရတယ်ဆိုတာ မှန်ပါတယ်။ ကျုးလွန်သူက ၂ယောက်လို့ သိရတယ်၊ ဘာကြောင့်ဆိုတာတော့ အသေးစိတ် မပြောနိုင်သေးပါဘူး၊ စခန်းမှူးကိုယ်တိုင် သွားရောက် စစ်ဆေးခဲ့တာပါ။ တရားခံတွေကို တော့ ဖမ်းဆီးရမိခြင်း မရှိသေး ပါဘူး၊ သဲလွန်စတွေ၊ သက်သေခံပစ္စည်းတွေ ရှာဖွေပြီး တရားခံတွေကို အမြန်ဆုံးဖမ်းမိအောင် ဆောင်ရွက် နေပါတယ်” ဟု မိုးကုတ် မြို့နယ်ရဲတပ်ဖွဲ့မှ အမည်မဖော်လိုသူ တာဝန်ကျရဲအရာရှိက ပြောသည်။
ရှောလီဝိုင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်ကလည်း “ဒီနေ့ မနက် ၉ နာရီကျော်၊ ၁၀ နာရီ လောက်မှ သိခဲ့တာပါ။ ကပ္ပိယ ပြန်မလာလို့ ကျောင်းကို လိုက်သွားမှ သိရတာပါ။ ဖြစ်တာက မနေ့ည က ဖြစ်တာ။ ဒီနေ့ နေ့လယ်မှ သိတာပါ။ အေးစေတီ ကျောင်းထိုင်တော့ မဟုတ်ဘူး ခန်းနေ ဦးဇင်းပါ။ ကပ္ပိယက ကျောင်းထိုင်မရှိလို့ အစောင့် သွားနေပေး တဲ့သူပါ” ဟု ဆိုသည်။
ဖြစ်စဉ်မှာ ကပ္ပိယလုပ်သူ၏ ဇနီးဖြစ်သူမှာ နိုဝင်ဘာလ ၂၆ ရက် နံနက်ပိုင်းတွင် အိမ်သို့ ပြန်မလာ သည့်အတွက် ကျောင်းတိုက်သို့ လိုက်သွားစဉ် အခန်းအတွင်း သံဃာတော်မှာ ဒဏ်ရာများဖြင့် သေဆုံး နေသည်ကို တွေ့ရှိခဲ့ခြင်း ဖြစ်ကာ ကပ္ပိယအား လိုက်လံရှာဖွေရာ ကျောင်းပရဝုဏ်အတွင်းရှိ ခြုံပုတ် တခုတွင် သေဆုံးလျက် တွေ့ရှိခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
အသတ်ခံရသည့် သံဃတော်မှာ ဦးခေါင်းတွင် တုတ်ဖြင့် ရိုက်နှက်ခံထားရသည်ဟု ယူဆရသည့် ဒဏ်ရာများဖြင့် သေဆုံး နေခြင်း ဖြစ်ပြီး ကပ္ပိယမှာ ကျောကုန်းတွင် ဓားဒဏ်ရာဟု ယူဆရသည့် ဒဏ်ရာ ၃ ချက်နှင့် ဦးခေါင်း ဒဏ်ရာ ၁ ချက်တို့ဖြင့် သေဆုံးနေခြင်း ဖြစ်သည်ဟု ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
“ဖြစ်စဉ် စသိတာက ကပ္ပိယရဲ့မိန်းမက မနက် ကလေးကျောင်းပို့ဖို့ ပြန်မလာသေးတာကြောင့် ကျောင်းကို လိုက်သွားတဲ့ အချိန်မှာ ကျောင်းအတွင်းထဲမှာ ဦးဇင်းသေနေတာကို တွေ့ခဲ့တာကြောင့် ကျနော်တို့ကို ဖုန်းလှမ်းဆက်တယ်။ ရဲစခန်းနဲ့ အသင်းကားကို အကြောင်းကြားပြီး ကျနော်တို့ လိုက်သွာတော့ ဦးဇင်းရဲ့ခေါင်းမှာ ဒဏ်ရာတွေနဲ့ သေဆုံးနေတာကို တွေ့ရ တယ်” ဟု လိုက်ပါ ကူညီဆောင်ရွက်ပေးခဲ့သည့် အမည်မဖော်လိုသူ ကိစ္စကုတ်အပိုင်မှ ရာအိမ်မှူးတဦးက ပြောသည်။
၎င်းက ဆက်လက်ပြီး ခရီးထွက်သွားသည့် အေးစေတီကျောင်းတိုက် ကျောင်းထိုင်ဆရာတော်၏ အသက် ၉၀ နှစ်ရှိပြီ ဖြစ်သည့် မိခင်ဖြစ်သူကိုမူ ကျောင်းတိုက်အတွင်း ကြိုးဖြင့် တုပ်နှောင်ထားခဲ့ပြီး ၎င်း၏ ထွက်ဆိုချက်အရ တရားခံမှာ နှစ်ဦး ဖြစ်ကြောင်းနှင့် တောင်းပန်ခဲ့သည့်အတွက် အသက်မခံရဘဲ အသက်ရှင် ကျန်ရစ်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
ရွှေတောင်ဦး တောင်ပေါ်ရှိ အေးစေတီကျောင်းမှာ လူနေရပ်ကွက်များဖြင့် အလှမ်းဝေးကာ ယင်း ကျောင်းအနီးတွင် မူးယစ်ဆေးဝါး သုံးစွဲသူများ သွားလာလှုပ်ရှားတတ်ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
မိုးကုတ်မြို့ဒေသခံ တဦးက “လွန်ခဲ့တဲ့ ၃၊ ၄ ရက်လောက်က ကထိန်ခင်းထားတာရယ်ဆိုတော့ မူးယစ် ဆေး သမားတွေ ကများ လုပ်သွားသလားလို့တော့ ထင်မြင်မိပါတယ်။ ကျနော်တို့ မိုးကုတ်မြို့မှာ လုတာလောက်ပဲ ကြားဖူးတာပါ။ အခုလို လူပါ သတ်သွားတယ်ဆိုတော့ နည်းနည်းတော့ ထူးဆန်းနေ ပါတယ်၊ လက်ရှိအခြေအနေအရတော့ မိုးကုတ်မြို့ရဲ့ လုံခြုံရေးအပိုင်းက စိုးရိမ်ရတဲ့ အခြေအနေမျိုး ဖြစ်သွားတာပေါ့” ဟု ဆိုသည်။
နိုဝင်ဘာလ ၂၇ ရက် နံနက်ပိုင်း ဧရာဝတီ၏ ထပ်မံစုံစမ်းချက်အရ တရားခံများအား ဖမ်းဆီးနိုင်ရေးအတွက် ဆက်လက် ဆောင်ရွက်နေဆဲ ဖြစ်ကြောင်း မိုးကုတ်မြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။