စစ်ကိုင်းမြို့နယ် အတွင်းရှိ ရှေးဟောင်း ကြက်ထောင့် ကန်တော်ကြီးကို ခရီးသွားများ လေ့လာနိုင်ရန် ရှေးမူမပျက် ထိန်း သိမ်း ပြုပြင်ခြင်း လုပ်ငန်းများ လုပ်ဆောင်နေကြောင်း စစ်ကိုင်းတိုင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက် ဦးစီး ဌာနက သိရသည်။
မင်းကွန်းရှိ အထင်ကရ နေရာတခုတွင် ပါဝင်သည့် ရှေးဟောင်း သမိုင်းဝင် ကြက်ထောင့် ကန်တော်ကြီးကို ဘိုးတော် ဘုရား က မြန်မာ သက္ကရာဇ် ၁၁၇၉ခုနှစ် (ခရစ်နှစ် ၁၈၁၇) တွင် တူးဖော်ခဲ့ပြီး ကန်တော်ကြီးမှာ ပတ်လည် ၂ ဆင့်ပါ ကန် အမျိုးအစား ဖြစ်ကာ ရေ အဝင်အထွက်ပေါက် များလည်း ပါရှိသည်။
တိုင်းအစိုးရ အနေနှင့် ခရီးသွား ကဏ္ဍကို ဖွံ့ဖြိုး တိုးတက်အောင် ဦးစားပေး ဆောင်ရွက်လျက် ရှိရာ ရှေးဟောင်းနေရာများ အဆောက်အအုံများ ဖွံဖြိုး တိုးတက်ရေး အတွက် ယခု အစီအစဉ်ကို လုပ်ဆောင်ပေးခြင်းဟု စစ်ကိုင်းတိုင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက် ဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးတင်မောင်ထွေး က ပြောသည်။
“မနှစ်ကတော့ တိုင်း အစီအစဉ်နဲ့ ကန်ရဲ့ ကြမ်းခင်းတွေကို နဂိုမူလ ရှေးမူမပျက် ပြင်ဆင်ခဲ့တယ်။ ရသလောက် ဘတ်ဂျက် နဲ့ လုပ်ပေးခဲ့ရတာ ဖြစ်တဲ့ အတွက် အကုန်လုံးတော့ လုပ်မပေးနိုင်ခဲ့ပါဘူး။ အဓိက ကတော့ ကြက်ထောင့်ကန်ကြီးကို ရှေးမူ မပျက် ထိန်းသိမ်းရေး လုပ်ငန်းတွေ လုပ်ဆောင်နေပါတယ်။ ဌာန အနေနဲ့တော့ တနှစ်ကို ၃ ကြိမ် လောက်ပဲ လုပ်ပေးနိုင်ပါ တယ်”ဟု ၎င်းက ပြောသည်။
အဆိုပါ လုပ်ငန်းများကို ၂၀၁၈-၂၀၁၉ မီနီ ဘတ်ဂျက် ကာလ အတွင်း တိုင်းအစိုးရ အဖွဲ့၏ ခွင့်ပြု ရန်ပုံငွေ ကျပ်သိန်း ၁ ရာ ကျော်ဖြင့် လုပ်ဆောင်ခြင်း ဖြစ်ကာ ရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက် ဦးစီးဌာနက ကြက်ထောင့် ကန်တော် အတွင်းအပြင် သာယာ လှပစေရန် အတွက် ချုံနွယ်များ ရှင်းလင်းပြီး ဒုတိယ အဆင့် ပတ်လမ်းတွင် ထုံးကျောက်သဲများ လောင်းခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စစ်ကိုင်းမြို့နယ် စည်ပင်သာယာရေး ကော်မတီက ကန်တော်ကြီးကို လွယ်လင့်တကူ ပတ်ပတ်လည် လေ့လာနိုင်ရန် အတွက် ကန်ပတ်လမ်းများ ပြုလုပ်ပေးခဲ့သည်ဟု ဆိုသည်။
ဦးတင်မောင်ထွေးက“ကြက်ထောင့်ကန်နဲ့ ပတ်သက်ပြီးတော့ ထိန်းသိမ်းရေး လုပ်ငန်းတွေ လုပ်တဲ့အခါမှာ အပင်ကြီးတွေ ကို ဓာတုဗေဒ ပေါင်းသတ်ဆေးတွေနဲ့ ရှင်းလင်းခဲ့ပြီးတော့ လုပ်ဆောင်ခဲ့တယ်။ အပင်တွေ ဆိုတာကလည်း အမြဲတမ်း ပေါက်နေတာမျိုး ဆိုတော့ ကျနော်တို့ အနေနဲ့ကတော့ ပေါင်းသတ်ဆေးတွေနဲ့ ရှင်းလင်းပေးတယ်။ လိုအပ်တဲ့ သန့်ရှင်း ရေးတွေကိုလည်း လုပ်ပေးနေပါတယ်”ဟု ပြောသည်။
ရှေးဟောင်း ကြက်ထောင့် ကန်တော်ကြီးသည် စစ်ကိုင်းမြို့မှ မင်းကွန်း ယဉ်ကျေးမှု ဒေသသို့ သွားရာ လမ်းခုလတ် ကြက် ထောင့် ကျေးရွာ အတွင်း တည်ရှိပြီး ကန်ပတ်လမ်းများ ဖောက်လုပ်ခြင်းကို စစ်ကိုင်းမြို့နယ် စည်ပင်သာယာရေး ကော် မတီက ဆောင်ရွက်ပေးကြောင်း သိရသည်။
စစ်ကိုင်း စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ ဦးဝင်းနိုင်က“ကြက်ထောင့်ကန်ရဲ့အတွင်းပိုင်းကို ရှေးဟောင်းကနေ ပြုပြင် တာပါ။ ရှေးဟောင်းကနေ ကန်အတွင်းပိုင်းမှာ ရှိနေတဲ့ ချုံနွယ်တွေနဲ့ အပင်တွေကို သန့်ရှင်းရေး လုပ်တာပေါ့။ စည်ပင်က ကန်ရဲ့ပတ်လမ်းကို ဂျင်းကျောက်သားလမ်း အဖြစ် ပြုလုပ်ပေးရတာပါ။ ပြီးခဲ့တဲ့ ဘတ်ဂျက်ထဲမှာ အပြီးလုပ်ခဲ့တာပါ။ ကန် ထိန်းသိမ်းမှုနဲ့ ပြုပြင်မှု အပိုင်းတွေကိုတော့ ရှေးဟောင်းကနေ ဆက်လုပ်နေဆဲပါပဲ”ဟု ပြောသည်။
ကြက်ထောင့်ကန်နှင့် အတူ မင်းကွန်း ဒေသကိုပါ တိုင်းဒေသကြီး၏ ရန်ပုံငွေဖြင့် ထိန်းသိမ်းရေးလုပ်ငန်းများ လုပ်ဆောင် ပေးခဲ့သလို တိုင်းရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက် ဦးစီးဌာန အနေဖြင့် ရှိသည့် ဝန်ထမ်း အင်အားများ ဖြင့် နှစ်စဉ်အလိုက် ရရှိသည့် ဘတ်ဂျက်ကို အသုံးပြု၍ ထိန်းသိမ်းပြုပြင်မှု လုပ်ငန်းများကို လုပ်ဆောင်ပေးလျက် ရှိကြောင်း သိ ရသည်။
“ကြက်ထောင့်ကန်ကြီးက ၂၀၁၇ မှာ နှစ်၂၀၀ ပြည့်ခဲ့ပြီ ဆိုတော့ ရှေးဟောင်း အမွေအနှစ် သမိုင်းဝင်ကန်ကြီးပါ။ မင်းကွန်း ဒေသနဲ့ ကြက်ထောင့်ကန်က ခရီးသွားလုပ်ငန်း အတွက် လည်ပတ်ရမယ့် နေရာတခု အဖြစ် ပါဝင်လာတော့ အရင်ကထက် ပိုပြီး ထိန်းသိမ်းပြုပြင်မှု လုပ်ငန်းတွေကို လုပ်ဆောင်ပေးနေပါတယ်”ဟု ဦးဝင်းနိုင်က ပြောသည်။
ယခုအခါ ကြက်ထောင့် ကန်တော်ကြီး ပတ်လည်တွင် ပြည်တွင်းပြည်ပ ခရီးသွားများ လွယ်လင့်တကူ လေ့လာနိုင်ရန် အတွက် အကျယ် ၅ ပေ၊ အရှည် ၁၅၈ ပေရှိ ဂျင်းကျောက် မြေသားလမ်းကို ခင်းပေးထားကြောင်း သိရသည်။