နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ညွှန်ကြားချက်ဖြင့် ဟုဆိုကာ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင် က ပြည်နယ်ဝန်ကြီး ၃ ဦးကို နုတ်ထွက်စာ တင်ခိုင်းခဲ့သည်ဟု သိရသည်။
အဆိုပါ ဝန်ကြီး ၃ ဦးမှာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ဝန်ကြီး ဦးHလအောင်၊ လူမှုရေးဝန်ကြီးဌာနမှ ဝန်ကြီး ဒေါက်တာ သင်းလွင်၊ စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဝန်ကြီး ဦးမြသိန်းတို့ ဖြစ်သည်။
ဝန်ကြီး ဦးမြသိန်းက ဇန်နဝါရီလ ၁၈ ရက်တွင် ဒေါက်တာ ခက်အောင်က ၎င်းကို ရုံးခန်းတွင်း ခေါ်ကာ နိုင်ငံတော် အတိုင်ပင်ခံ ညွှန်ကြားသဖြင့် ဝန်ကြီး ၃ ဦးနှုတ်ထွက်စာ တင်ပေးရမည်ဟု ပြောဆိုခြင်း ဖြစ်သည်ဟု ဆိုသည်။
ဦးမြသိန်း က “ကချင်ပြည်နယ် ဝန်ကြီးချုပ်က ကျနော့်ကို တွန်းအားပေးတယ်။ ဝန်ကြီးကလည်း ဒီနေ့ရှိနေတာ ဆိုတော့ အတိုင်ပင်ခံ ပုဂ္ဂိုလ်ကလည်း မြန်မြန်ဆန်ဆန် တောင်းနေတာ ဆိုတော့ ဒီကနေ့ပဲ ရေးပေးရင် ကောင်းမယ်ဆိုပြီး ပြောတယ်” ဟု ဆိုသည်။
ထို့ကြောင့် ဦးမြသိန်းက အပြစ်တစုံတရာမရှိပဲ မည်သည့် အကြောင်းပြချက်ဖြင့် နှုတ်ထွက်စာ ရေးပေးရမည်လဲဟု မေးရာ ဒေါက်တာ ခက်အောင်က ကျန်းမာရေး အကြောင်းပြချက်ဖြင့် ရေးပေးရန် ပြောသဖြင့် ဇန်နဝါရီလ ၁၈ ရက်က နှုတ်ထွက်စာ ရေးတင်ခဲ့သည်ဟု သိရသည်။
ဦးHလအောင်က ၎င်းကိုယ်တိုင် အပြစ်တစုံတရာ မလုပ်ထားဘဲ အလုပ်ကြိုးစားနေသူ ဖြစ်သဖြင့် နှုတ်ထွက်စာ တင်ခိုင်းသည့် အပေါ်တွင် တစုံတရာ မှတ်ချက် မပေးလိုသေးကြောင်း ဧရာဝတီကို ပြောသည်။
ဒေါက်တာ သင်းလွင်က နှုတ်ထွက်စာတင်ရမည်ဟူသည့် သတင်းများ ကြားနေသော်လည်း ၎င်းကို ကချင်ပြည်နယ် ဝန်ကြီးချုပ်မှ တိုက်ရိုက် အကြောင်းမကြားလာသေးဟု ပြောသည်။
ဒေါက်တာ သင်းလွင် က “စိုက်မွေးဝန်ကြီး ကိုတော့ တွေ့ပြီးပြီပေါ့။ ကျနော့်ကိုတော့ အကြောင်းမကြားသေးဘူး။ တခုရှိတာက ကျနော်က နေပြည်တော် အစည်းအဝေးကနေ တနေ့ကမှ ပြန်လာတာ” ဟု ဆိုသည်။
နုတ်ထွက်စာ တင်ရန် ပြောဆိုခံရသည့် ပြည်နယ်ဝန်ကြီး ၃ ဦးမှာ အလုပ်မလုပ်ခြင်းကြောင့် ထွက်စာ တင်ခိုင်းသည်ဟူသည့် ကောလဟာလများလည်း ထွက်နေသည်။
ဒေါက်တာ သင်းလွင် က ၎င်း ဦးစီးလုပ်ကိုင်နေရသည့် ဌာနမှာ ၁၉ ခုရှိပြီး ဌာနခွဲများပါ ပေါင်းပါက ၅၀ ခန့်ရှိကြောင်း၊ အလုပ် လုပ်လွန်းသဖြင့် မှားသွားသည်လားဟု ဆိုသည်။
၎င်းတို့ကို မနှစ်သက်သူများက တိုင်ကြားထားခြင်းလည်း ဖြစ်နိုင်ပြီး လူမှုရေးဝန်ကြီးအဖြစ် တာဝန်ယူထားသည့် သက်တမ်း တလျှောက်တွင် တိုင်ကြားခံရခြင်းနှင့် စစ်ဆေးခံရခြင်း တကြိမ်မှ မရှိဖူးကြောင်း၊ ငွေကြေးလည်း မကိုင်ရသဖြင့် ငွေကြေးအရှုပ်အရှင်းလည်း မရှိပါဟု ဒေါက်တာ သင်းလွင်က ဆိုသည်။
ဆက်လက်၍ ဒေါက်တာသင်းလွင်က “ကျနော် ဘာမှ လုပ်စရာ မရှိပါဘူး။ နိုင်ငံတော်အတိုင်ပင်ခံဆီက ဆိုရင်တော့ ကျနော်တို့ သဘောတူရတော့မှာပေါ့” ဟု ပြောသည်။
နုတ်ထွက်စာတင်ထားပြီး ဖြစ်သည့် ဦးမြသိန်းက အမှားတစုံတရာ လုပ်ထားခြင်းမရှိဘဲ နုတ်ထွက်စာ တင်ခိုင်းသည့် ဖြစ်ရပ်ကို လက်မခံနိုင်သဖြင့် ကချင်ပြည်နယ်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ ဗဟိုအလုပ်အမှုဆောင် အတွင်း တိုင်ကြားစာ ပို့ထားပြီး နိုင်ငံတော်အတိုင်ပင်ခံ ထံမှလည်း စုံစမ်းမေးမြန်းမှုများ ပြုလုပ်သွားမည်ဟု ပြောသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၂၆၃ အရ အဂတိလိုက်စားမှု၊ နိုင်ငံတော်အပေါ် သစ္စာဖောက်ဖျက်မှုစသည့် စွပ်စွဲပြစ်တင်နိုင်မှုများ မရှိသဖြင့် ၎င်းတင်ခဲ့သည့် နှုတ်ထွက်စာမှာ တရားမဝင်ဘဲ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင်မှ လိမ်လည်ရယူခဲ့သည့် စာသာဖြစ်သည်ဟုလည်း ဦးမြသိန်းက ပြောသည်။