Samsung နဲ့ Huawei တို့ဟာ လွန်ခဲ့တဲ့လမှာ ကိုယ်ပိုင် ခေါက်ချိုးဖုန်းတွေကို ကိုယ်စီ မိတ်ဆက်ခဲ့ကြပါတယ်။ Samsung နဲ့ Huawei တို့ရဲ့ ခေါက်ချိုးဖုန်းတွေဟာ ဒီဇိုင်းမတူညီပေမယ့် တူညီတာ တခုတော့ ရှိပါတယ်။ ဈေးနှုန်းကြီးမြင့်တာပါ။ Samsung Galaxy Fold က ဒေါ်လာ ၁,၉၈၀ ရှိပြီး Huawei Mate X က ဒေါ်လာ ၂,၆၀၀ ရှိပါတယ်။ ဇိမ်ခံပစ္စည်းအနေနဲ့သာ ကိုင်နိုင်မယ့် ဖုန်းတွေပါ။ ဒါပေမယ့် မကြာခင်မှာတော့ ဈေးသက်သာတဲ့ ခေါက်ချိုးဖုန်းတလုံးကို ဈေးကွက်တွင်း မြင်တွေ့ရဖို့ ရှိပါတယ်။ Xiaomi က ထုတ်မယ့် ခေါက်ချိုးဖုန်းဖြစ်ကာ၊ ၉၉၉ ဒေါ်လာပဲ ကျသင့်မှာ ဖြစ်ပါတယ်။
Mi Fold နဲ့ Mi Flex ဆိုပြီး လောလောဆယ်နာမည် နှစ်မျိုးထွက်ထားတဲ့ Xiaomi ခေါက်ချိုးဖုန်းကို အမေရိကန်မှာ ၉၉၉ ဒေါ်လာ၊ ဥရောပမှာ ၉၉၉ ယူရိုနဲ့ အိန္ဒိယမှာ ၇၄,၉၉၉ ရူပီး ဈေးနှုန်းတွေနဲ့ ရောင်းချသွားမှာ ဖြစ်တယ်လို့ iGyann က သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။ လာမယ့် ဧပြီလနဲ့ ဇွန်လအတွင်း မိတ်ဆက် သွားမှာပါ။ တရုတ်နိုင်ငံမှာ စတင် မိတ်ဆက်ပြီးမှ အခြားကမ္ဘာ့ဈေးကွက်တွေမှာ ထပ်မံ မိတ်ဆက်သွားမယ်လို့ သိရပါတယ်။
Mi Fold/Flex ဟာ Galaxy Fold ရဲ့ ဈေး တဝက်လောက်သာ ရှိမယ့် အကြောင်းရင်းကတော့ Visionox Technology က ထုတ်ပေးထားတဲ့ OLED Display တွေကို အသုံးပြုမှာ ဖြစ်တာကြောင့်ပါ။ Galaxy Fold နဲ့ Mate X တို့မှာ သုံးထားတဲ့ OLED Display တွေကို မီနိုင်မလားဆိုတာကတော့ စောင့်ကြည့်ရမှာပါ။
ဒါ့အပြင် Xiaomi ရဲ့ Mi Fold ဖုန်းဟာ Galaxy Fold နဲ့ Mate X နည်းတူ Flagship ဖုန်းတလုံး ဖြစ်မှာပါ။ Snapdragon 855 SoC နဲ့ 10GB RAM တို့ ပါရှိမှာ ဖြစ်ပါတယ်။ ဇန်နဝါရီလတုန်းက ထွက်ပေါ်ခဲ့တဲ့ အောက်ဖော်ပြပါ ဗီဒီယိုမှာတော့ Mi Fold ဖုန်းကို အသုံးပြုနေတာ တွေ့မြင်နိုင်ပါတယ်။
Ref: GSM Arena