ဧရာဝတီတိုင်းဒေသကြီး ကျန်းမာ၊ ပညာဘက်စုံဖွံ့ဖြိုး တိုးတက်ရေးဖောင်ဒေးရှင်းထံမှ ပြန်လည်ရရှိခဲ့သည့် ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ ၃ ဘီလီယံ ကျော် (ကျပ်သိန်းပေါင်း ၃ သောင်းကျော်)ကို ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ မြို့နယ် ၂၆ မြို့နယ်သို့ ခွဲေ၀ ချထား ပေးသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
“ဖောင်ဒေးရှင်းဆီကနေ ပြန်ရတဲ့ငွေထဲက ၃၀ ရာခိုင်နှုန်းကို တိုင်းဒေသကြီးအစိုးရအဖွဲ့က စီမံတယ်။ ကျန် ၇၀ ရာခိုင်နှုန်းကို လွှတ်တော်ကိုယ်စားလှယ်များက စီမံတယ်။ အဲဒီတော့ ကျပ်ငွေ ၃ ဘီလီယံကျော်ကို ၂၆ မြို့နယ်ဆိုတော ၁ မြို့နယ်ကို ကျပ်သိန်း ၁၂၀၅ သိန်း ဖြစ်သွားတယ်။ အဲဒီငွေကို မဲဆန္ဒနယ်အလိုက် လွှတ်တော် ကိုယ်စားလှယ်တွေ ပေါင်းစပ် ညှိနှိုင်းပြီး ဒေသဖွံဖြိုးရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်”ဟု ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်၊ ပြည်သူ့ ငွေစာရင်း၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌဖြစ်သည့် ပုသိမ်မြို့နယ်၊ အမှတ် ၂ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သူထွေးက ဧရာဝတီ ကို ပြောသည်။
ယခင်အစိုးရ လက်ထက်က ဖွဲ့စည်းခဲ့သည့် ကျန်းမာ၊ ပညာဘက်စုံဖွံ့ဖြိုး တိုးတက်ရေးဖောင်ဒေးရှင်းသည် ဧရာဝတီတိုင်း ဒေသကြီး အစိုးရအဖွဲ့ထံသို့ ပြန်လည်ပေးသွင်းရမည့်ငွေမှာ ကျပ် ၅ ဒဿမ ၂ ဘီလီယံကျော် ဖြစ်သည်။ သို့သော် ကျပ်သိန်း ၇၅၀၀ ကျော်မှာ ဧရာဝတီတိုင်း အတွင်းရှိ ကျေးလက် မီးလင်းရေးလုပ်ငန်းများအတွက် ငွေကြေးစိုက်ထုတ် သုံးစွဲထားကြောင်း တွေ့ရှိရသည့်အတွက် ယင်းငွေများကို ပြည်ထောင်စုအစိုးရအဖွဲ့က ပြန်မတောင်းတော့ဘဲ ခွင့်ပြုပေးခဲ့သည်။
ထို့ကြောင့် ယင်းဖောင်ဒေးရှင်းက ကျေးလက်မီးလင်းရေးလုပ်ငန်းငွေ ဖယ်အပြီး ကျန်ရှိ ငွေကျပ် ၄ ဒဿမ ၄ ဘီလီယံကို ၂၀၁၉ ခုနှစ်၊ မတ်လ နောက်ဆုံးထားကာ ပြန်လည် ပေးသွင်းခဲ့သည်။
ယင်း ပြန်လည် ရရှိငွေ၏ ၃၀ ရာခိုင်နှုန်း ဖြစ်သော ကျပ်သိန်းပေါင်း ၁၃၀၀၀ ကျော်ကို ဧရာဝတီတိုင်းဒေသကြီး အစိုးရ အဖွဲ့က စည်ပင် သာယာရေးနှင့် သောက်သုံးရေ ရရှိရေး လုပ်ငန်းများအတွက် သုံးစွဲရန် လျာထားကြောင်း၊ ကျန်ရှိသည့် ၇၀ ရာခိုင်နှုန်း ငွေပမာဏဖြစ်သော ကျပ်သိန်းပေါင်း ၃၁၃၀၀ ကျော်ကို ခွဲဝေချထားရန် တိုင်းအစိုးရအဖွဲ့၏ ၂၀၁၉ – ၂၀၂၀ ဘဏ္ဍာနှစ် ဖြည့်စွက်ခွင့်ပြုငွေ စာရင်း လျာထားချက်တွင် ထည့်သွင်းရေးဆွဲ၍ မြို့နယ် ၂၆ မြို့နယ်အတွက် ချထားပေးခဲ့ရာ တမြို့နယ်လျှင် ငွေကျပ် ၁၂၀၅ သိန်း ခွဲေ၀ ချထားပေးရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။
ထိုကိစ္စကို ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ၂၀၁၉ – ၂၀၂၀ ဘဏ္ဍာနှစ် ဖြည့်စွက်ခွင့်ပြုငွေတွင် ထည့်သွင်းရေးဆွဲ၍ ဖေဖော်ဝါရီလ ၁၈ ရက်နေ့က ကျင်းပသည့် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်၊ ၂၁ ကြိမ်မြောက် ပုံမှန်အစည်းအဝေး တွင် တင်ပြခဲ့ရာ လွှတ်တော်က အတည်ပြုခဲ့သည့်အတွက် ပြည်ထောင်စုအစိုးရအဖွဲ့သို့ ဆက်တက်တင်ပြသွားမည် ဖြစ်ကြောင်း သိရသည်။
“ကျနော်တို့ ဒေသအတွက် ရရှိတဲ့ငွေတွေကိုတော့ လမ်းခင်းတဲ့နေရာမှာ ပြည်သူတွေ ငွေမထည့်ဝင်နိုင်တဲ့ ဆင်းရဲတဲ့ နေရာ တွေကို လမ်းခင်းပေးပါမယ်။ ရွာတချို့အတွက် ကျေးလက် မီးလင်းရေးလုပ်ငန်း ဆောင်ရွက်ပါမယ်။ အခုလို ပြည်သူ လူထု ငွေတွေကို ပြည်သူအတွက် ပြန်အသုံးချခွင့်ရလို့ အရမ်းဝမ်းသာမိပါတယ်”ဟု မော်လမြိုင်ကျွန်းမြို့နယ်၊ အမှတ် ၁ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝေယံထွန်းက ပြောသည်။
ဧရာဝတီတိုင်း ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည့် ဝန်ကြီးချုပ်ဟောင်း ဦးသိန်းအောင်၏ အစိုးရဟောင်း လက်ထက်တွင် ဧရာဝတီတိုင်းဒေသကြီး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းနာမည်ဖြင့် လုပ်ကိုင်ဆောင်ရွက်ခဲ့ပြီး လုပ်ငန်းရှင်များအား တိုင်းဒေသကြီးဖွံ့ဖြိုးရေးရန်ပုံငွေ ထည့်ဝင်စေခြင်း၊ အနုပညာ ဂီတဖျော်ဖြေပွဲများပြုလုပ်၍ ရန်ပုံငွေ ရှာဖွေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။
၂၀၁၅ ခုနှစ် နိုဝင်ဘာလတွင်ကျင်းပသည့် အထွေထွေရွေးကောက်ပွဲ၌ ကြံ့ခိုင်ရေးပါတီ အပြတ်အသတ် ရှုံးနိမ့်ပြီးနောက် ဝန်ကြီးချုပ် ဦးသိန်းအောင်၏ တိုင်းအစိုးရအဖွဲ့ ရာထူးမှဆင်းပေးကာနီးအချိန်တွင် အစိုးရ တာဝန်ယူစဉ်က လှုပ်ရှား ဆောင်ရွက်ခဲ့သည့် ဖောင်ဒေးရှင်းအား ဖျက်သိမ်း၍ ဧရာဝတီတိုင်းဒေသကြီး ကျန်းမာ၊ ပညာ ဘက်စုံဖွံ့ဖြိုး တိုးတက်ရေး ဖောင်ဒေးရှင်းအဖြစ် အသစ်ပြန်လည်ဖွဲ့စည်းကာ ယခင်ဖောင်ဒေးရှင်း အဟောင်းမှ ငွေများကို ဖောင်ဒေးရှင်းအသစ်ထံသို့ လှူဒါန်းပေးခဲ့ခြင်းဖြစ်သည်။
ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေများကိစ္စမှာ ဖျာပုံမြို့နယ် အမှတ် ၁ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ကိုဇေယျာမင်း သိန်းက ဒုတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် ပထမ ပုံမှန်အစည်းအဝေး၌ ကြယ်ပွင့်ပြမေးခွန်း အဖြစ် လွှတ်တော်တွင် မေးမြန်းရာမှ စတင်ခဲ့ခြင်းဖြစ်သည်။ လွှတ်တော်အတွင်း အဆိုပါ မေးမြန်းမှုနှင့် ပတ်သက်၍ ဝန်ကြီးချုပ် မန်းဂျော်နီ ဦးဆောင်သည့် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့က ၂၀၁၆ ခုနှစ်တွင် ဧရာဝတီ ကျန်းမာပညာ ဖောင်ဒေးရှင်း အပေါ် စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ထို့နောက် ဧရာဝတီတိုင်းအစိုးရအဖွဲ့၏ တင်ပြချက်အရ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေကိစ္စအား နိုင်ငံတော် သမ္မတဟောင်း ဦးထင်ကျော်၏ နိုင်ငံတော် သမ္မတရုံးက တိုက်ရိုက်ကိုင်တွယ်ဆောင်ရွက်ခဲ့ပြီး အဆိုပါငွေကြေးကိစ္စများနှင့်ပတ်သက်၍ ဧရာဝတီ ကျန်းမာပညာဖောင်ဒေးရှင်းအား စစ်ဆေးရန် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးအား တာဝန်ပေးအပ်ခဲ့ကြောင်း သိရသည်။
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးက ဖောင်ဒေးရှင်း၏ငွေကြေးကိစ္စများအား စစ်ဆေးပြီးနောက် အဆိုပါ ငွေကြေးများမှာ နိုင်ငံတော်ငွေများဖြစ်နေသည့်အတွက် ပြန်လည်တောင်းခံသင့်ကြောင်း နိုင်ငံတော် သမ္မတရုံးထံ အစီရင်ခံတင်ပြခဲ့ရာ သမ္မတရုံးက စာရင်းစစ်ချုပ်ရုံး၏ အကြံပြုချက်အတိုင်း ဒေသဖွံ့ဖြိုးရေး ရံပုံငွေများ ပြန်လည်တောင်းခံဆောင်ရွက်သွားရန် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ထံ ညွှန်ကြားခဲ့ခြင်း ဖြစ်သည်။
သမ္မတရုံးက စာရင်းစစ်ချုပ်ရုံး၏ အကြံပြုချက်အတိုင်း ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေများ ပြန်တောင်းရန် ဧရာဝတီတိုင်း အစိုးရအဖွဲ့ထံ ညွှန်ကြားခဲ့သည့်အတွက် ငွေကျပ် ၅ ဒဿမ ၂ ဘီလီယံကို ငွေသားသီးသန့် ပြန်လည်ပေးသွင်းရန် တိုင်းအစိုးရက တောင်းခံခဲ့ရာ ဖောင်ဒေးရှင်း အနေဖြင့် ဘဏ်အပ်ငွေများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ချေးထားသောငွေများ၊ ကုမ္ပဏီများနှင့် အကျိုးတူ လုပ်ကိုင်ထားသော ရရန်အကြွေးစာရင်းများကိုပါ ဧရာဝတီတိုင်း အစိုးရထံ လွဲှပေးမည်ဟု ပြောဆိုခဲ့ကြောင်း သိရသည်။
ဧရာဝတီတိုင်းအစိုးရက ငွေသားချည်းသာ ရလိုပြီး ဖောင်ဒေးရှင်းမှ ဘဏ်လက်ကျန်ငွေနှင့် အကြွေးစာရင်းများပါ
လွဲှပေးလိုသည့် အတွက် ဖောင်ဒေးရှင်းနှင့် တိုင်းအစိုးရကြား ညှိနှိုင်းမရ ဖြစ်နေပြီး ငွေလက်ခံရေးအတွက် လအနည်းငယ် ကြန့်ကြာခဲ့သည်။
ထို့ကြောင့် ဧရာဝတီတိုင်းအစိုးရက ဘဏ်အပ်ငွေများကို စောလျင်စွာ ပေးရန်၊ ကုမ္ပဏီများသို့ ချေးငွေကို ရက်ပေါင်း ၃၀ အတွင်း၊ ဒေသဖွံဖြိုးရေးလုပ်ငန်းအား ချေးထားသည့် ငွေများကို ရက်ပေါင်း ၆၀ အတွင်း ပြန်လည် ပေးသွင်း ရန်နှင့် ပျက်ကွက်ပါက ဥပဒေအတိုင်း အရေးယူမည်ဟု ဖောင်းဒေးရှင်းတာဝန်ရှိသူ များထံ အကြောင်းကြားခဲ့သည်။
တိုင်းအစိုးရအဖွဲ့က ထိုသို့ညွှန်ကြားခဲ့သည့်အတွက် ဖောင်ဒေးရှင်းအနေဖြင့် ကျပ်ငွေ ၃ ဒဿမ ၄၄၅ ဘီလီယံ ကို ဧရာဝတီတိုင်းအစိုးရအဖွဲ့၏ ဘဏ်စာရင်းထဲသို့ ပြန်လည်ပေးသွင်းခဲ့ပြီး လုပ်ငန်းရှင်များကို ချေးထားသည့် ငွေများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ၂၈ ခုတွင် အသုံးပြုထားသည့် ငွေကျပ် ၁ ဒဿမ ၇၉၁ ဘီလီယံကို သတ်မှတ်ချိန်ထက် ကျော်လွန်သည်အထိ ပြန်လည်ပေးသွင်းရန် ပျက်ကွက်ခဲ့သည်။
ထိုသို့ပျက်ကွက်နေသည့်အတွက် ကျန်ရှိငွေများအားလုံး ၂၀၁၉ ခုနှစ် မေလ ၃၁ ရက်နေ့တွင် အကုန်အစင် ပြန်ပေးရန်နှင့် မပေးသွင်းပါက တရားစွဲဆိုသွားမည်ဟု တိုင်းအစိုးရက ဖောင်ဒေးရှင်းထံ အကြောင်းကြားခဲ့သည့်နောက် သတ်မှတ်ရက် ၂၀၁၉ ခုနှစ်၊ မေလ ၃၁ ရက်နေ့တွင် ဖောင်ဒေးရှင်းက ကျေးလက်မီးလင်းရေး လုပ်ငန်းများအတွက် စိုက်ထုတ်သုံး စွဲထားသော ကျပ်သိန်းပေါင်း ၇၅၀၀ ကျော်မှလွဲ၍ ကျန်ငွေအားလုံးကို ဧရာဝတီတိုင်း အစိုးရထံ ပြန်လည်ပေးသွင်းခဲ့ခြင်း ဖြစ်သည်။
ဆက်စပ်လင့်
ဖွံ့ဖြိုးရေးရန်ပုံငွေ ပြန်ပေးမည်ဟု ဧရာဝတီတိုင်း ဖွံဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းပြော
ဒေသဖွံ့ဖြိုးရေးရန်ပုံငွေများ လှူလိုက်ကြောင်း ဧရာဝတီတိုင်း အစိုးရအဖွဲ့ဝင်ဟောင်း ထုတ်ဖော်ပြောဆို