အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) နာယက၊ ဗိုလ်ချုပ်ကြီးဟောင်း သူရဦးတင်ဦး (အသက် ၉၀ နှစ်)ဟာ မေလ ၁၇ ရက် ည ၁၁ နာရီကျော်မှာ သူ့ရဲ့နေအိမ်ရေချိုးခန်းထဲမှာ ချော်လဲကာ သတိလစ်နေမှု ကြောင့် ရန်ကုန်ဆေးရုံကြီး ဦးနှောက်နဲ့ အာရုံကြော အထူးကုသဌာနရဲ့ အထူးကြပ်မတ်ကုသဆောင်၌ တက်ရောက်ကုသနေရပါတယ်။
ယခုအခါ အခြေအနေကို အရေးပေါ်စောင့်ကြည့်နေရပြီး ၊ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဝင် ဒေါ်သန်း မြင့်အောင်နှင့် NLD ပါတီဝင်တွေလည်း ရောက်ရှိနေကြပါတယ်။
သူရဦးတင်ဦးမှာ ရေချိုးခန်းထဲ ချော်လဲကာ သတိလစ်နေမှုကြောင့် မိသားစုက ရွှေဂုံတိုင် SSC ဆေးရုံသို့ အရေးပေါ်ပို့ခဲ့ ရပြီးနောက် SSC ဆေးရုံမှ ရန်ကုန်ဆေးရုံကြီးသို့ လွှဲပြောင်း ကုသနေခြင်းဖြစ်ပါတယ်။
ဆေးရုံကြီးသို့ အခြေအနေကို သွားရောက်ကြည့်ရှု့ခဲ့တဲ့ ခေတ်ရနံ မဂ္ဂဇင်းအယ်ဒီတာ ဦးပြည်သွေးနိုင် က“သတိရှိနေတယ် ဆိုပေမယ့် အမြဲတမ်းတော့မဟုတ်ဘူး။ ဆရာဝန်တွေအပြောတော့ Semi Conscious အိပ်ပျော်လာလိုက် သတိပြန်လည် လာလိုက်ပေါ့။ စကားကတော့ အားယူပြီးပြောလိုက် ရင် တခွန်းစနှစ်ခွန်းစပြောနိုင်တယ်။ မျက်လုံးကတော့ တခါတရံမှ ဖွင့်တယ်။ လက်တို့ခြေထောက်တို့ လှုပ်နိုင်တယ်” လို့ ဧရာဝတီကို ပြောပါတယ်။